ရှင်လုကာခရစ်ဝင် 8

8
အမှုတော်ကိုပံ့ပိုးပေးသောအမျိုးသမီးများ
1ထို့နောက် မကြာမီ ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်​ကြ​၏။ 2သူ​တို့​အပြင်​အနာရောဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရ​ခဲ့​သော အမျိုးသမီး​အချို့​ဖြစ်​ကြ​သည့် နတ်ဆိုး​ခုနစ်​ကောင်​ထွက်သွား​ခဲ့​သော မာဂဒလ​မြို့သူ​ဟု​ခေါ်​သည့်​မာရိ၊ 3နယ်စား​ဟေရုဒ်​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ ခုဇ​၏​ဇနီး ယောဟန္န​မှစ၍ ရှုရှန္န​အပါအဝင် အခြား​အမျိုးသမီး​အမြောက်အမြား​ရှိ​ကြ​၏။ ဤ​အမျိုးသမီး​တို့​သည် မိမိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်တော်​နှင့်​တပည့်​တော်​တို့​ကို လုပ်ကျွေး​ပြုစု​ကြ​၏။
မျိုးကြဲသောသူ၏ပုံဥပမာ
4များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုရုံး​လာ​ကြ​၍ မြို့​ရွာ​အရပ်ရပ်​မှ​လူ​တို့​သည်​လည်း အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​ဆောင်​လျက် မြွက်ဆို​တော်မူ​သည်​မှာ 5“မျိုးကြဲ​သော​သူ​သည် မိမိ​မျိုးစေ့​များ​ကို​ကြဲ​ရန် ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် နင်းချေ​ခြင်း​ခံရ​၍ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​ကို ကောက်စား​ကြ​၏။ 6အချို့​မူကား ကျောက်​ပေါ်၌​ကျ​သဖြင့် အပင်​ပေါက်လာ​သော်လည်း အစိုဓာတ်​မ​ရ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ 7အချို့​မူကား ဆူးပင်​တို့​အလယ်​တွင်​ကျ​သဖြင့် အတူ​ပေါက်လာ​သည့်​ဆူးပင်​တို့​သည် ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။ 8အချို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍ အဆ​တစ်ရာ အသီး​ဖြစ်ထွန်း​လေ​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု ကြွေးကြော်​တော်မူ​၏။
ပုံဥပမာသုံးရခြင်း၏အကြောင်းရင်း
9တပည့်​တော်​တို့​က ဤ​ပုံ​ဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ 10ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အခြား​သော​သူ​တို့​မူကား မြင်​လျက်​ပင် မ​မြင်​စေရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေရန် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​ဟောပြော​ရ​၏။#မ 13:13-15၊ မာ 4:12၊ ရော 11:8၊ တရား 29:4၊ ဟေရှာ 6:9။
မျိုးကြဲသောသူ၏ပုံဥပမာကိုရှင်းပြခြင်း
11 ပုံ​ဥပမာ​၏​အဓိပ္ပာယ်​ကား ဤသို့​ဖြစ်​၏။ မျိုးစေ့​သည် ဘုရားသခင်​၏​တရား​စကား​ဖြစ်​၏။ 12လမ်း​ဘေး​တွင်​ကျ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆိုလို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သော်လည်း ယုံကြည်​၍​ကယ်တင်​ခြင်း​မ​ခံရ​စေရန် မာရ်နတ်​သည်​လာ​၍ တရား​စကား​ကို သူ​တို့​စိတ်နှလုံး​ထဲမှ​နုတ်ယူ​လေ​၏။ 13ကျောက်​ပေါ်၌​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့်​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခေတ္တ​ခဏ​သာ​ယုံကြည်​၍ စုံစမ်း​နှောင့်ယှက်​ခြင်း​အချိန်​၌ ဖောက်ပြန်​သွား​ကြ​၏။ 14ဆူးပင်​တို့​တွင်​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း သွားလာ​နေထိုင်​စဉ် ဘဝ​အသက်တာ​နှင့်ဆိုင်သော​စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​ကြွယ်ဝ​ခြင်း​နှင့် ကာမဂုဏ်​ခံစား​ခြင်း​တို့​ဖြင့် ကာဆီး​ပိတ်ဆို့​ခံရ​သဖြင့် အသီး​မ​အောင်​သော​သူ​တို့​ကို​ဆို​လို​၏။ 15ကောင်း​သော​မြေ​၌​ကျ​သည်​ဆိုသည်မှာ ကြည်လင်​ကောင်းမြတ်​သော​စိတ်နှလုံး​ဖြင့် တရား​စကား​ကို​ကြား​၍ ၎င်း​ကို​စွဲကိုင်​ထား​ကာ သည်းခံ​သော​အားဖြင့် အသီး​သီး​သော​သူ​တို့​ကို​ဆိုလို​၏။
မိမိအလင်းကိုအသုံးပြုခြင်း
16 ဆီမီး​ကို​ထွန်း​၍ အိုး​ဖြင့်​ဖုံးအုပ်​သော​သူ​၊ သို့မဟုတ် ခုတင်​အောက်​တွင်​ထား​သော​သူ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ ထား​တတ်​ကြ​၏။ 17အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း ဖော်ပြ​ခံရ​ခြင်း​၊ သို့မဟုတ် သိသာထင်ရှား​လာ​ခြင်း​မ​ရှိ​ဘဲ​နေ​မည့်​အရာ​ဟူ၍​မ​ရှိ။ 18သို့ဖြစ်၍ သင်​တို့​မည်ကဲ့သို့​ကြား​ရ​သည်​ကို သတိပြု​ကြ​လော့။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
တော်စပ်မှုအစစ်အမှန်
19ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။ သို့သော် လူ​အစုအဝေး​တို့​ကြောင့် ကိုယ်တော်​အနား​သို့​မ​ရောက်​နိုင်​ကြ​သဖြင့် 20လူ​တို့​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​ကို​တွေ့​လို​၍ အပြင်​၌​ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 21သို့သော် ကိုယ်တော်​က“ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တို့​သည် ငါ့​အမိ​နှင့် ငါ့​ညီ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။
လှိုင်းလေတို့ သခင်ဘုရားကိုနာခံကြခြင်း
22တစ်​နေ့​သ၌ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​တက်​ပြီးလျှင်“အိုင်​တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည် ရွက်လွှင့်​သွား​ကြ​၏။ 23သူ​တို့​ရွက်လွှင့်​နေ​စဉ် ကိုယ်တော်​သည် အိပ်စက်​တော်မူ​၏။ ထိုအခါ အိုင်​ပေါ်တွင် လေ​မုန်တိုင်း​ကျ​လာ​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်၍ သူ​တို့​သည် အန္တရာယ်​နှင့်​ရင်ဆိုင်​ကြ​ရ​၏။
24တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။ 25ထို့နောက် ကိုယ်တော်​က“သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
နတ်ဆိုးတို့ကိုနှင်ထုတ်တော်မူခြင်း
26ထို့နောက် သူ​တို့​သည် ဂါလိလဲ​နယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့ ဆက်၍​ရွက်လွှင့်​ကြ​၏။ 27ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ 28သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။ 29ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ညစ်ညူး​သော​နတ်​အား ထို​သူ့​အထဲမှ​ထွက်သွား​ရန် အမိန့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်ဖန်​များစွာ​ဝင်ပူး​သဖြင့် သူ့​ကို သံကြိုး​နှင့်​ခြေချင်း​တို့​ဖြင့် ချည်နှောင်​ဖမ်းချုပ်​လျက် စောင့်ကြပ်​ထား​သော်လည်း သူ​သည် ထို​အရာ​များ​ကို​ချိုးဖြတ်​ကာ တော​ကန္တာရ​သို့ နတ်ဆိုး​၏​နှင်​ခြင်း​ကို​ခံရ​၏။
30ယေရှု​က​လည်း ထို​သူ​အား“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ 31တစ်ဖန် နတ်ဆိုး​တို့​က မိမိ​တို့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​သွား​ရန် အမိန့်​မ​ပေး​ပါ​မည့်အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​၏။
32ထို​အရပ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​သည် တောင်ကုန်း​ပေါ်တွင် ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​သည် ထို​ဝက်​များ​ထဲသို့​ဝင်​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ခွင့်ပြု​တော်မူ​၏။ 33ထိုအခါ နတ်ဆိုး​တို့​သည် ထို​လူ​ထဲမှ​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း အိုင်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေနစ်​သေဆုံး​ကြ​ကုန်​၏။
34ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​မြင်​ကြ​သောအခါ ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​လေ​၏။ 35လူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​ကြည့်ရှု​ရန် ထွက်လာ​၍ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ နတ်ဆိုး​များ​ထွက်သွား​သော​သူ​သည် အဝတ်​ဝတ်​ထား​ကာ ယေရှု​၏​ခြေ​တော်​ရင်း​၌ ပကတိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။ 36မျက်မြင်​တွေ့ရှိ​ခဲ့​သူ​များ​က​လည်း နတ်ဆိုး​ပူး​သူ မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​ခဲ့​သည်​ကို ထို​သူ​တို့​အား ပြောပြ​ကြ​၏။ 37ထိုအခါ ဂါရစ​နယ်သူ​နယ်သား​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့​သဖြင့် သူ​တို့​ထံမှ​ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း လှေ​ပေါ်သို့​တက်​၍ ပြန်သွား​တော်မူ​၏။
38နတ်ဆိုး​များ​ထွက်သွား​သော​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။ သို့သော် ကိုယ်တော်​က 39“သင့်​အိမ်​သို့​ပြန်​၍ သင့်​အပေါ် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​လော့”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို​ပြန်သွား​စေ​၏။ ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ် ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို တစ်မြို့လုံး​အနှံ့​ပြောကြား​လေ​၏။
အသက်ပြန်ရှင်သည့်သူငယ်မနှင့် ရောဂါပျောက်ကင်းသောအမျိုးသမီး
40ယေရှု​ပြန်ကြွ​လာ​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​စောင့်မျှော်​နေ​ကြ​၏။ 41ထိုအခါ ယာဣရု​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် အထံ​တော်​သို့​ရောက်လာ​၏။ ထို​သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ဖြစ်​၏။ သူ​သည် ယေရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ မိမိ​အိမ်​သို့​ကြွ​တော်မူ​ရန် တောင်းပန်​၏။ 42အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။ 43ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည် 44ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​လျက် ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။ 45ထိုအခါ ယေရှု​က“ငါ့​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​လျှင် အားလုံး​က​ငြင်းဆို​ကြ​၏။ ပေတရု​က “သခင်၊ လူထု​ပရိသတ်​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် တိုးဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 46သို့သော် ယေရှု​က“တစ်စုံတစ်ယောက်​သည် ငါ့​ကို​တို့ထိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ့​ထံမှ​တန်ခိုး​ထွက်​သည်​ကို ငါ​သိ​၏”​ဟု မိန့်​တော်မူ​၏။
47ထို​အမျိုးသမီး​သည် ဖုံးကွယ်​ထား​၍​မ​ရ​ကြောင်း​သိ​သောအခါ တုန်လှုပ်​လျက်​ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ကိုယ်တော်​ကို​တို့ထိ​ရ​သည့်​အကြောင်း​ကို​လည်းကောင်း၊ အနာရောဂါ​ချက်ချင်း​ပျောက်ကင်း​ခဲ့​ပုံ​ကို​လည်းကောင်း လူ​အပေါင်း​တို့​ရှေ့​တွင် ပြောပြ​လေ​၏။ 48ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု သူ့​အား မိန့်​တော်မူ​၏။ 49ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အိမ်​မှ လူ​တစ်​ဦး​သည်​ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို ဆက်၍​မ​နှောင့်ယှက်​ပါ​နှင့်”​ဟု ပြော​လေ​၏။ 50ယေရှု​သည်​ကြား​လျှင်“မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့။ သို့ပြုလျှင် သူငယ်မ​သည် အကောင်း​ပကတိ​ဖြစ်​လိမ့်မည်”​ဟု ဝတ်ပြု​စည်းဝေးကျောင်း​တာဝန်ခံ​အား မိန့်​တော်မူ​၏။
51ထို့နောက် အိမ်​သို့​ရောက်​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် သူငယ်မ​၏​မိခင်​ဖခင်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ အိမ်​ထဲသို့​ဝင်​ခွင့်ပြု​တော်​မ​မူ။ 52လူ​အပေါင်း​တို့​သည် သူငယ်မ​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​နေ​ကြ​၏။ ကိုယ်တော်​က​လည်း“မ​ငိုကြွေး​ကြ​နှင့်။ သူငယ်မ​သည် သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​ရာ 53သူ​တို့​သည် သူငယ်မ သေဆုံး​ပြီ​ဖြစ်ကြောင်း သိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ 54သို့သော် ကိုယ်တော်​သည် သူငယ်မ​၏​လက်​ကို​ကိုင်​လျက်“သူငယ်မ၊ ထ​လော့”​ဟု ခေါ်​တော်မူ​လျှင် 55သူငယ်မ​၏​ဝိညာဉ်​သည်​ပြန်ဝင်​လာ​သဖြင့် သူ​သည် ချက်ချင်း​ထ​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​အား စား​စရာ​ပေး​ရန် အမိန့်​ပေး​တော်မူ​၏။ 56ထိုအခါ မိဘ​တို့​သည် အံ့သြ​ငေးမော​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် ဤ​အဖြစ်အပျက်​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။

הדגשה

שתף

העתק

None

רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו