YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 32

32
ရွှေနွားသငယ်ရုပ်တု
1မောရှေ​သည် တောင်​ပေါ်မှ​မ​ဆင်းလာ​သေး​ဘဲ ကြန့်ကြာ​နေ​သည်​ကို လူ​တို့​သိ​သောအခါ အာရုန်​ထံသို့​စုရုံး​လာ​၍ “​ထ​ပါ​။ ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့ လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​”#ထွ 32:23၊ တ 7:40။​ဟု ဆို​ကြ​၏​။
2အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။ 3ထိုအခါ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ အာရုန်​ထံသို့​ယူလာ​ကြ​၏​။ 4အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။
5ထို​အမှု​ကို အာရုန်​တွေ့မြင်​သောအခါ နွားသငယ်ရုပ်တု​ရှေ့​၌ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။ ထို့နောက် အာရုန်​က “​မနက်ဖြန်​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ရှိ​၏​”​ဟု ကြေညာ​လေ​၏​။ 6နောက်တစ်နေ့​၌ လူ​တို့​သည် စောစောထ​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​၏​။ မိတ်သဟာယယဇ်​ကို​ဆက်ကပ်​ကြ​၏​။ ထို့နောက် ထိုင်​၍​စား​သောက်​ကြ​၏​။ ထ​၍​လည်း​ကခုန်ပျော်ပါး​ကြ​၏​။#၁ကော 10:7။
7ထာဝရဘုရား​က မောရှေ​အား “​ဆင်း​သွား​လော့​။ အီဂျစ်​ပြည်​မှ သင်​ထုတ်ဆောင်​ခဲ့​သော သင်​၏​လူ​တို့​သည် ဖောက်ပြန်​ကြ​လေ​ပြီ​။ 8သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ အလျင်အမြန်​လွဲသွား​ကြ​ပြီ​။ သူ​တို့​သည် မိမိ​တို့​အဖို့ နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ရှိခိုးကိုးကွယ်​ကြ​ပြီ​။ ထို​ရုပ်တု​အား ယဇ်ပူဇော်​၍ ‘​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟူ၍ ပြောဆို​ကြ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 9တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ခေါင်းမာ#32:9 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​သည်​ကို ငါ​မြင်​ပြီ​။ 10သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို အမျက်ထွက်​၍ ဖျက်ဆီး​ပစ်​မည်​။ သင့်​ကို​ကား လူမျိုး​ကြီး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
11ထိုအခါ မောရှေ​က မိမိ​၏​ဘုရားသခင် ထာဝရဘုရား​အား “​အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို အဘယ်ကြောင့် အမျက်ထွက်​တော်မူ​ပါ​သနည်း​။ 12အီဂျစ်​လူမျိုး​တို့​က ‘​ကိုယ်တော်​သည် တော​တောင်​များ​ထဲ၌ အစ္စရေး​လူမျိုး​တို့​ကို​ကွပ်မျက်​၍ မြေကြီး​ပေါ်​မှ​သုတ်သင်​ရန်​အတွက် မကောင်း​သော​ရည်ရွယ်ချက်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​ရ​မည်နည်း​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​ပြေ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အပေါ်​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ စိတ်ပြောင်းလဲ​တော်မူ​ပါ​။ 13ကိုယ်တော်​က ကိုယ်တော်​၏​ကျွန် အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​အား ‘​ငါ​သည် သင်​တို့​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​လျက် သင်​တို့​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​ဟု ကတိပြု​ခဲ့​သော ဤ​မြေ​ရှိသမျှ​ကို သူ​တို့​သည် ထာဝရ​ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်​’​ဟူ၍ ကိုယ့်ကိုယ်ကိုယ်​တိုင်တည်ကျိန်ဆို​တော်မူ​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ”​ဟု အသနားခံ​လေ​၏​။ 14ထိုအခါ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​၏​။
15မောရှေ​သည် သူ​၏​လက်​ထဲ၌ ဟိုဘက်​၊ သည်ဘက် မျက်နှာပြင်​နှစ်ဖက်စလုံး အက္ခရာတင်​ထား​သည့်​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် လှည့်​၍ တောင်​ပေါ်မှ​ဆင်းသွား​လေ​၏​။ 16ထို​ကျောက်ပြား​တို့​သည် ဘုရားသခင်​၏​လက်ရာ​တော်​ကျောက်ပြား​များ​ဖြစ်​၏​။ ကျောက်ပြား​တို့​အပေါ်​၌ ကမ္ပည်းထိုး​ထား​သော​စာ​သည်​လည်း ဘုရားသခင်​၏​စာ​ဖြစ်​၏​။
17ယောရှု​သည် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သော​လူ​တို့​၏​အသံ​ကို​ကြား​သောအခါ မောရှေ​အား “​တပ်စခန်း​ထဲ၌ စစ်တိုက်သံ​ပါတကား​”​ဟု ဆို​လေ​၏​။
18မောရှေ​က “​အောင်မြင်မှု​ရ​၍​ကြွေးကြော်​သော​အသံ မ​ဟုတ်​၊ ရှုံးနိမ့်​၍​အော်ဟစ်​သော​အသံ​လည်း မ​ဟုတ်​။ ငါ​ကြား​သော​အသံ​ကား သီချင်းဆိုသံ​ဖြစ်​၏​”​ဟု ပြန်ပြော​၏​။
19မောရှေ​သည် တပ်စခန်း​အနီး​သို့​ရောက်​သည်​နှင့် နွားသငယ်ရုပ်တု​ကို​လည်းကောင်း​၊ ကခုန်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​သောအခါ အမျက်ထွက်​၍ တောင်​ခြေရင်း​၌ မိမိ​လက်​ထဲမှ​ကျောက်ပြား​များ​ကို ပစ်ချ​ကာ ချိုးဖျက်​လေ​၏​။ 20ထို​သူ​တို့​ပြုလုပ်​ထား​သော နွားသငယ်ရုပ်တု​ကို​လည်း ယူ​၍ မီး​ရှို့​အမှုန့်​ကြိတ်​ပြီးလျှင် ရေ​ပေါ်သို့​ကြဲ​၍ အစ္စရေး​အမျိုးသား​တို့​ကို သောက်​စေ​၏​။
21ထို့နောက် မောရှေ​က အာရုန်​အား “​ဤ​လူ​တို့​သည် သင့်​အား မည်သို့​ပြု​မိ​သဖြင့် ဤမျှ​ကြီးလေး​သော​အပြစ်​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​သနည်း​”​ဟု မေး​လျှင် 22အာရုန်​က “​အကျွန်ုပ်​၏​သခင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ ဤ​လူ​တို့​သည် မကောင်းမှု​ကို​ပြု​တတ်​ကြောင်း သခင်​သိ​ပါ​၏​။ 23သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့​လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​’#ထွ 32:1၊ တ 7:40။​ဟု ဆို​ကြ​၏​။ 24အကျွန်ုပ်​က သူ​တို့​အား ‘​ရွှေ​ရှိ​သော​သူ ချွတ်​လော့​’​ဟု ဆို​သော် သူ​တို့​သည် အကျွန်ုပ်​အား ရွှေ​ကို​ပေး​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း ၎င်း​ကို မီး​ထဲသို့​ပစ်ချ​လိုက်​ရာ ဤ​နွားသငယ်ရုပ်တု ထွက်လာ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။
25အာရုန်​ကြောင့် ထို​သူ​တို့​သည် ရန်သူ​တို့​ကဲ့ရဲ့စရာ​ဖြစ်​အောင် အထိန်းအကွပ်​မ​ရှိ​ပြုမူ​ကြ​၏​။ ထိုသို့​အထိန်းအကွပ်​မ​ရှိ​ပြုမူ​နေ​ကြ​သော​လူ​တို့​ကို မောရှေ​တွေ့မြင်​သောအခါ 26မောရှေ​သည် တပ်စခန်း​အဝင်ဝ​တွင် ရပ်​လျက် “​ထာဝရဘုရား​ဘက်​၌ မည်သူ​နေ​မည်နည်း​။ ငါ့​ထံသို့​လာ​ကြ​”​ဟု ဆို​သော် လေဝိ​၏​သားမြေး​အပေါင်း​တို့​သည် သူ့​ထံသို့​စုဝေး​လာ​ကြ​၏​။ 27မောရှေ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​လူ​အသီးသီး မိမိ​နံဘေး​၌ ဓား​ကို​ဆောင်​လျက် တပ်စခန်း​အဝင်ဝ​မှ တပ်စခန်း​တစ်လျှောက် အဆုံး​တိုင်အောင် ခေါက်တုံ့ခေါက်ပြန်​သွား​လော့​။ လူ​အသီးသီး မိမိ​ညီအစ်ကို​၊ မိမိ​အပေါင်းအဖော်​၊ မိမိ​အိမ်နီးချင်း​တို့​ကို သတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ 28မောရှေ​၏​စကား​အတိုင်း လေဝိ​၏​သားမြေး​တို့​ပြု​ကြ​ရာ ထို​နေ့​၌ ထို​လူ​တို့​ထဲမှ​ယောက်ျား​သုံး​ထောင်​ခန့် သေ​လေ​၏​။ 29ထိုအခါ မောရှေ​က “​သင်​တို့​သည် ကိုယ့်​သားရင်း​၊ ကိုယ့်​ညီအစ်ကိုရင်း​ကို တိုက်ခိုက်​ကြ​ပြီ​။ ထို့ကြောင့် ယနေ့ သင်​တို့​အား ကောင်းချီး​ပေး​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကိုယ့်ကိုယ်ကိုယ်​ဆက်ကပ်​ကြ​လော့​”​ဟု ဆို​၏​။
30နောက်တစ်နေ့​၌ မောရှေ​က လူ​တို့​အား “​သင်​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပြီ​ဖြစ်​၍ ထာဝရဘုရား​ထံသို့ ယခု ငါ​တက်သွား​၍ သင်​တို့​အပြစ်​ကို ဖြေလွှတ်​ကောင်း​ဖြေလွှတ်​တော်မူ​ရန် ငါ​လျှောက်ဆို​မည်​”​ဟု ဆို​လေ​၏​။ 31မောရှေ​သည် ထာဝရဘုရား​ထံသို့ ပြန်သွား​၍ “​ဤ​လူ​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပါ​ပြီ​။ မိမိ​တို့​အဖို့ ရွှေ​ဘုရား​ကို ပြုလုပ်​ကြ​ပါ​ပြီ​။ 32သို့သော် သူ​တို့​၏​အပြစ်​ကို​ခွင့်လွှတ်​လျှင်​လည်း ခွင့်လွှတ်​တော်မူ​ပါ​။ ထိုသို့​မ​ဟုတ်​လျှင် ကိုယ်တော်​ရေးမှတ်​ထား​သော​စာရင်း​မှ အကျွန်ုပ်​ကို​ပယ်ဖျက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။
33ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ့​ကို​ပြစ်မှား​သော​သူ​တိုင်း​ကို ငါ့​စာရင်း​မှ ပယ်ဖျက်​မည်​။ 34ယခု သွား​၍ သင့်​အား ငါ​မိန့်ဆို​သော​နေရာ​သို့ ထို​လူ​တို့​ကို ပို့ဆောင်​လော့​။ ကြည့်ရှု​လော့​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​မှ သွား​လိမ့်မည်​။ သို့သော် ငါ​အပြစ်ဒဏ်​ပေး​မည့်​နေ့ရက်​၌ သူ​တို့​၏​အပြစ်​အတွက် သူ​တို့​ကို​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 35အာရုန်​လုပ်​သော​နွားသငယ်ရုပ်တု​အားဖြင့် သူ​တို့​ပြု​ခဲ့​သော​အမှု​ကြောင့် ထာဝရဘုရား​သည် လူ​တို့​ကို​ဒဏ်ခတ်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in