YouVersion Logo
Search Icon

ယောဘဝတ္ထု 23

23
ယောဘက ဧလိဖတ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။ 3ကိုယ်တော်​အား မည်သည့်​အရပ်​၌​တွေ့​နိုင်​မည်​ကို ငါ​သိလို​ပါ​၏​။ စံမြန်း​တော်မူ​ရာ​သို့ ငါ​ရောက်​လို​ပါ​၏​။ 4သို့မှသာ ငါ့​အမှု​ကို ကိုယ်တော့်​ရှေ့​တွင် တင်ပြ​နိုင်​မည်​။ ငါ့​နှုတ်​ဖြင့် အလုံးစုံ​ချေပပြောဆို​နိုင်​မည်​။ 5ကိုယ်တော်​ပြန်​၍​မိန့်​တော်မူ​မည့်​စကား​တို့​ကို​လည်း ငါ​သိ​ရ​မည်​။ ကိုယ်တော်​မိန့်ဆို​သော​စကား​တို့​ကို​လည်း ငါ​နားလည်​နိုင်​မည်​။ 6ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ဖြင့် ငါ့​ကို ငြင်းဆန်​မည်လော​။ ထိုသို့​မ​ဟုတ်​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​စကား​ကို နားထောင်​ပေး​တော်မူ​လိမ့်မည်​။ 7ထို​အရပ်​တွင် ဖြောင့်မှန်​သော​သူ​တို့ လျှောက်လဲ​ခွင့်​ရှိ​၏​။ ငါ့​ကို​စီရင်​သော​အရှင်​သည် ငါ့​ကို​ထာဝရ​လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​။ 8ယခု​မူကား အရှေ့ဘက်​သို့​သွား​လျှင်​လည်း ကိုယ်တော်​မ​ရှိ​။ အနောက်ဘက်​သို့​သွား​လျှင်လည်း ကိုယ်တော့်​ကို​မ​တွေ့​။ 9မြောက်ဘက်​တွင် အလုပ်လုပ်​တော်မူ​သည်​ဟု​ဆို​သော်လည်း ငါ​မ​တွေ့​ရ​။ တောင်ဘက်​သို့​လှည့်​တော်မူ​ပြီ​ဟု​ဆို​ပြန်​သော်လည်း ငါ​မ​မြင်​ရ​ပါ​တကား​။ 10သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။ 11ငါ​သည် ခြေတော်ရာ​အတိုင်း ထက်ကြပ်မကွာ​လိုက်​ပါ​၏​။ လမ်း​တော်​ကို​မ​လွှဲ​မ​ရှောင်​ဘဲ လိုက်လျှောက်​ပါ​၏​။ 12နှုတ်​တော်​ထွက်​ပညတ်တော်​တို့​ကို ငါ​မ​ပယ်​၊ နှုတ်​တော်​ထွက်​စကား​တော်​တို့​ကို အစားအစာ​ထက် ပို၍​နှစ်သက်​ပါ​၏​။ 13သို့သော် ကိုယ်တော်​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​။ ကိုယ်တော်​ကို မည်သူ​မျှ ပြောင်းလဲ​အောင်​မ​ပြု​နိုင်​။ စိတ်​အလို​တော်​ရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​၏​။ 14ငါ့​အဖို့ ကြံရွယ်​ထား​သော​အရာ​ကို ပြု​တော်မူ​လိမ့်မည်​။ ထိုသို့ ပြု​တော်မူ​မည့်​အရာ များစွာ​ရှိ​သေး​၏​။ 15ထို့ကြောင့် ငါ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​နေ​ရ​ပါ​၏​။ တွေးမိ​တိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​နေ​ရ​ပါ​၏​။ 16ဘုရားသခင်​သည် ငါ့​ကို စိတ်​အားလျော့​စေ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် ငါ့​ကို ထိတ်လန့်​စေ​တော်မူ​ပြီ​။ 17ငါ့​မျက်နှာ​ကို အမှောင်ထုကြီး ဖုံးလွှမ်း​နေ​၍ ငါ့​ရှေ့​တွင် အမှောင်ထု​ကာ​နေ​သော်လည်း ငါ​နှုတ်ဆိတ်​နေ​မည်​မ​ဟုတ်​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in