YouVersion Logo
Search Icon

ယောဘဝတ္ထု 19

19
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​သင်​တို့​သည် ငါ့​ကို မည်သည့်​အချိန်​ထိ ညှဉ်းဆဲ​ကြ​မည်နည်း​။ မည်သည့်​အချိန်​ထိ စကား​နှင့်​ချိုးဖဲ့​ကြ​မည်နည်း​။ 3ငါ့​ကို ဆယ်​ကြိမ်​တိုင်တိုင် ပုတ်ခတ်ပြောဆို​ကြ​ပြီ​။ ငါ့​ကို စော်ကားပြောဆို​ကြ​ပြီ​။ သင်​တို့​မ​ရှက်​ကြ​သလော​။ 4ငါ​အမှန်ပင်​မှား​ခဲ့​လျှင်​လည်း ငါ့​အမှား​နှင့်​ငါ​သာ ရှိ​ပါစေ​တော့​။ 5သင်​တို့​သည် ဘဝင်မြင့်​၍ ငါ​ကဲ့ရဲ့​ခံရ​သည်​ကို ငါ့​အား ကဲ့ရဲ့ရှုတ်ချ​ကြ​၏​။ 6သင်​တို့​သိထား​ရ​မည်​မှာ ဘုရားသခင်​သည် ငါ့​အမှု​ကို ကောက်​စေ​တော်မူ​၍ ငါ့​ပတ်ပတ်လည်​တွင် ထောင်ချောက်​များ​ဖြင့် ဝိုင်းရံ​စေ​တော်မူ​၏​။ 7‘​ရက်စက်လွန်း​ပါ​သည်​တကား​’​ဟု ငါ​အော်ဟစ်​သော်လည်း ငါ့​ကို​နားညောင်း​တော်​မ​မူ​ပါ​။ ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း တရားသဖြင့်​စီရင်​ပေး​တော်​မ​မူ​ပါ​။ 8ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။ 9ငါ့​ဂုဏ်သိက္ခာ​ကို ဖယ်ရှား​တော်မူ​ပြီ​။ ငါ့​ဦးခေါင်း​မှ​သရဖူ​ကို ချွတ်ပစ်​တော်မူ​ပြီ​။ 10ငါ့​ကို အဘက်ဘက်​မှ​ချိုးဖဲ့​တော်မူ​သဖြင့် ငါ​ကျိုးပဲ့​ရ​ပြီ​။ ငါ့​မျှော်လင့်ချက်​များ​ကို​လည်း သစ်ပင်​ကဲ့သို့ ဆွဲနုတ်​ပစ်​တော်မူ​ပြီ​။ 11ငါ့​ကို အမျက်ထွက်​၍ ရန်သူ​ကဲ့သို့ မှတ်​တော်မူ​ပြီ​။ 12ကိုယ်တော်​၏​ဗိုလ်ခြေ​တို့​သည် အတူတကွ​ချီတက်​လာ​ကြ​၍ ကျုံး​များ​ကို​တူး​လျက် ငါ့​တဲ​ပတ်ပတ်လည်​တွင် စခန်းချ​ကြ​၏​။ 13ငါ့​ညီအစ်ကို​တို့​ကို ငါ​နှင့် ဝေးကွာ​စေ​တော်မူ​ပြီ​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။ 14ငါ့​ဆွေမျိုးသားချင်း​တို့​သည် ငါ့​ကို စွန့်ခွာ​သွား​ကြ​၏​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို မေ့သွား​ကြ​၏​။ 15ငါ့​အိမ်​တွင် တည်းခိုနေထိုင်​သော​သူ​များ​၊ ငါ့​ကျွန်မ​များ​လည်း ငါ့​ကို သူစိမ်း​ကဲ့သို့ သဘောထား​ကြ​၏​။ သူ​တို့​အမြင်​တွင် ငါ​သည် တစ်ပါးအမျိုးသား​ဖြစ်​ရ​၏​။ 16ငါ့​အစေအပါး​လည်း ငါ​ခေါ်​သည်​ကို​ပင် ပြန်​မ​ထူး​။ ငါ့​နှုတ်​ဖြင့် သူ့​ကို အသနားခံ​တောင်းပန်​ရ​၏​။ 17ငါ​အသက်ရှူ​ခြင်း​သည် ငါ့​မိန်းမ​အဖို့ ရွံရှာစရာ​၊ ငါ့​ညီအစ်ကို​တို့​အဖို့ စက်ဆုပ်စရာ​ဖြစ်​၏​။ 18ကလေးသူငယ်​များ​ပင်လျှင် ငါ့​ကို မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​မတ်တတ်ရပ်​နေ​လျှင် ငါ့​ကို သရော်​ကြ​၏​။
19ငါ​နှင့်​ရင်းနှီးကျွမ်းဝင်​သော​မိတ်ဆွေ​အားလုံး​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ကို​ကျောခိုင်း​သွား​ကြ​၏​။ 20ငါ့​အသားအရေ​သည် အရိုး​၌​ကပ်​နေ​ပါ​၏​။ သွားဖုံး​သာ​ကျန်​လျက် အသက်လွတ်​ရုံ​သာ​ရှိ​ပါ​၏​။ 21အို ငါ့​မိတ်ဆွေ​တို့​၊ ငါ့​ကို သနား​ကြ​ပါ​။ သနား​ကြ​ပါ​။ ဘုရားသခင်​သည် ငါ့​ကို ရိုက်နှက်​တော်မူ​ပြီ​။ 22သင်​တို့​သည် ဘုရားသခင်​နည်းတူ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​ကြ​သနည်း​။ ငါ့​အသား​ညှဉ်းဆဲ​ခံရ​သည်​ကို​ပင် သင်​တို့​မ​ကျေနပ်​သေး​သလော​။ 23ငါ့​စကား​တို့​ကို မှတ်တမ်းတင်​ပေး​မည့်​သူ ရှိ​ပါစေသော​။ စာလိပ်​တွင် ရေးမှတ်​ထား​ပေး​မည့်​သူ ရှိ​ပါစေသော​။ 24ကြာရှည်တည်တံ့​ရန် သံ​ကညစ်​နှင့် ခဲ​တို့​ဖြင့် ကျောက်ပြား​ပေါ်တွင် ကမ္ပည်းထိုး​ထား​စေ​ချင်​ပါ​၏​။ 25ငါ့​ကို ရွေးနုတ်​တော်မူ​မည့်​အရှင်​သည် အသက်ရှင်​တော်မူ​၍ နောက်ဆုံး​၌ မြေကြီး​ပေါ်တွင် ပေါ်ထွန်း​တော်မူ​မည်​ကို ငါ​သိ​၏​။ 26ငါ့​အရေပြား​များ ပျက်စီး​သွား​သော်လည်း ဤ​ကိုယ်ခန္ဓာ​ဖြင့် ဘုရားသခင်​အား ဖူးမြင်​ရ​မည်​ကို ငါ​သိ​၏​။ 27ငါ​ကိုယ်တိုင် ဖူးမြင်​ရ​မည်​။ အခြား​သူ​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင် မျက်စိ​ဖြင့် မြင်​ရ​မည်​။ ထိုသို့ ငါ့​ရင်​ထဲ​၊ နှလုံးသား​ထဲမှ တမ်းတ​လျက်​ရှိ​၏​။ 28သင်​တို့​က ‘သူ့​ကို ငါ​တို့ မည်သို့​ညှဉ်းဆဲ​ရ​မည်နည်း’​ဟု ဆို​ကြ​လျှင်​လည်း ပြဿနာ​အရင်းအမြစ်​သည် ငါ​၌​သာ​ရှိ​၏​။ 29အမျက်​တော်​သည် ဓားဘေး​ဖြင့် ဒဏ်ခတ်​တတ်​သည်​ဖြစ်၍ သင်​တို့​က​သာ ဓားဘေး​ကို ကြောက်​ကြ​လော့​။ ဤသို့ တရားစီရင်​ခြင်း​ရှိ​သည်​ကို သင်​တို့​သိမှတ်​ကြ​လော့”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in