ယောဘဝတ္ထု 8
8
ဗိလဒဒ် ပြောသောစကား
1ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က 2“မည်သည့်အချိန်ထိ ဤသို့ပြောနေဦးမည်နည်း။ သင့်နှုတ်ထွက်စကားများမှာ လေပြင်းကဲ့သို့ ဖြစ်ပါသည်တကား။ 3ဘုရားသခင်သည် တရားမျှတမှုကို မတရားမှုဖြစ်စေမည်လော။ အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်ခြင်းကို ကောက်ကွေ့စေမည်လော။ 4သင့်သားသမီးတို့သည် ကိုယ်တော့်ကိုပြစ်မှားလျှင် သူတို့ကျူးလွန်သောအပြစ်လက်ထဲသို့ သူတို့ကိုအပ်တော်မူမည်သာဖြစ်၏။ 5သင်သည် ဘုရားသခင်ကို ကြိုးစားရှာ၍ အနန္တတန်ခိုးရှင်ထံ အသနားခံတောင်းလျှောက်မည်ဆိုလျှင်၊ 6သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။ 7သင်သည် အစတွင် သိမ်ငယ်နေရသော်လည်း အဆုံးတွင် အလွန်ကြီးပွားလိမ့်မည်။ 8ယခင်မျိုးဆက်တို့ကို မေးမြန်းကြည့်လော့။ သူတို့ဘိုးဘေးတို့ စူးစမ်းလေ့လာခဲ့သောအရာကို ဆင်ခြင်ကြည့်လော့။ 9အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။ 10သူတို့သည် သင့်ကို မသွန်သင်၊ မပြောပြဘဲနေမည်လော။ သူတို့နှလုံးသားထဲမှစကားများကိုလည်း ထုတ်ဖော်မပြောဘဲနေမည်လော။ 11ရွှံ့နွံမရှိဘဲ ကျူပင်ကြီးပေါက်နိုင်မည်လော။ ရေမရှိဘဲ ကျူတောထူထပ်နိုင်မည်လော။ 12ထိုအပင်သည် ခုတ်ပစ်ခြင်းကိုမခံရ၊ စိမ်းစိုလျက်ရှိနေစဉ်မှာပင် အခြားအပင်တို့ထက်အလျင် ခြောက်သွေ့သွားတတ်၏။ 13ဘုရားသခင်ကိုမေ့လျော့သောသူအပေါင်းတို့၏လမ်းခရီးသည်လည်း ထိုနည်းတူဖြစ်၏။ ဘုရားတရားမဲ့သောသူ၏မျှော်လင့်ခြင်းသည်လည်း ပျက်စီးရလိမ့်မည်။ 14သူယုံကြည်အားထားသောအရာသည် မတည်တံ့။ သူကိုးစားသောအရာသည်လည်း ပင့်ကူအိမ်မျှသာ ဖြစ်၏။ 15သူ့အိမ်သည် မှီ၍ရအောင် ခိုင်ခံ့သည်မဟုတ်။ ဖမ်းဆွဲထားနိုင်အောင် ခိုင်မြဲသည်မဟုတ်။ 16သူသည် နေရောင်အောက်တွင် စိမ်းလန်း၍ သူ၏အညွန့်သည် ဥယျာဉ်အနှံ့ ဖြာထွက်နေ၏။ 17သူ၏အမြစ်များသည် ကျောက်ပုံကို ရစ်ပတ်ထားပြီး ကျောက်တုံးများကြားတွင် နေရာရှာတတ်၏။ 18သို့သော် ထိုနေရာမှ ဆွဲနုတ်ခြင်းခံရသောအခါ ထိုနေရာက ‘သင့်ကို ငါမတွေ့မမြင်ဖူးပါ’ဟု သူ့ကို ငြင်းဆိုလိမ့်မည်။ 19ကြည့်ရှုလော့။ ဤသည်ကား သူနှစ်သက်သောခရီးလမ်းဖြစ်၏။ မြေကြီးမှလည်း အခြားအပင်တို့ ထပ်ပေါက်ကြလိမ့်မည်။ 20အကယ်စင်စစ် ဘုရားသခင်သည် အပြစ်တင်စရာမရှိသောသူကို စွန့်ပယ်မထား။ ဆိုးညစ်သောသူတို့ကို အားပေးထောက်မမည်မဟုတ်။ 21သင့်နှုတ်ကို ရယ်မောခြင်းဖြင့်လည်းကောင်း၊ သင့်နှုတ်ခမ်းကို ဝမ်းမြောက်စွာကြွေးကြော်ခြင်းဖြင့်လည်းကောင်း ပြည့်ဝစေတော်မူမည်။ 22သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
Currently Selected:
ယောဘဝတ္ထု 8: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative