YouVersion Logo
Search Icon

ဇာခရိအနာဂတ္တိကျမ်း 6

6
အဋ္ဌမစိတ်အာရုံ-စစ်ရထားလေးစီး
1တစ်ဖန် ငါ​မျှော်ကြည့်​ပြန်​ရာ တောင်​နှစ်​လုံး​ကြား​မှ စစ်ရထား​လေး​စီး​ထွက်လာ​သည်​ကို ငါ​မြင်​ရ​၏​။ ထို​တောင်​တို့​သည် ကြေးနီ​တောင်​များ ဖြစ်​ကြ​၏​။ 2ပထမ​စစ်ရထား​တွင် မြင်း​နီ​များ​၊ ဒုတိယ​စစ်ရထား​တွင် မြင်း​နက်​များ​၊ 3တတိယ​စစ်ရထား​တွင် မြင်း​ဖြူ​များ​၊ စတုတ္ထ​စစ်ရထား​တွင် အစက်အပြောက်​ပါ​သော​အုန်းခွံရောင်​မြင်း​များ အသီးသီး​က​ထား​သည်​ကို တွေ့​ရ​၏​။ 4ထိုအခါ ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​အား ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အရာ​များ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​လျှင်
5ကောင်းကင်တမန်​က ငါ့​အား “ဤ​အရာ​များ​ကား မြေကြီး​တစ်ပြင်လုံး​၏​အရှင်​ရှေ့​တော်​၌ ခစား​ရာ​မှ ထွက်လာ​သော မိုးကောင်းကင်​မှ လေ​လေး​ပါး​ဖြစ်​၏​။ 6မြင်း​နက်​များ​က​သော​စစ်ရထား​သည် မြောက်​ပြည်​သို့ ထွက်သွား​၍ မြင်း​ဖြူ​များ​က​သော​စစ်ရထား​သည် သူ​တို့​နောက်​သို့ လိုက်​၏​။ အစက်အပြောက်​ပါ​သော​မြင်း​များ​က​သော​စစ်ရထား​သည် တောင်​ပြည်​သို့ ထွက်သွား​လေ​၏”​ဟု ဆို​၏​။ 7အုန်းခွံရောင်​မြင်း​များ​သည် ထွက်လာ​၍ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ရန် အလွန်​စိတ်ထက်သန်​နေ​၏​။ ကောင်းကင်တမန်​က “​သွား​လော့​။ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​လော့​”​ဟု ဆို​သည်​နှင့် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ကြ​လေ​၏​။ 8ထို့နောက် သူ​သည် ငါ့​ကို​ခေါ်​၍ “​ကြည့်ရှု​လော့​။ မြောက်​ပြည်​သို့​သွား​သော​သူ​တို့​သည် ထို​ပြည်​၌ ငါ့​စိတ်​ကို သက်သာ​စေ​ကြ​ပြီ​”​ဟု မြွက်ဆို​၏​။
သရဖူဆောင်းပေးခြင်း
9တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍ 10“​ဘေဘီလုံ​မြို့​သို့ သုံ့ပန်း​ပါသွား​ရာ​မှ ပြန်လာ​ကြ​သော ဟေလဒဲ​၊ တောဘိယ​နှင့် ယေဒါယ​တို့​ထံမှ လှူဖွယ်ဝတ္ထု​တို့​ကို​ယူ​၍ တစ်နေ့ချင်း​တွင် ဇေဖနိ​၏​သား​ယောရှိ​အိမ်​သို့​သွား​လော့​။ 11ရွှေ​ငွေ​တို့​ကို​ယူ​၍ သရဖူ​ပြုလုပ်​ပြီး ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​၏​ခေါင်း​ပေါ်တွင် ဆောင်း​ပေး​လော့​။ 12ထို့နောက် သူ့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အတက် ဟု​အမည်​ရှိ​သော​သူ​တစ်​ယောက် ပေါ်လာ​မည်​။ သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​လိမ့်မည်​။ 13သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​ပြီး ဘုန်းအသရေ​ကို​ဆောင်​လျက် ရာဇပလ္လင်​တော်​ပေါ်တွင် စံမြန်း​၍ အုပ်စိုး​လိမ့်မည်​။ ရာဇပလ္လင်​ပေါ်တွင် ယဇ်ပုရောဟိတ်​အဖြစ် စံမြန်း​လိမ့်မည်​။ ထို​အမှု​နှစ်ခုစလုံး သဟဇာတ​ဖြစ်​အောင် စီမံအုပ်ချုပ်​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏’​ဟု ပြောကြား​လော့​။ 14ထို​သရဖူ​သည် ဟေလင်​၊ တောဘိယ​၊ ယေဒါယ​နှင့် ဇေဖနိ​၏​သား​ဟင် တို့​အဖို့ ထာဝရဘုရား​၏​ဗိမာန်တော်​၌ အမှတ်ရစရာ​အဖြစ် ရှိ​နေ​လိမ့်မည်​။ 15ရပ်ဝေး​မှ​လူ​တို့​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို လာရောက်​တည်ဆောက်​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ သင်​တို့​သည် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို နာခံ​လိုက်လျှောက်​လျှင် ထိုသို့​ဖြစ်လာ​လိမ့်မည်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in