ရှင်လုကာခရစ်ဝင် 10

10
အယောက်ခုနစ်ဆယ်ကိုစေလွှတ်တော်မူခြင်း
1ထို့နောက် သခင်​ဘုရား​သည် အခြား​သော​သူ အယောက်​ခုနစ်ဆယ်​တို့​ကို​ခန့်ထား​၍ ကြွ​တော်မူ​ရန်​ကြံရွယ်​ထား​သော မြို့​ရွာ​အရပ်ရပ်​သို့ မိမိ​ရှေ့​မှ​နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ စေလွှတ်​တော်မူ​၏။ 2ကိုယ်တော်​သည် ထို​သူ​တို့​အား“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို​စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့။ 3သွား​ကြ။ ဝံပုလွေ​များ​ထဲသို့ သိုးသငယ်​များ​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ 4ပိုက်ဆံ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။
5 မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။ 6ထို​နေရာ​တွင် ငြိမ်သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ထို​သူ​အပေါ်​သက်ရောက်​လိမ့်မည်။ မ​ရှိ​လျှင်​မူကား ထို​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်မည်။ 7ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။
8 မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်ခံ​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သော​အရာ​များ​ကို စား​ကြ​လော့။ 9ထို​မြို့​ရှိ နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေ​၍ ‘ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ’​ဟု သူ​တို့​အား ဟောပြော​ကြ​လော့။ 10မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်းမ​ပေါ်သို့ ထွက်​ပြီးလျှင် 11‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေမှုန့်​ကို​ပင် ငါ​တို့​ခါချ​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့’​ဟု ဟောပြော​ကြ​လော့။ 12သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သောဒုံ​မြို့​သည် ထို​မြို့​ထက် ခံသာ​လိမ့်မည်။
နောင်တမရခဲ့သောမြို့များ
13 ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​ကပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ၌​ထိုင်​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။ 14သို့သော် တရား​စီရင်​တော်မူ​သောအခါ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။ 15ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။
16 သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။
အယောက်ခုနစ်ဆယ်တို့ပြန်ရောက်ရှိခြင်း
17ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ 18ကိုယ်တော်​က​လည်း“စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။ 19ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်းမြီးကောက်​များ​ကို​နင်းချေ​၍ ရန်သူ​၏​တန်ခိုး​အလုံးစုံ​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို ပေးအပ်​ထား​ပြီ​ဖြစ်၍ မည်သည့်​အရာ​က​မျှ သင်​တို့​ကို အနာတရ​ဖြစ်​စေ​မည်​မ​ဟုတ်။ 20သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
ခမည်းတော်ကိုထင်ရှားစေသည့်သားတော်
21ထို​အချိန်​တွင် ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​အလွန်​ဝမ်းမြောက်​၍“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့် ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ဝှက်​ထား​လျက် ကလေး​သူငယ်​များ​အား ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။ မှန်​ပါ​၏​အဖ၊ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။
22 ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ သား​တော်​သည် မည်သူ​ဖြစ်​ကြောင်း​ကို ခမည်းတော်​မှတစ်ပါး မည်သူ​မျှ​မ​သိ။ ခမည်းတော်​သည် မည်သူ​ဖြစ်​ကြောင်း​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး မည်သူ​မျှ​မ​သိ”​ဟု မြွက်ဆို​တော်မူ​၏။
23ထို့နောက် တပည့်​တော်​တို့​ဘက်​သို့​လှည့်​၍“သင်​တို့​မြင်​နေ​ရ​သည့်​အရာ​များ​ကို မြင်​ရ​သော​မျက်စိ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 24သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ရှင်ဘုရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန် အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလို​ရှိ​သော်လည်း မ​ကြား​ခဲ့​ရ​ကြ​ပေ”​ဟု သူ​တို့​ကို​သာ သီးခြား​မိန့်​တော်မူ​၏။
ကြီးမြတ်သည့်ပညတ်ချက်နှစ်ပါး
25တစ်ခါက ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အမှု​ကို အကျွန်ုပ်​ပြု​ရ​ပါ​မည်နည်း”​ဟု ကိုယ်တော်​ကို​အကဲစမ်း​၍​မေးလျှောက်​လေ​၏။ 26ကိုယ်တော်​က​လည်း“ပညတ်​တရား​ကျမ်း​တွင် မည်သို့​ရေး​ထား​သနည်း။ သင်​မည်သို့​ဖတ်​ရ​သနည်း”​ဟု မေး​တော်မူ​လျှင် 27ထို​သူ​က “သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး၊ သင်​၏​အစွမ်းသတ္တိ​ရှိသမျှ​နှင့် သင်​၏​အသိဉာဏ်​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်#မ 22:37-39၊ မာ 12:30-31,33၊ ယာ 2:8၊ ဝတ် 19:18၊ တရား 6:5၊ ယောရှု 22:5။​ဟူ၍​လည်းကောင်း၊ ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​ဟူ၍​လည်းကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။ 28ကိုယ်တော်​က​လည်း“မှန်​ပေ​၏။ ထို​အတိုင်း​ပြု​လော့။ သို့ပြုလျှင် အသက်ရှင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
29ထို​သူ​သည် မိမိကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​လို​၍ “သို့ဖြစ်လျှင် မည်သူ​သည် အကျွန်ုပ်​၏​ဝန်းကျင်​၌​ရှိ​သော​သူ​ဖြစ်​သနည်း”​ဟု ယေရှု​အား မေးလျှောက်​လေ​၏။
ကောင်းသောရှမာရိနယ်သားပုံဥပမာ
30ယေရှု​က“လူ​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ဂျေရိခေါ​မြို့​သို့​ဆင်း​လာ​စဉ် ဓားပြ​များ​နှင့်​ကြုံတွေ့​ရ​၏။ ဓားပြ​တို့​သည် သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ပြီး ရိုက်နှက်​ကာ သူ့​ကို​သေလုမြောပါး​အခြေအနေ​၌​ထားခဲ့​၍ ထွက်သွား​ကြ​၏။ 31ယဇ်ပုရောဟိတ်​တစ်​ပါး​သည် အကြောင်း​တိုက်ဆိုင်​၍ ထို​လမ်း​အတိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။ 32ထိုနည်းတူ လေဝိ​အနွယ်ဝင်​တစ်​ဦး​သည်​လည်း ထို​နေရာ​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။ 33သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် 34ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။ 35နောက်တစ်နေ့​တွင် ဒေနာရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။
36 ထို​သူ​သုံး​ဦး​တို့​တွင် မည်သူ​သည် ဓားပြ​လက်​တွင်း​သို့ ကျရောက်​ခဲ့​သူ​၏​ဝန်းကျင်​၌​ရှိ​သော​သူ ဖြစ်​သည်​ဟု သင်​ထင်​သနည်း”​ဟူ၍ မေး​တော်မူ​၏။ 37ထို​သူ​က​လည်း “သူ့​အပေါ်​ကရုဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေရှု​က“သင်​သည်​လည်း သွား​၍ ထိုနည်းတူ​ပြု​လော့”​ဟု မိန့်​တော်မူ​၏။
မာရိနှင့်မာသ
38သူ​တို့​သည် ခရီး​ဆက်​သွား​စဉ်တွင် ကိုယ်တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​ရာ မာသ​အမည်​ရှိ​သော​အမျိုးသမီး​တစ်​ဦး​သည် ကိုယ်တော်​ကို မိမိ​အိမ်​၌​လက်ခံ​ကြိုဆို​လေ​၏။ 39ထို​အမျိုးသမီး​တွင် မာရိ​ဟု​ခေါ်​သော​ညီမ​တစ်​ယောက်​ရှိ​၏။ သူ​သည် သခင်​ဘုရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်တော်​၏​တရား​စကား​ကို နားထောင်​နေ​၏။ 40မာသ​မူကား ဧည့်ခံ​ခြင်း​အမှု​များ​ကြောင့် စိတ်​ပူပန်​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကျွန်မ​၏​ညီမ​သည် ကျွန်မ​တစ်ဦးတည်း​သာ ဧည့်ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော။ ကျွန်မ​ကို​ကူညီ​ရန် သူ့​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 41သခင်​ဘုရား​က​လည်း“မာသ၊ မာသ၊ သင်​သည် များစွာ​သော​အမှု​တို့​အတွက်​စိုးရိမ်​လျက် နှောင့်ယှက်​ခြင်း​ကို​ခံ​နေ​ရ​၏။ 42သို့သော် လိုအပ်​သော​အရာ​သည် တစ်ခုတည်း​ရှိ​၏။ မာရိ​သည် ထို​ကောင်းမြတ်​သည့်​အပိုင်း​ကို ရွေးချယ်​ပြီ​ဖြစ်၍ ၎င်း​ကို သူ့​ထံမှ​မ​နုတ်​မ​ပယ်​ရာ”​ဟု မိန့်​တော်မူ​၏။

הדגשה

שתף

העתק

None

רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו