ရှင်လုကာခရစ်ဝင် 13

13
နောင်တ၊ သို့မဟုတ် ပျက်စီးခြင်း
1ထို​အချိန်​၌​ပင် လူ​အချို့​တို့​သည်​ရောက်လာ​၍ ပိလတ်​မင်း​သည် ဂါလိလဲ​နယ်သား​အချို့​တို့​၏​သွေး​ကို သူ​တို့​ပူဇော်​သော​ယဇ်​များ​နှင့်​ရောနှော​ခဲ့​ကြောင်း ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ 2ကိုယ်တော်​က​လည်း“ထို​ဂါလိလဲ​နယ်သား​တို့​သည် ထိုသို့​သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ကြ​ရ​သောကြောင့် အခြား​ဂါလိလဲ​နယ်သား​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ 3ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။ 4ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ 5ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
အသီးမသီးသောသဖန်းပင်ပုံဥပမာ
6ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​တွင် မိမိ​စပျစ်ခြံ​ထဲ၌​စိုက်​ထား​သော သဖန်းပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အပင်​၌ အသီး​ကို​လာ​ရှာ​သော်လည်း မ​တွေ့​ရ​ချေ။ 7ထိုအခါ သူ​သည် ဥယျာဉ်မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ​အသီး​ကို​လာ​ရှာ​သော်လည်း​မ​တွေ့​ရ။ ဤ​သဖန်းပင်​ကို​ခုတ်​ပစ်​လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်​စေ​မည်နည်း’​ဟု ဆို​၏။ 8သို့သော် ဥယျာဉ်မှူး​က ‘သခင်၊ ဤ​အပင်​ကို ယခု​နှစ်​လည်း​ထား​ပါ​ဦး။ အပင်​ပတ်လည်​ကို အကျွန်ုပ်​တူးဆွ​၍ မြေသြဇာ​ထည့်​ပါ​ဦး​မည်။ 9ထိုသို့ပြုလျှင် နောက်​နှစ်​တွင် အသီး သီး​ကောင်း​သီး​ပါ​လိမ့်မည်။ အကယ်၍ မ​သီး​ပါက ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ၍ မိန့်​တော်မူ​၏။
ဥပုသ်နေ့၌အနာရောဂါကိုငြိမ်းစေတော်မူခြင်း
10ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။ 11ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။ 12ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ”​ဟု မိန့်​တော်မူ​ပြီးလျှင် 13သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။
14သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။ 15သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။ 16သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 17ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​သောအခါ ကိုယ်တော်​ကို​ဆန့်ကျင်​နေ​သော​သူ​ရှိသမျှ​တို့​သည် အရှက်ရ​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သည့် ထူးမြတ်​သော​အမှု​အလုံးစုံ​တို့​အတွက် ဝမ်းမြောက်​ကြ​၏။
မုန်ညင်းနက်စေ့နှင့်တဆေးပုံဥပမာ
18ထို့ကြောင့် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မည်သည့်​အရာ​နှင့်​တူ​သနည်း။ ၎င်း​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ 19၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​ဥယျာဉ်​ထဲ၌​ကြဲ​သောအခါ ထို​အစေ့​သည် အပင်ပေါက်​ကြီးထွား​၍ အပင်​ကြီး​ဖြစ်လာ​ကာ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​၏​အကိုင်း​များ​တွင် အသိုက်ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ 20တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ 21၎င်း​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် တဆေး​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။
ကျဉ်းသောတံခါး
22ထို့နောက် ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​၍ သွန်သင်​တော်မူ​ရင်း ဂျေရုဆလင်​မြို့​သို့​ခရီး​ပြု​တော်မူ​၏။ 23ထိုအခါ လူ​တစ်​ဦး​က “သခင်၊ ကယ်တင်​ခြင်း​ခံရ​သူ အနည်းငယ်​သာ​ရှိ​သလော”​ဟု မေးလျှောက်​၏။ ကိုယ်တော်​က​လည်း 24“ကျဉ်း​သော​တံခါး​မှ​ဝင်​ရန် ကြိုးစား​ကြ​လော့။ အကြောင်းမူကား လူ​များစွာ​တို့​သည် ဝင်​ရန်​ရှာကြံ​ကြ​သော်လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။ 25အိမ်ရှင်​သည်​ထ​၍ တံခါး​ကို​ပိတ်​ပြီးမှ သင်​တို့​သည် အပြင်​၌​ရပ်​၍ တံခါး​ကို​ခေါက်​လျက် ‘သခင်၊ အကျွန်ုပ်​တို့​အား​တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်လည်း သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်မည်။ 26ထိုအခါ သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​ပါ​၏။ ကိုယ်တော်​သည်​လည်း အကျွန်ုပ်​တို့​၏​လမ်းမ​ပေါ်တွင် သွန်သင်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ကြ​လိမ့်မည်။ 27သို့သော် သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ။ မတရားမှု​ကို​ပြု​သော​သူ​အပေါင်း​တို့၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့’​ဟု သင်​တို့​အား​ဆို​လိမ့်မည်။ 28ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​နှင့် ပရောဖက်​အပေါင်း​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ထဲ၌​ရှိ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​သော်လည်း သင်​တို့​ကိုယ်တိုင်​မူကား အပြင်​သို့ နှင်ထုတ်​ခြင်း​ခံရ​သဖြင့် ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​ကြ​လိမ့်မည်။ 29တစ်ဖန် လူ​တို့​သည် အရှေ့​အရပ်​နှင့် အနောက်​အရပ်​တို့​မှ​လည်းကောင်း၊ တောင်​အရပ်​နှင့် မြောက်​အရပ်​တို့​မှ​လည်းကောင်း လာ​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။ 30အဦးဆုံး​ဖြစ်​မည့် နောက်ဆုံး​သော​သူ​များ​ရှိ​ကြ​၏။ နောက်ဆုံး​ဖြစ်​မည့် အဦးဆုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။
ယေရှုနှင့်ဟေရုဒ်
31ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။ 32ကိုယ်တော်​က​လည်း“သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။ 33သို့ရာတွင် ငါ​သည် ယနေ့၊ မနက်ဖြန်​နှင့် နောက်တစ်နေ့​တို့​၌ ခရီး​သွား​ရ​ဦး​မည်။ အကြောင်းမူကား ပရောဖက်​သည် ဂျေရုဆလင်​မြို့​မှတစ်ပါး အခြား​အရပ်​၌ သေ​ရ​သည်​ဟူ၍​မ​ရှိ​နိုင်။
ဂျေရုဆလင်မြို့အတွက်ငိုကြွေးတော်မူခြင်း
34 အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။ 35ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’​ဟု သင်​တို့​ပြော​သည့်​အချိန်​မ​ရောက်​မီ​တိုင်အောင် သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။#မ 23:38-39၊ ဆာ 118:26။

הדגשה

שתף

העתק

None

רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו