လုကာ 18

18
ဇွဲမလျော့သော​မုဆိုးမ​ပုံဥပမာ
1ယေရှု​သည် တပည့်တော်တို့​အား အား​မလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်း​ကို ပုံဥပမာ​တစ်ခု​ဖြင့် မိန့်တော်မူ၏။ 2ကိုယ်တော်​က “မြို့​တစ်မြို့​၌ ဘုရားသခင်​ကို မကြောက်၊ လူ​ကို အလေးမထားသော တရားသူကြီး​တစ်ဦး ရှိ၏။ 3ထို​မြို့​တွင် တရားသူကြီး​ထံသို့ အကြိမ်ကြိမ်​လာ​၍ ‘ကျွန်မ​ဘက်​တွင် နေ​ကာ ကျွန်မ​၏​တရားယှဉ်ဘက်​အား တရားမျှတ​စွာ စီရင်ပေးပါ’ ဟု အသနားခံတတ်သော မုဆိုးမ​တစ်ဦး​ရှိ၏။ 4တရားသူကြီး​သည် တရားမစီရင်ဘဲ အချိန်​အတန်ကြာသည်​အထိ လျစ်လျူရှုလေ၏။ သို့သော် သူ​က ‘ငါ​သည် ဘုရားသခင်​ကို မကြောက်၊ လူ​ကို အလေးမထား​သော်လည်း 5ဤ​မုဆိုးမ​သည် ငါ့​ကို နှောင့်ယှက်​သောကြောင့် သူ့​အတွက် တရားမျှတ​စွာ စီရင်ပေးမည်။ သို့မဟုတ်​လျှင် သူ​သည် အဆက်မပြတ်​လာ​၍ ငါ့​ကို​စိတ်ပင်ပန်း​စေမည်’ ဟု တွေးတောလေ၏” ဟု မိန့်တော်မူ၏။
6ထို့နောက် သခင်ဘုရား​က “ဤ​မတရားသော​တရားသူကြီး​၏​စကား​ကို မှတ်ကြလော့။ 7မိမိ​ရွေးချယ်တော်မူသော​သူတို့​က နေ့ည​မပြတ် တောင်းလျှောက်​လျှင် ဘုရားသခင်​သည် တရားမျှတ​စွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူ​မည်လော။ 8သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် သူတို့​အတွက် လျင်မြန်​စွာ တရားမျှတ​စွာ စီရင်ပေး​လိမ့်မည်။ သို့ရာတွင် လူသား#18:8 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ပြန်လည်​ကြွလာ​သောအခါ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်​၌ ယုံကြည်ခြင်း​ရှိသူ​ကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
ဖာရိရှဲ​နှင့် အခွန်ကောက်သူများ
9ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်း​ဖြစ်သည်​ဟု ခံယူကြ​လျက် သူတစ်ပါး​အား မထီမဲ့မြင်ပြုသူ​တချို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။ 10ကိုယ်တော်​က “လူ​နှစ်ဦး​သည် ဆုတောင်း​ရန် ဗိမာန်တော်​သို့ သွားကြ၏။ တစ်ဦး​မှာ ဖာရိရှဲ#18:10 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေး​ခေါင်းဆောင်များ။​ဖြစ်​၍ အခြား​တစ်ဦး​မှာ အခွန်​ကောက်သူ​ဖြစ်၏။ 11ဖာရိရှဲ​သည် တစ်ဦးတည်း ရပ်​လျက် ‘ဘုရားသခင်… အကျွန်ုပ်​သည် အခြားသူများ​ကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်​သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤ​အခွန်​ကောက်သူ​ကဲ့သို့ မဟုတ်သည့်​အတွက်​လည်း ကျေးဇူးတင်ပါ၏။ 12အကျွန်ုပ်​သည် တစ်ပတ်​လျှင်​နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသော​အရာများ​ထဲမှ ဆယ်ပုံတစ်ပုံ​ကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။
13အခွန်​ကောက်သူ​မှာ အဝေး​မှ ရပ်​လျက် ကောင်းကင်​သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်​ကို လက်​ဖြင့် ထု​၍ ‘ဘုရားသခင်… အပြစ်သား​ဖြစ်သော အကျွန်ုပ်​ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။ 14သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​အခွန်ကောက်သူ​သည် အပြစ်ပြေ​လျက် အိမ်​သို့​ပြန်လေ၏။ ဖာရိရှဲ​မှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​၍ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​သောကြောင့်​ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
ကလေးငယ်များ​ကို ကောင်းချီးမင်္ဂလာ​ပေးတော်မူခြင်း
15တစ်နေ့​တွင် အချို့​မိဘများ​သည် မိမိတို့​၏​ကလေးငယ်များ​ကို ကိုယ်တော်​၏​လက်တော်​ဖြင့် တို့ထိ​၍ ကောင်းချီးပေးတော်မူ​စေရန် ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့​သည် မြင်​လျှင် ထို​သူတို့​ကို ဟန့်တားကြ၏။
16သို့သော် ယေရှု​သည် ကလေးငယ်များ​ကို ခေါ်​၍ တပည့်တော်တို့​အား “ကလေးငယ်များ ငါ့​ထံ လာပါစေ။ သူတို့​ကို မတားကြနှင့်။ ဘုရားသခင်​၏​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏​နိုင်ငံတော်​ဖြစ်၏။ 17သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို ကလေးငယ်​ကဲ့သို့ မခံယူသော​သူ​သည် ထို​နိုင်ငံတော်​သို့ မည်သည့်​အခါ​မျှ ဝင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။
ချမ်းသာကြွယ်ဝသော​သူ
18ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​က ယေရှု​အား “ကောင်းမြတ်သော​ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် မည်သို့​ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
