ရှင်လုကာခရစ်ဝင် 22

22
ယေရှုကိုသတ်ရန်ကြံစည်ကြခြင်း
1ပသခါ​ပွဲတော်​ဟု​ခေါ်​သော တဆေးမဲ့​မုန့်​ပွဲတော်​နီးကပ်​လာ​၏။ 2ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။ 3ထိုအခါ စာတန်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​တွင် အပါအဝင်​ဖြစ်​သည့် ဣရှကာရုတ်​ဟု​ခေါ်​သော ယုဒ​ထဲသို့​ဝင်​သဖြင့် 4သူ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​ထံသို့​သွား​၍ ကိုယ်တော်​ကို သူ​တို့​လက်​သို့ မည်ကဲ့သို့​အပ်နှံ​ရ​မည်နည်း​ဟု သူ​တို့​နှင့်အတူ​တိုင်ပင်​လေ​၏။ 5သူ​တို့​သည် ဝမ်းမြောက်​၍ ယုဒ​ကို​ငွေ​ပေး​ရန် သဘောတူ​ဆုံးဖြတ်​ကြ​၏။ 6ယုဒ​သည်​လည်း သဘောတူ​၍ လူထု​ပရိသတ်​မ​ရှိ​သည့်​အချိန်​၌ ကိုယ်တော်​ကို သူ​တို့​လက်​သို့​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။
ပသခါပွဲတော်အတွက် ပြင်ဆင်ခြင်း
7တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့် 8ကိုယ်တော်​သည် ပေတရု​နှင့်​ယောဟန်​တို့​အား“ပသခါ​ပွဲတော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​လျက် သူ​တို့​ကို​စေလွှတ်​တော်မူ​၏။
9သူ​တို့​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား အဘယ်မှာ​ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​သော် 10ကိုယ်တော်​က“သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင် 11အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။ 12ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 13သူ​တို့​သည်​လည်း သွား​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။
ပထမဆုံးပွဲတော်မင်္ဂလာ
14အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တမန်တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။ 15ကိုယ်တော်​က“ငါ​သည် ဒုက္ခ​ဝေဒနာ​မ​ခံစား​ရ​မီ ဤ​ပသခါ​ပွဲတော်​ကို သင်​တို့​နှင့်အတူ​စား​ရန် အလွန်​အလိုရှိ​၏။ 16သင်​တို့​အား ငါ​ဆို​သည်​ကား ပသခါ​ပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် ပြည့်စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်အောင် ဤ​ပွဲတော်​ကို ငါ​လုံးဝ​စား​မည်​မ​ဟုတ်”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ 17ထို့နောက် ခွက်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင်“ဤ​ခွက်​ကို​ယူ​၍ အချင်းချင်း​ဝေ​သောက်​ကြ​လော့။ 18သင်​တို့​အား ငါ​ဆို​သည်​ကား ယခု​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
19တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 20ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။ 21သို့သော် ငါ့​ကို​အပ်နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်အတူ​စားပွဲ​ပေါ်၌​ရှိ​၏။ 22လူ့သား​သည်​ချမှတ်​ထား​ခြင်း​ခံရ​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။ 23ထိုအခါ တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် ထိုသို့​ပြု​ရန်​ကြံရွယ်​နေ​သနည်း​ဟု အချင်းချင်း​မေးမြန်း​ကြ​၏။
မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း
24ထို့နောက် သူ​တို့​တွင် မည်သူ့​ကို အကြီးမြတ်ဆုံး​ဖြစ်​သည်​ဟု မှတ်ယူ​ရ​မည်​ကို​လည်း အချင်းချင်း​အငြင်းပွား​ကြ​၏။ 25သို့သော် ကိုယ်တော်​က“လူမျိုးခြား​တို့​၏​ဘုရင်​များ​သည် ပြည်သူ​တို့​အပေါ် အစိုးတရ​ပြု​တတ်​ကြ​၏။ လူ​တို့​အပေါ်​အာဏာ​ရှိ​သော​သူ​များ​သည်​လည်း အများ​အကျိုးဆောင်​သူ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​၏။ 26သင်​တို့​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးမြတ်ဆုံး​ဖြစ်​သော​သူ​သည် အငယ်ဆုံး​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။ ဦးဆောင်​သော​သူ​သည် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။ 27စားပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်ကျွေး​ပြုစု​သော​သူ​တို့​တွင် မည်သူ​သည် ပို၍​ကြီးမြတ်​သနည်း။ စားပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့သော် ငါ​သည် သင်​တို့​အလယ်​တွင် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​၏။ 28စုံစမ်း​နှောင့်ယှက်​ခြင်း​များ​ကို​ငါ​ခံရ​စဉ် သင်​တို့​သည် ငါ​နှင့်အတူ​ရပ်တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ 29ငါ​၏​ခမည်းတော်​သည် နိုင်ငံ​တော်​ကို ငါ့​အား​အပ်နှင်း​တော်မူ​သကဲ့သို့ ငါ​သည်​လည်း နိုင်ငံ​တော်​ကို သင်​တို့​အား​အပ်နှင်း​သဖြင့် 30သင်​တို့​သည် ငါ​၏​နိုင်ငံ​တော်​၌ ငါ​၏​စားပွဲ​တွင်​ထိုင်​လျက် စား​သောက်​ရ​ကြ​လိမ့်မည်။ ထို့ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။
ပေတရုငြင်းပယ်မည့်အကြောင်းကြိုတင်မိန့်တော်မူခြင်း
31 ရှိမုန်၊ ရှိမုန်၊ နားထောင်​လော့။ ဂျုံ​ကို​ဆန်ခါချ​သကဲ့သို့ စာတန်​သည် သင်​တို့​ကို ဆန်ခါချ​ရန် အခွင့်​တောင်း​လေ​ပြီ။ 32သို့သော် သင်​၏​ယုံကြည်​ခြင်း​မ​ဆုံးရှုံး​မည့်အကြောင်း သင့်​အတွက် ငါ​ဆုတောင်း​ပြီ။ သို့ဖြစ်၍ သင်​သည် သတိတရား​ပြန်​ရ​သောအခါ သင်​၏​ညီအစ်ကို​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့”​ဟု မိန့်​တော်မူ​၏။ 33ထိုအခါ ပေတရု​က “သခင်၊ အကျွန်ုပ်​သည် ထောင်​ထဲသို့​ဖြစ်စေ၊ သေ​ခြင်း​အထိ​ဖြစ်စေ ကိုယ်တော်​နှင့်အတူ​လိုက်​ရန် အသင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 34ကိုယ်တော်​က​လည်း“ပေတရု၊ သင့်​အား ငါ​ဆို​မည်။ ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ငွေအိတ်၊ လွယ်အိတ်နှင့်ဓား
35ထို့နောက် ကိုယ်တော်​က“ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​မ​ပါ​ဘဲ စေလွှတ်​သောအခါ သင်​တို့​တွင် လိုအပ်​မှု​တစ်စုံတစ်ရာ​ရှိ​ခဲ့​သလော”​ဟု တပည့်​တော်​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။ 36ကိုယ်တော်​က​လည်း“ယခု​မူကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူသွား​စေ။ ထိုနည်းတူ လွယ်အိတ်​ကို​လည်း ယူသွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိမိ​အဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။ 37သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’#ဟေရှာ 53:12။ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်မူ​၏။ 38ထိုအခါ သူ​တို့​က “သခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်တော်​က“လုံလောက်​ပြီ”​ဟု မိန့်​တော်မူ​၏။
သံလွင်တောင်ပေါ်၌ဆုတောင်းတော်မူခြင်း
39ထို့နောက် ကိုယ်တော်​သည်​ထွက်ခွာ​၍ ပြုလေ့​ရှိ​သည့်​အတိုင်း သံလွင်​တောင်​ပေါ်သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ 40ထို​အရပ်​သို့​ရောက်​တော်မူ​သောအခါ ကိုယ်တော်​က“ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ 41ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက် 42“အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ 43ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။ 44ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။
45ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် 46“အဘယ်ကြောင့်​အိပ်ပျော်​နေ​ကြ​သနည်း။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ထ​၍​ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
ယုဒ၏အနမ်း
47ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် လူ​အစုအဝေး​တို့​သည်​ရောက်လာ​ကြ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော ယုဒ​ဆို​သူ​သည် သူ​တို့​ကို​ဦးဆောင်​လာ​၍ ယေရှု​ကို​နမ်း​ရန် ချဉ်းကပ်​လေ​၏။ 48သို့သော် ယေရှု​က“ယုဒ၊ သင်​သည် လူ့သား​ကို အနမ်း​ဖြင့်​အပ်နှံ​မည်​လော”​ဟု မေး​တော်မူ​၏။
49ကိုယ်တော်​၏​အနီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်လာ​မည့်​အရာ​ကို​သိမြင်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေးလျှောက်​ကြ​ပြီးလျှင် 50သူ​တို့​ထဲမှ​တစ်​ယောက်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ 51ထိုအခါ ယေရှု​က“ဤမျှနှင့်​ရပ်​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ထို​သူ​၏​နားရွက်​ကို လက်​တော်​နှင့်​တို့ထိ​လျက် အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။ 52ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။ 53ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်အတူ​ဗိမာန်​တော်​၌​ရှိ​စဉ် သင်​တို့​သည်ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသည်ကား သင်​တို့​၏​အချိန်​ဖြစ်​ပြီး မှောင်မိုက်​ခြင်း​၏​အခွင့်​အာဏာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
ယေရှုကိုပေတရုငြင်းပယ်ခြင်း
54ထို့နောက် သူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​၍ ဆွဲခေါ်​သွား​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အိမ်​သို့ ခေါ်ဆောင်​လာ​ကြ​၏။ ပေတရု​မူကား မလှမ်းမကမ်း​မှ​လိုက်​သွား​လေ​၏။ 55သူ​တို့​သည် ခြံဝင်း​အလယ်​တွင် မီး​ဖို​၍ စုဝေး​လျက်​ထိုင်​နေ​ကြ​သဖြင့် ပေတရု​သည်​လည်း သူ​တို့​အကြား​၌​ထိုင်​လေ​၏။ 56ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ 57သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။ 58ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။ 59တစ်ဖန် တစ်​နာရီ​ခန့်​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​က “အမှန်စင်စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်အတူ​ရှိ​ခဲ့​သည်။ အကြောင်းမူကား သူ​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သည်”​ဟု အခိုင်အမာ​ပြောဆို​၏။ 60သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။ 61ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း“ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့် 62အပြင်​သို့​ထွက်သွား​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။
ပြောင်လှောင်ရိုက်နှက်ခြင်းခံရသည့်ယေရှု
63ယေရှု​ကို​စောင့်ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ပြောင်လှောင်​၍​ရိုက်နှက်​ကြ​ကာ 64မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ 65ထို့ပြင် အခြား​စကား​အမျိုးမျိုး​တို့​ဖြင့် ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။
တရားလွှတ်တော်သို့ရောက်တော်မူခြင်း
66မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင် 67“သင်​သည် ခရစ်တော်​ဟုတ်​၊ မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။ 68သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။ 69သို့သော် ယခု​မှစ၍ လူ့သား​သည် ဘုရားသခင်​၏​တန်ခိုး​တော်​လက်ယာ​ဘက်​၌ ထိုင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 70ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ 71သူ​တို့​က​လည်း “ငါ​တို့​ကိုယ်တိုင် သူ​၏​နှုတ်​မှ ထို​စကား​ကို​ကြား​ရ​ပြီ​ဖြစ်၍ မည်သည့်​သက်သေ​လို​သေး​သနည်း”​ဟု ဆို​ကြ​၏။

Subratllat

Comparteix

Copia

None

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió