YouVersion Logo
Search Icon

ယောဘဝတ္ထု 9

9
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ဤ​အမှန်တရား​ကို ငါ​သိ​ပါ​၏​။ သို့သော် လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။ 3လူ​သည် ကိုယ်တော်​နှင့် အငြင်းအခုံ​ပြု​မည်​ဆိုလျှင်​ပင် မေးခွန်း​တစ်ထောင်​တွင် တစ်​ခု​မျှ ဖြေ​နိုင်​မည်​မ​ဟုတ်​ပါ​။ 4ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။ 5ကိုယ်တော်​သည် တောင်​တို့​ကို ရွှေ့ပစ်​လိုက်​၏​။ အမျက်​တော်​ဖြင့် တောင်​တို့​ကို​မှောက်လှန်​တော်မူ​သောအခါ မည်သူ​မျှ မ​သိ​နား​မ​လည်​ကြ​။ 6မြေကြီး​ကို သူ့​နေရာ​၌​လှုပ်ခတ်​စေ​သဖြင့် မြေကြီး​တိုင်လုံး​တို့​သည် တုန်လှုပ်​ကြ​၏​။ 7နေ​ကို အမိန့်ပေး​တော်မူ​သဖြင့် နေ​မ​ထွက်​။ ကြယ်​တို့​ကို​လည်း ချိပ်ပိတ်​ထား​တော်မူ​၏​။ 8ကောင်းကင်​မျက်နှာကြက်​ကို တစ်ပါးတည်း​ဖြန့်ကြက်​တော်မူ​၍ ပင်လယ်​လှိုင်းလုံး​များ​ကို နင်း​တော်မူ​၏​။ 9ဓူဝံကြယ်​၊ သရဝဏ်ကြယ်​၊ ဖျောက်ဆိပ်ကြယ်​၊ တောင်ပိုင်း​ကြယ်​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ 10စူးစမ်း​၍​မ​ကုန်​နိုင်​သည့် ကြီးမြတ်​သော​အမှု​များ​၊ ရေတွက်​၍​မ​ကုန်​နိုင်​သည့် အံ့ဖွယ်​သော​အမှု​များ​ကို ပြု​တော်မူ​၏​။ 11ငါ့​အနား​မှ ဖြတ်သွား​သည်​ကို ငါ​မ​မြင်​။ ငါ့​ကို ကျော်သွား​သော်လည်း ကိုယ်တော်​ကို ငါ​မ​မှတ်မိ​။ 12ကိုယ်တော်​သိမ်းယူ​တော်မူ​လျှင် မည်သူ​တား​နိုင်​သနည်း​။ ‘​မည်သို့​ပြု​တော်မူ​သနည်း​’​ဟု ကိုယ်တော်​အား မည်သူ​မေးလျှောက်​ဝံ့​သနည်း​။ 13ဘုရားသခင်​သည် အမျက်​ကို ပြန်ထိန်း​တော်မူ​မည်​မ​ဟုတ်​။ ရာဟပ်​အား ကူညီ​သူ​တို့​ပင် ခြေ​တော်​အောက်​၌ ပြားပြားဝပ်​ကြ​ရ​၏​။ 14ထို့ကြောင့် ကိုယ်တော်​ကို ငါ​မည်သို့​တုံ့ပြန်​နိုင်​မည်နည်း​။ တုံ့ပြန်​နိုင်​မည့်​စကား​ကို​လည်း ငါ​မည်သို့​ရှာ​နိုင်​ပါ​မည်နည်း​။ 15ငါ​ဖြောင့်မတ်​နေ​လျှင်ပင် တုံ့ပြန်​၍​မ​ရ​။ ငါ့​အား တရားစီရင်​မည့်​သူ​ကို အသနားခံ​ရန်​သာ​ရှိ​တော့​မည်​။ 16ငါ​ခေါ်​၍ ကိုယ်တော်​ပြန်ထူး​လျှင်ပင် ငါ့​အသံ​ကို နားညောင်း​တော်မူ​သည်​ဟု ငါ​မ​ယုံ​နိုင်​ပါ​။ 17အကြောင်းမှာ ကိုယ်တော်​သည် မိုးသက်မုန်တိုင်း​ဖြင့် ငါ့​ကို​ကြေမွ​စေ​တော်မူ​ပြီ​။ အကြောင်းမရှိ​ဘဲ ငါ​၌ ဒဏ်ရာ​များပြား​စေ​တော်မူ​ခဲ့​ပြီ​။ 18ငါ့​အား အသက်ရှူ​ခွင့်​ကို​ပင်​မ​ပေး​ဘဲ ခါးသီးမှု​များ​နှင့် ပြည့်​စေ​တော်မူ​ခဲ့​ပြီ​။ 19ကြည့်ရှု​လော့​။ တန်ခိုး​နှင့်ပတ်သက်​လျှင် ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ တရားမျှတမှု​နှင့်ပတ်သက်​လျှင်​လည်း ကိုယ်တော်​ကို မည်သူ​စိန်ခေါ်​ဝံ့​မည်နည်း​။ 20ငါ​ဖြောင့်မတ်​လျှင်ပင် ငါ့​နှုတ်​သည် ငါ့​ကို​သာ အပြစ်တင်​လိမ့်မည်​။ ငါ​၌​အပြစ်တင်စရာ​မ​ရှိ​လျှင်ပင် ငါ့​ကို​ကောက်ကျစ်​သော​သူ​ဟု မိန့်​တော်မူ​လိမ့်မည်​။ 21ငါ​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ဖြစ်​လျက်ပင် ငါ့ကိုယ်ငါ​မ​သိ​နိုင်​။ ငါ့​အသက်​ကို​ပင် ငါ​အလေးမထား​နိုင်​တော့​ပါ​။ 22အားလုံး​တို့​သည် အတူတူပင်​ဖြစ်​၏​။ ထို့ကြောင့် ‘ကိုယ်တော်​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​ကို​လည်းကောင်း ဖျက်ဆီး​တော်မူ​မည်’​ဟု ငါ​ဆို​ခြင်း​ဖြစ်​၏​။ 23ဘေးဆိုး​ရောက်လာ​၍ ရုတ်တရက်​သေဆုံး​ကြ​ရ​သောအခါ​၊ အပြစ်မဲ့​သူ​တို့​စုံစမ်း​ခြင်း​ခံရ​သောအခါ ကိုယ်တော်​ပြုံးရယ်​တော်မူ​၏​။ 24ကမ္ဘာမြေကြီး​ကို ဆိုးယုတ်​သော​သူ​တို့​လက်​သို့​အပ်​၍ တရားသူကြီး​တို့​၏​မျက်နှာ​ကို ဖုံးအုပ်​ထား​တော်မူ​သော​အရှင်​မှာ ကိုယ်တော်​မ​ဟုတ်​လျှင် မည်သူ​ဖြစ်​မည်နည်း​။ 25ငါ​၏​နေ့ရက်​တို့​သည် အပြေးသမား​ထက်ပင် လျင်မြန်​၏​။ မည်သည့်​ကောင်းကျိုးချမ်းသာ​ကို​မျှ​မ​တွေ့​မ​မြင်​ရ​ဘဲ ကုန်လွန်​သွား​ကြ​၏​။ 26ကျူရိုး​လှေ​များ​ကဲ့သို့​လည်းကောင်း​၊ သားကောင်​ကို​ထိုးသုတ်​သော​လင်းယုန်​ကဲ့သို့​လည်းကောင်း လျင်မြန်​လွန်း​လှ​၏​။ 27‘ငါ​သည် ကိုယ့်​စိတ်ဒုက္ခ​ကို မေ့ထား​ပြီး မျက်နှာ​ကို ကြည်ကြည်ရွှင်ရွှင်​ထား​မည်’​ဟု ငါ​ဆို​လျှင်​လည်း 28ငါ​ခံစား​ရ​သော​ဒုက္ခဝေဒနာ​အလုံးစုံ​ကြောင့် ငါ​ကြောက်ရွံ့​နေ​၏​။ ကိုယ်တော်​သည် ငါ့​ကို​အပြစ်ဒဏ်​နှင့် ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။ 29ငါ​၌​အပြစ်ရှိ​သည်​ဟု စီရင်​ခြင်း​ကို​ခံရ​မည်​ဆိုလျှင် အဘယ်ကြောင့် ဤသို့​အချည်းနှီး​ကြိုးစားအားထုတ်​နေ​ရ​မည်နည်း​။ 30ငါ​သည် နှင်းရည်​ဖြင့် ရေချိုး​၍ ငါ့​လက်​ကို ပြာရည်​ဖြင့် စင်ကြယ်​အောင်​ဆေးကြော​လျှင်​လည်း 31ကိုယ်တော်​သည် ငါ့​ကို​တွင်း​ထဲသို့​ပစ်ချ​တော်မူ​မည်​ဖြစ်၍ ငါ့​အဝတ်​တို့​ပင် ငါ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လိမ့်မည်​။ 32ငါ​သည် ကိုယ်တော်​နှင့်အတူ တရားရုံး​သို့​သွား​၍ တရားရင်ဆိုင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​ကဲ့သို့ လူ​ဖြစ်​တော်မူ​သည်​မ​ဟုတ်​။ 33ငါ​တို့​နှစ်​ဦး​စပ်ကြား​တွင် ကြားဝင်​စီရင်ဆုံးဖြတ်​ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။ 34ကိုယ်တော်​သည် မိမိ​၏​ကြိမ်လုံး​ကို ငါ့​ထံမှ​ဖယ်ရှား​တော်မူ​ပါစေသော​။ ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အရာ​တို့​ဖြင့် ငါ့​ကို​မ​ခြောက်လှန့်​ပါစေ​နှင့်​။ 35သို့ဖြစ်လျှင် ငါ​သည် မ​ကြောက်​မ​ရွံ့​လျှောက်တင်​ဝံ့​လိမ့်မည်​။ ယခုမူ ထိုသို့ မ​လျှောက်တင်​ဝံ့​ပါ​တကား​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 9