YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 38

38
ယုဒနှင့်တာမာ
1ထို​ကာလ​တွင် ယုဒ​သည် မိမိ​ညီအစ်ကို​တို့​ထံမှ​ထွက်သွား​၍ ဟိရ​အမည်​ရှိ​သော အဒုလံ​မြို့သား​တစ်​ယောက်​နှင့်အတူ​နေထိုင်​လေ​၏​။ 2ထို​အရပ်​၌ ယုဒ​သည် ရှုအာ​အမည်​ရှိ​သော ခါနာန်​လူမျိုး​တစ်​ယောက်​၏​သမီး​ကို​တွေ့မြင်​ပြီးလျှင် သူ​နှင့်​စုံဖက်​၍ သူ့​ထံသို့​ဝင်​လေ​၏​။ 3ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ယုဒ​သည် ထို​သား​၏​အမည်​ကို ဧရ ဟု​မှည့်ခေါ်​လေ​၏​။ 4ထို​မိန်းမ​သည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ဩနန် ဟု​မှည့်ခေါ်​လေ​၏​။ 5နောက်တစ်ဖန်​ထပ်၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ရှေလ ဟု​မှည့်ခေါ်​လေ​၏​။ ရှေလ​ကို​မွေးဖွား​သောအခါ ယုဒ​သည် ခေဇိပ်​မြို့​တွင် ရောက်​နေ​၏​။
6ထို့နောက်တွင် ယုဒ​သည် မိမိ​၏​သားဦး​ဧရ​ကို တာမာ​အမည်​ရှိ​သော​အမျိုးသမီး​နှင့် စုံဖက်​ပေး​လေ​၏​။ 7ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌​ဆိုး​သော​သူ​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။ 8ထို့နောက် ယုဒ​က ဩနန်​အား “​သင့်​အစ်ကို​၏​မယား​ထံသို့​ဝင်​လော့​။ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ဖြည့်ဆည်း​၍ သင့်​အစ်ကို​၏​မျိုးဆက်​ကို​ဖြစ်ထွန်း​စေ​လော့​”​ဟု ဆို​လေ​၏​။ 9သို့သော် ဩနန်​က ဤ​မျိုးဆက်​သည် မိမိ​၏​မျိုးဆက်​ဖြစ်​မည်​မ​ဟုတ်​ကြောင်း သိ​၏​။ ထို့ကြောင့် သူ​သည် မိမိ​အစ်ကို​၏​မယား​ထံသို့​ဝင်​သောအခါ မိမိ​အစ်ကို​အတွက် မျိုးဆက်​မ​ဖြစ်ထွန်း​စေရန် သုက်ရည်​ကို အပြင်​သို့​စွန့်ထုတ်​၏​။ 10သူ​ပြု​သော​အမှု​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဆိုး​သော​အမှု​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​လည်း ကွပ်မျက်​တော်မူ​၏​။
11ယုဒ​က မိမိ​၏​သား​ရှေလ​သည်​လည်း သူ​၏​အစ်ကို​များ​ကဲ့သို့ သေ​မည်​ကို​စိုးရိမ်​သဖြင့် မိမိ​၏​ချွေးမ​တာမာ​အား “​ရှေလ​ကြီးပြင်း​သည်​အထိ သင့်​ဖခင်​၏​အိမ်​၌ မုဆိုးမ​အဖြစ်​နှင့်​နေ​လော့​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် တာမာ​သည်​သွား​၍ မိမိ​ဖခင်​၏​အိမ်​၌​နေထိုင်​လေ​၏​။
12ကာလ​အတန်ကြာ​သော် ရှုအာ​၏​သမီး​ဖြစ်​သော ယုဒ​၏​မယား​သည် သေဆုံး​လေ​၏​။ ယုဒ​သည် စိတ်သက်သာ​ရာ​ရ​ပြီးမှ မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​ဟိရ​နှင့်အတူ မိမိ​၏​သိုးမွေးညှပ်သမား​တို့​ရှိ​ရာ တိမနတ်​မြို့​သို့​တက်သွား​၏​။ 13ထိုအခါ တစ်စုံတစ်ဦး​က တာမာ​အား “​သင်​၏​ယောက္ခမ​သည် သိုး​မွေး​ညှပ်​ရန် တိမနတ်​မြို့​သို့​သွား​နေ​သည်​”​ဟု ကြားပြော​လေ​၏​။ 14ရှေလ​ကြီးပြင်း​လာ​ပြီ​ဖြစ်​သော်လည်း တာမာ​က မိမိ​ကို ရှေလ​နှင့်​မ​ပေးစား​ကြောင်း သိမြင်​သဖြင့် မိမိ​ကိုယ်​ပေါ်​မှ မုဆိုးမ​အဝတ်​ကို​ချွတ်​၍ မိမိကိုယ်ကို​ခြုံပဝါ​ဖြင့် ဖုံးအုပ်​ခြုံရုံ​ပြီးလျှင် တိမနတ်​မြို့​သို့​သွား​ရာ​လမ်း​ရှိ ဧနိမ်​မြို့​အဝင်ဝ​၌ ထိုင်​နေ​၏​။ 15ယုဒ​သည် သူ့​ကို​မြင်​သောအခါ သူ​သည် မိမိ​၏​မျက်နှာ​ကို​ဖုံး​ထား​သောကြောင့် ပြည့်တန်ဆာ​ဟု ထင်မှတ်​လေ​၏​။
16ယုဒ​သည် သူ့​ကို မိမိ​၏​ချွေးမ​ဖြစ်ကြောင်း​မ​သိ​သောကြောင့် လမ်းဘေး​ရှိ​တာမာ​ထံသို့​လှည့်လာ​ပြီး “​လာ​ပါ​။ သင့်​ထံသို့ ငါ​ဝင်​လို​၏​”​ဟု ဆို​လေ​၏​။ ထိုအခါ တာမာ​က “​သင်​သည် ကျွန်မ​ထံသို့​ဝင်​လျှင် ကျွန်မ​အား မည်သည့်​အရာ​ကို​ပေး​မည်နည်း​”​ဟု မေး​လေ​၏​။
17ယုဒ​က​လည်း “​သိုးဆိတ်​တို့​ထဲမှ ဆိတ်သငယ်​တစ်​ကောင်​ကို​ပို့ပေး​မည်​”​ဟု ဆို​သော် သူ​က “​သင်​မ​ပို့ပေး​မီ အာမခံပစ္စည်း​ကို​သာ ပေး​ထား​ပါ​”​ဟု ဆို​၏​။
18ယုဒ​က “​သင့်​အား မည်သည့်​အာမခံပစ္စည်း​ကို ငါ​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​က “​သင်​၏​တံဆိပ်​၊ သင်​၏​ကြိုး​၊ သင်​ကိုင်ဆောင်​သော​တောင်ဝှေး​”​ဟု ဆို​၏​။ ယုဒ​သည်​လည်း ထို​ပစ္စည်း​တို့​ကို သူ့​အား​ပေး​ပြီး သူ့​ထံသို့​ဝင်​သဖြင့် သူ​သည် ယုဒ​နှင့်​ကိုယ်ဝန်ရ​လေ​၏​။ 19တာမာ​သည် ထ​သွား​၍ မိမိ​ကိုယ်​ပေါ်​မှ ခြုံပဝါ​ကို​ချွတ်​ပြီးလျှင် မုဆိုးမ​အဝတ်​ကို​ပြန်ဝတ်​၏​။
20ထို့နောက် ယုဒ​သည် ထို​မိန်းမ​လက်​မှ အာမခံပစ္စည်း​ကို​ပြန်ယူ​ရန် ဆိတ်သငယ်​တစ်​ကောင်​ကို မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​နှင့်​ပို့လိုက်​၏​။ သို့ရာတွင် သူ​သည် ထို​မိန်းမ​ကို​ရှာ​မ​တွေ့​သဖြင့် 21သူ​က ထို​အရပ်​၌​ရှိ​သော​လူ​တို့​အား “​ဧနိမ်​မြို့​လမ်း​ဘေး​၌​ထိုင်​လေ့​ရှိ​သော ဗိမာန်ပြည့်တန်ဆာ#38:21 “ပြည့်တန်ဆာလုပ်ခြင်းဖြင့် မိစ္ဆာဒိဋ္ဌိဆိုင်ရာနတ်ဘုရားတို့ကိုအလုပ်အကျွေးပြုသောမိန်းမ”ဟူသောအဓိပ္ပာယ်ရှိ၏။ အချို့မူရင်းကျမ်း၌ “ဗိမာန်”မပါ။​သည် အဘယ်မှာ​နည်း​”​ဟု မေး​၏​။ သူ​တို့​က​လည်း “​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​”​ဟု ပြန်ပြော​ကြ​၏​။ 22ထိုအခါ သူ​သည် ယုဒ​ထံသို့​ပြန်လာ​၍ “​ထို​မိန်းမ​ကို ရှာ​မ​တွေ့​ပါ​။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​က​လည်း ‘​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​’​ဟူ၍ ဆို​ကြ​ပါ​သည်​”​ဟု ပြော​လေ​၏​။ 23ထိုအခါ ယုဒ​က “​ထို​ပစ္စည်း​တို့​ကို သူ​ယူထား​ပါလေစေ​။ ထိုသို့​မ​ဟုတ်​လျှင် ငါ​တို့​သည် မထီမဲ့မြင်ပြုစရာ​ဖြစ်​လိမ့်မည်​။ ကြည့်​ပါ​။ ငါ​သည် ဤ​ဆိတ်သငယ်​ကို​ပို့လိုက်​သော်လည်း သင်​သည် သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ချေ​”​ဟု ဆို​လေ​၏​။ 24သုံး​လ​ခန့်​ကြာ​ပြီးနောက် တစ်စုံတစ်ဦး​က ယုဒ​အား “​သင်​၏​ချွေးမ​တာမာ​သည် ပြည့်တန်ဆာအလုပ်လုပ်​၏​။ ကြည့်​လော့​။ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့်​လည်း ကိုယ်ဝန်ရ​နေ​ပြီ​”​ဟု ကြားပြော​၏​။ ထို့ကြောင့် ယုဒ​က “​သူ့​ကို​အပြင်ထုတ်​၍ မီးရှို့​သတ်​စေ​”​ဟု ဆို​၏​။
25တာမာ​ကို အပြင်​သို့​ထုတ်လာ​ကြ​သောအခါ သူ​က “​ကျွန်မ​သည် ဤ​ပစ္စည်း​တို့​ကို​ပိုင်​သော​သူ​နှင့်​ကိုယ်ဝန်ရ​ပါ​၏​။ ဤ​တံဆိပ်​၊ ဤ​ကြိုး​၊ ဤ​တောင်ဝှေး​တို့​သည် မည်သူ​၏​ပစ္စည်း​ဖြစ်​သည်​ကို​စစ်ကြည့်​ပါ​”​ဟု သူ့​ယောက္ခမ​ထံ​စကားပါးလိုက်​၏​။
26ထို​ပစ္စည်း​တို့​ကို​မှတ်မိ​သဖြင့် ယုဒ​က “​သူ​သည် ငါ့​ထက်​ဖြောင့်မတ်မှန်ကန်​၏​။ ငါ​မူကား ငါ့​သား​ရှေလ​ကို သူ​နှင့်​မ​ပေးစား​ဘဲ​နေ​မိ​ပြီ​”​ဟု ဆို​လေ​၏​။ ယုဒ​သည် သူ​နှင့် နောက်တစ်ဖန်​မ​ဆက်ဆံ​တော့​ပေ​။
27ထို့နောက် တာမာ​သည် သားဖွား​ချိန်​ရောက်​လေ​၏​။ သူ​၏​ဝမ်း​ထဲ၌ သား​အမြွှာ​ရှိ​၏​။ 28သားဖွား​စဉ်တွင် ကလေး​တစ်​ယောက်​သည် လက်​ကို​ထုတ်​သဖြင့် ဝမ်းဆွဲ​က ကလေး​၏​လက်​ကို​ကိုင်​၍ ကြိုး​အနီ​ဖြင့်​ချည်​လျက် “​ဤ​ကလေး​သည် အလျင်​မွေးလာ​၏​”​ဟု ဆို​၏​။ 29သို့သော် ထို​ကလေး​သည် လက်​ကို​ပြန်ရုပ်​လိုက်​ရာ ကျန်တစ်ယောက်​သည် သူ့​ထက်​အလျင်​မွေးလာ​၏​။ ထိုအခါ ဝမ်းဆွဲ​က “​သင်​သည် မရမက​ထိုးဖောက်​ထွက်လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဖာရက်#38:29 “ထိုးဖောက်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ 30ထို့နောက်မှ လက်​၌​ကြိုး​အနီ​ချည်​ထား​သော​ကလေး​သည် မွေးလာ​၏​။ ထို​သား​၏​အမည်​ကို ဇေရ ဟု​မှည့်ခေါ်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in