YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 19

19
အမ္မုန်​လူမျိုးနှင့်စစ်ဖြစ်ခြင်း
1ထို့နောက်တွင် အမ္မုန်​အမျိုးသား​တို့​၏​ဘုရင်​နာဟတ်​မင်းကြီး အနိစ္စရောက်​၍ သား​တော်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။ 2ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာ​ပြ​ခဲ့​ဖူး​သည်​ဖြစ်၍ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု တွေး​လျက်
ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ဖို့ မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် ဟာနုန်​မင်းကြီး​ကို နှစ်သိမ့်​ဖို့ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ 3အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို ရိုသေလေးစား​သဖြင့် အရှင့်​ထံ နှစ်သိမ့်​သူ​များ​ကို​စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ အရှင့်​ထံသို့ ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ရောက်လာ​ခြင်း​မှာ တိုင်းပြည်​ကို စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။ 4ထို့ကြောင့် ဟာနုန်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ကို​ဖမ်း​ပြီး သူ​တို့​၏​မုတ်ဆိတ်​ကို ရိတ်​ပြီးလျှင် သူ​တို့​၏​ဝတ်ရုံ​ကို​လည်း တင်ပါး​အထိ အလယ်​တည့်တည့်​မှ​ညှပ်ပစ်​ကာ ပြန်လွှတ်​လိုက်​၏​။
5ထို​သူ​တို့​၏​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ​လာ​ပြောပြ​ကြ​သောအခါ လူ​လွှတ်​၍ ကြိုဆို​စေ​၏​။ သူ​တို့​သည် အကြီးအကျယ်​အရှက်ခွဲ​ခံ​လိုက်​ရ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့​မုတ်ဆိတ်​ပြန်ရှည်​လာ​သည်​အထိ ဂျေရိခေါ​မြို့​တွင်​နေ​လော့​။ နောက်မှ ပြန်လာ​ကြ​လော့​”​ဟု မှာကြား​လိုက်​၏​။
6သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့ သိ​သောအခါ ဟာနုန်​မင်းကြီး​နှင့် အမ္မုန်​အမျိုးသား​တို့​သည် မက်ဆိုပိုတေးမီးယား​ပြည်​၊ ဆီးရီးယားမာခါ​ပြည်​၊ ဇောဘ​ပြည်​တို့​မှ စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​ကို ငွေ​တာလန်​တစ်ထောင်#19:6 “22000 ပိဿာ သို့မဟုတ် 34000 ကီလိုဂရမ်”။​ဖြင့်​ငှားရမ်း​ဖို့ လူ​လွှတ်​လိုက်​၏​။ 7သူ​တို့​သည် မေဒဘ​အနီး​၌​စခန်းချ​နေ​သော မာခါ​ဘုရင်​၏​စစ်သည်​တော်​များ​နှင့် စစ်ရထား​အစီး​သုံးသောင်း​နှစ်ထောင်​တို့​ကို ငှားရမ်း​ပြီး စစ်ချီ​လာ​ကြ​၏​။ အမ္မုန်​အမျိုးသား​တို့​က​လည်း မြို့ရွာ​တို့​မှ​စုရုံး​၍ စစ်တိုက်​ရန် ချီလာ​ကြ​၏​။
8ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြား​လျှင် ယွာဘ​နှင့် စစ်သူရဲ​တပ်​တစ်တပ်လုံး​ကို စေလွှတ်​၏​။ 9အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ လိုက်ပါ​လာ​သော​ဘုရင်​တို့​မှာ မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။ 10ယွာဘ​သည် အရှေ့ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။ 11ကျန်​လူ​တို့​ကို ညီ​အဘိရှဲ​လက်​သို့​အပ်​ပြီး အမ္မုန်​အမျိုးသား​တို့​နှင့်​တိုက်ခိုက်​ရန် စစ်ခင်းကျင်း​စေ​၏​။
12ထို့ပြင် ယွာဘ​က “​ဆီးရီးယား​လူမျိုး​တို့​ဘက်က အရေးသာ​နေ​လျှင် ငါ့​ကို​လာကူ​ပါ​။ အမ္မုန်​အမျိုးသား​တို့​ဘက်က အရေးသာ​နေ​လျှင် သင့်​ကို ငါ​လာကူ​မည်​။ 13အားယူ​ကြ​လော့​။ ငါ​တို့​လူမျိုး​အတွက်​၊ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​အတွက် ငါ​တို့​ရဲရင့်​စွာ​တိုက်​ကြ​စို့​။ ထာဝရဘုရား​သည် အလို​တော်​ရှိ​သည့်​အတိုင်း လုပ်ဆောင်​ပေး​တော်မူ​လိမ့်မည်”​ဟု အားပေး​စကားဆို​၏​။
14ထို့နောက် ယွာဘ​နှင့် သူ့​တပ်သား​တို့​သည် စစ်တိုက်​ရန်​ရှေ့တိုး​လာ​ကြ​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​ကြ​၏​။ 15ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း ယွာဘ​၏​ညီ​အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေး​ဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။
16အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တမန်​တို့​ကို​စေလွှတ်​ပြီး ယူဖရေးတီး​မြစ်#19:16 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်ကမ်း​ရှိ​ဆီးရီးယား​လူမျိုး​တို့​ကို ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို ဦးဆောင်​လာ​၏​။
17ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဆီးရီးယား​လူမျိုး​တို့​ထံ ချီလာ​၍ သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​တွင် စစ်ခင်းကျင်း​၏​။ ဆီးရီးယား​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ဒါဝိဒ်​မင်းကြီး​စစ်ခင်းကျင်း​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​လေ​၏​။ 18ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး​အယောက်​ခုနစ်ထောင်​၊ ခြေလျင်တပ်သား​အယောက်​လေးသောင်း​တို့​ကို သုတ်သင်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း အသေသတ်​လိုက်​လေ​၏​။ 19ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် ဒါဝိဒ်​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