19ယေရှု​က “ငါ့​ကို ကောင်းမြတ်သည်​ဟု အဘယ်ကြောင့်​ဆိုသနည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​မျှ မကောင်းမြတ်ပါ။ 20‘သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်။ လူ့​အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သော​သက်သေ​ကို မထွက်ဆိုနှင့်။ မိဘ​ကို ရိုသေလော့’ ဟူသော ပညတ်တော်​ကို သင်​သိသည်​မဟုတ်လော”#18:20 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀။ ဟု မိန့်တော်မူ၏။
21ထို​သူ​ကလည်း “အကျွန်ုပ်​သည် ဤ​ပညတ်တော်​အားလုံး​ကို ငယ်စဉ်​ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
22ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
23ထို​သူ​သည် ချမ်းသာကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ဤ​စကား​ကို ကြား​သော် အလွန်​ဝမ်းနည်းလေ၏။
24ထိုသို့ ဝမ်းနည်းသည်​ကို ယေရှု​မြင်တော်မူ​လျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။ 25အမှန်စင်စစ် ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်နဖားပေါက်​ထဲသို့ လျှိုဝင်​ရန် ပို၍​လွယ်ကူသည်” ဟု မိန့်တော်မူ၏။
26ထို​စကား​ကို ကြားသော​သူတို့​က “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်ခြင်း​ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
27ယေရှု​ကလည်း “လူ့​အနေ​နှင့် မဖြစ်နိုင်သည့်​အရာများ​ကို ဘုရားသခင်​တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28ပေတရု​က “အကျွန်ုပ်တို့​သည် ရှိသမျှ​အိုးအိမ်​ကို စွန့်​၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
29ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ တစ်စုံတစ်ဦး​သည် ဘုရားသခင်​၏​နိုင်ငံတော်​အတွက် မိမိ​အိမ်၊ ဇနီး၊ ညီအစ်ကို၊ မိဘ၊ သို့မဟုတ် သားသမီးတို့​ကို စွန့်လွှတ်​လျှင် 30ထို​သူ​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက နောင်ဘဝ​တွင်လည်း ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ၍ ကြိုတင်​ဟောတော်မူခြင်း
31ထို့နောက် ကိုယ်တော်​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်​၍ “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​၏​အကြောင်း​နှင့်​ပတ်သက်​၍ ပရောဖက်တို့​၏​ကြိုတင်​ဟောပြောချက်​ရှိသမျှတို့​သည် ဖြစ်ပျက်​လိမ့်မည်။ 32လူသား​သည် လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံခြင်းခံရ​၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေး​နှင့်​ထွေးခြင်း​တို့​ကို ခံရ​လိမ့်မည်။ 33ထို့နောက် သူတို့​သည် လူသား​ကို ကြိမ်ဒဏ်ပေး​၍ ရိုက်နှက်ကြပြီး သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။
34သို့ရာတွင် တပည့်တော်တို့​သည် ထို​အကြောင်းအရာ​တစ်ခု​ကို​မျှ နားမလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထို​အကြောင်းအရာများ​၏​အနက်အဓိပ္ပာယ်​ကို သူတို့​ထံမှ ဝှက်ထား​လျက်​ရှိ​သောကြောင့် နားမလည်နိုင်ကြခြင်း​ဖြစ်၏။
မျက်မမြင်​သူတောင်းစား​တစ်ဦး​အား မျက်စိမြင်စေတော်မူခြင်း
35ယေရှု​သည် ဂျေရိခေါမြို့​အနီးသို့ ရောက်တော်မူ​စဉ် မျက်မမြင်​တစ်ဦး​သည် လမ်းဘေး​၌ ထိုင်​၍ တောင်းရမ်း​လျက်​နေ၏။ 36ထို​သူ​သည် လူအုပ်​ဖြတ်သွားသံ​ကို ကြား​သောအခါ ထို​အကြောင်း​ကို မေးလေ၏။ 37လူများ​တို့​က နာဇရက်မြို့သား​ယေရှု ဖြတ်ကြွကြောင်း သူ့​အား ပြောပြကြ၏။ 38ထို​သူ​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု… အကျွန်ုပ်​ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
39ရှေ့​တွင်​သွားသော​သူများ​က သူ့​အား တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်ကြ​သော်လည်း သူ​သည် ပို၍​ကျယ်သော​အသံ​ဖြင့် “ဒါဝိဒ်မင်း​၏​သားတော် ယေရှု… အကျွန်ုပ်​ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
40ယေရှု​သည် ရပ်တော်မူ​၍ ထို​သူ​ကို မိမိ​ထံသို့ ခေါ်လာ​ရန် အမိန့်ပေးတော်မူ၏။ ထို​သူ​သည် အနား​သို့ ရောက်လာ​သောအခါ 41ယေရှု​က “သင့်​အတွက် မည်သို့​ပြု​စေလိုသနည်း” ဟု မေးတော်မူ​သော် ထို​သူ​က “သခင်… အကျွန်ုပ်​မျက်စိ​ကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
42ယေရှု​ကလည်း “မျက်စိ​မြင်စေ။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​မျက်စိ​ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ 43ထို​သူ​သည် ချက်ချင်း မျက်စိ​ပြန်မြင်​သဖြင့် ဘုရားသခင်​ကို ချီးမွမ်း​လျက် ယေရှု​နောက်တော်​သို့ လိုက်လေ၏။ ထို​အဖြစ်အပျက်​ကို တွေ့မြင်သော​လူ​အားလုံးတို့​သည်လည်း ဘုရားသခင်​ကို ချီးမွမ်းကြ၏။

Tällä hetkellä valittuna:

လုကာ 18: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään