YouVersion Logo
Search Icon

ယောဘ 10

10
အ​သက်​ကို​ငြီး​ငွေ့၏
1ငါ့​ဝိ​ညာဉ်​သည် အ​သက်​ကို​ငြီး​ငွေ့၏။ မြည်​တမ်း​သော​အ​ပြစ်​ကို ခံ​ရ​မည်။ စိတ်​အ​လွန်​ညှိုး​ငယ်၍ ပြော​ရ​မည်။ 2ဘု​ရား​သ​ခင်​ကို လျှောက်​ရ​သော​စ​ကား ဟူ​မူ​ကား၊ အ​ကျွန်ုပ်​ကို အ​ပြစ်​စီ​ရင်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဆန့်​ကျင်​ဘက် ပြု​တော်​မူ​မည်​အ​ကြောင်း​ကို ပြ​တော်​မူ​ပါ။ 3ကိုယ်​တော်​သည် ညှဉ်း​ဆဲ​တော်​မူ​သင့်​သ​လော။ ကိုယ်​တိုင်​ဖန်​ဆင်း​သော​အ​ရာ​ကို ရွံ​ရှာ၍၊ လူ​ဆိုး​တို့၏ အ​ကြံ​အ​စည်​ကို ကောင်း​ချီး​ပေး​တော်​မူ သင့်​သ​လော။ 4ကိုယ်​တော်​သည် ရူ​ပ​မျက်​စိ​ရှိ​တော်​မူ​သ​လော။ လူ​မြင်​သည်​နည်း​တူ မြင်​တော်​မူ​သ​လော။ 5ကိုယ်​တော်၏​နေ့​ရက်​တို့​သည် လူ​နေ့​ရက်​ကဲ့​သို့ ဖြစ်​ပါ​သ​လော။ ကိုယ်​တော်၏​နှစ်​တို့​သည် လူ​ယောက်ျား​နေ့​ရက်​ကဲ့​သို့ ဖြစ်​ပါ​သ​လော။ 6အ​ကျွန်ုပ်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်၍ အ​ပြစ်​ကို​တွေ့​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရှာ​တော်​မူ​သ​နည်း။ 7အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။ 8အ​ကျွန်ုပ်​တစ်​ကိုယ်​လုံး​ကို လက်​တော်​နှင့် စေ့​စပ်​စွာ ဖန်​ဆင်း​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု ဖျက်​ဆီး​တော်​မူ​မည်​လော။ 9သ​ရွတ်​ကို​လုပ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​ကို လုပ်​တော်​မူ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ တစ်​ဖန် မြေ​မှုန့် ဖြစ်​စေ​တော်​မူ​မည်​လော။ 10အ​ကျွန်ုပ်​ကို နို့​ကဲ့​သို့​သွန်း​လောင်း၍၊ ဒိန်​ခဲ​ကဲ့​သို့ ခဲ​စေ​တော်​မူ​ပြီ မ​ဟုတ်​လော။ 11အ​ရေ​အ​သား​ဖြင့် ဖုံး​လွှမ်း၍၊ အ​ရိုး​နှင့်​အ​ကြော​တို့​ဖြင့် ခိုင်​ခံ့​စေ​တော်​မူ​ပြီ။ 12အ​သက်​ရှင်​ရ​သော​အ​ကြောင်း​နှင့်​တ​ကွ ကျေး​ဇူး​များ​ကို​ပြု​တော်​မူ​ပြီ။ ကြည့်​ရှု​ပြု​စု​ခြင်း ကျေး​ဇူး​တော်​သည်​လည်း အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​စ​ပါ​ပြီ။ 13ယ​ခု​ရောက်​သော​အ​မှု​တို့​ကို​လည်း၊ နှ​လုံး​တော်၌​သို​ထား၍ ကြံ​စည်​တော်​မူ​သည်​နှင့်​အ​ညီ ရောက်​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။ 14အ​ကျွန်ုပ်​သည် ပြစ်​မှား​လျှင်၊ ကိုယ်​တော် မှတ်​တော်​မူ၏။ အ​ကျွန်ုပ်​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်​မ​ဟုတ်။ 15အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။ 16အ​ကျွန်ုပ်​ထ​လျှင် ကိုယ်​တော်​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​အ​ပေါ်​သို့ ခုန်၍ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​ကို ပြ​တော်​မူ၏။ 17အ​ကျွန်ုပ်​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​ချက် များ​ပြား၍၊ အ​မျက်​တော်​ကို တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ရန်​စစ်​တို့​သည် အ​ထပ်​ထပ်​ထ​ကြ​ပါ၏။ 18အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က အ​ဘယ်​ကြောင့် ဆောင်​ခဲ့​တော်​မူ​သ​နည်း။ ထို​သို့​ပြု​တော်​မ​မူ​လျှင် အ​ကျွန်ုပ်​သည် အ​သက်​မ​ရှိ၊ အ​ဘယ်​သူ​မျှ အ​ကျွန်ုပ်​ကို​မ​မြင်​ရ​ပါ။ 19ထို​သို့ အ​ကျွန်ုပ်​သည် မ​ဖြစ်​သ​ကဲ့​သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အ​မိ​ဝမ်း​ထဲ​မှ သင်္ချိုင်း​သို့ ဆောင်​ပို့​ရ​ကြ၏။ 20အ​ကျွန်ုပ်​နေ့​ရက်​တို့​သည် နည်း​ပါး​သည် မ​ဟုတ်​လော။ 21မှောင်​မိုက်​နှင့်​သေ​ခြင်း အ​ရိပ်​ဖုံး​လွှမ်း​သော​ပြည်၊ 22သေ​ခြင်း​အ​ရိပ်​ဖြစ်​စေ​သော ည​ကဲ့​သို့ တစ်​ခဲ​နက်​မိုက်​သ​ဖြင့်၊ အ​လင်း​ပင် မှောင်​မိုက်​သက်​သက်​ဖြစ်၍၊ ရှင်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ​သော​ပြည်၊ အ​ကျွန်ုပ်​တစ်​ခါ​ရောက်​ပြီး​မှ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​ပြည်​သို့ အ​ကျွန်ုပ်​သွား၍​မ​ရောက်​မီ၊ သက်​သာ​ခြင်း​အ​နည်း​ငယ် ရှိ​ပါ​မည်​အ​ကြောင်း နေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို၏။

Currently Selected:

ယောဘ 10: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in