YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 16

16
1ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟာနနိ​၏​သား​ယေဟု​ထံသို့ ရောက်လာ​သည်​မှာ 2“ငါ​သည် သင့်​ကို မြေမှုန့်​ထဲမှ​ဆွဲထူ​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​ခဲ့​၏​။ သို့သော် သင်​သည် ယေရောဗောင်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို လမ်းမှား​စေ​ပြီး သူ​တို့​ပြု​မိ​သော​အပြစ်​များ​သည် ငါ့​ကို​အမျက်ထွက်​စေ​၏​။ 3ကြည့်ရှု​လော့​။ ငါ​သည် ဗာရှာ​နှင့်​သူ့​အမျိုးအနွယ်​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ သူ့​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်​စေ​မည်​။ 4ဗာရှာ​၏​အမျိုး​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​တို့​စား​လိမ့်မည်​။ မြို့ပြင်​တွင်​သေ​လျှင် မိုးကောင်းကင်​ငှက်​တို့​စား​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
5ကျန်ရှိ​နေ​သော ဗာရှာ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#16:5 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”​။​။ 6ဗာရှာ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ တိရဇာ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဧလာ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 7ဗာရှာ​မင်းကြီး​သည် ယေရောဗောင်​အမျိုးအနွယ်​ကဲ့သို့ပင် မိမိ​လက်​ဖြင့်​ပြုလုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​အလုံးစုံ​တို့​ကို​ပြု​၍ အမျက်​တော်​ကို​နှိုးဆော်​ပြီး ယေရောဗောင်​အမျိုးအနွယ်​ကို​လည်း ဖျက်ဆီး​ပစ်​သောကြောင့် ဟာနနိ​၏​သား ပရောဖက်​ယေဟု​အားဖြင့် ဗာရှာ​မင်းကြီး​နှင့် သူ​၏​အမျိုးအနွယ်​ကို​ဆန့်ကျင်​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၏​။
အစ္စရေးဘုရင်ဧလာမင်းကြီး
8ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခြောက်​နှစ်​တွင် ဗာရှာ​မင်းကြီး​၏​သား​တော်​ဧလာ နန်းတက်​၍ တိရဇာ​မြို့​၌ အစ္စရေး​လူမျိုး​တို့​ကို နှစ်​နှစ်​အုပ်စိုး​၏​။
9သူ​၏​အမှုထမ်း စစ်ရထား​တပ်​တစ်ဝက်​၏​တပ်မှူး​ဇိမရိ​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​၏​။ ဧလာ​မင်းကြီး​သည် တိရဇာ​မြို့​ရှိ တိရဇာ​နန်းတော်အုပ်​အာဇ​၏​အိမ်​၌ သောက်စား​ယစ်မူး​နေ​စဉ် 10ဇိမရိ​ဝင်လာ​၍ ဧလာ​မင်းကြီး​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​၏​။ ထို့ကြောင့် ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ဇိမရိ​သည် ဧလာ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။
11သူ​သည် ထီးနန်း​ရ​၍ ရာဇပလ္လင်​ပေါ်​စံမြန်း​သည်​နှင့် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​နှင့်တကွ သူ​၏​ဆွေမျိုး​များ​၊ မိတ်ဆွေ​များ​ထဲမှ ယောက်ျား​တစ်ယောက်​ကို​မျှ မ​ချန်ထား​ဘဲ သုတ်သင်​ပစ်​၏​။ 12ထိုသို့ ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ပရောဖက်​ယေဟု​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​အတိုင်း ဇိမရိ​သည် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ 13ဗာရှာ​မင်းကြီး​နှင့်​သား​တော်​ဧလာ​မင်းကြီး​တို့ ပြု​သမျှ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​လေ​ပြီ​။ သူ​တို့​သည် ကိုယ်တိုင်​အပြစ်ပြု​ရုံ​သာမက အစ္စရေး​လူမျိုး​တို့​ကို​လည်း အပြစ်ပြု​စေ​ပြီး အချည်းနှီး​သော​အရာ​များ​ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။
14ကျန်ရှိ​နေ​သော ဧလာ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#16:14 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။
အစ္စရေးဘုရင်ဇိမရိမင်းကြီး
15ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ဇိမရိ​သည် တိရဇာ​မြို့​၌ ခုနစ်​ရက်​စိုးစံ​၏​။ ထို​အချိန်​၌ စစ်သည်​တို့​သည် ဖိလိတ္တိ​ပြည်​၊ ဂိဗ္ဗသုန်​မြို့​နား​၌ စခန်းချ​လျက်​နေ​၏​။ 16“​ဇိမရိ​သည် ရှင်ဘုရင်​ကို လုပ်ကြံ​သတ်ဖြတ်​လိုက်​ပြီ​”​ဟူသော​သတင်း​ကို စခန်းချ​ထား​သော​စစ်သည်​တို့​ကြား​လျှင် ထို​နေ့​၊ ထို​စခန်း​တွင်ပင် အစ္စရေး​စစ်ဗိုလ်ချုပ်​ဩမရိ​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် မင်းမြှောက်​လိုက်​ကြ​၏​။ 17ထိုအခါ ဩမရိ​သည် သူ​၌​ပါလာ​သော​အစ္စရေး​စစ်သည်​အပေါင်း​တို့​နှင့်အတူ ဂိဗ္ဗသုန်​မြို့​မှ တိရဇာ​မြို့​သို့ ချီသွား​ပြီး မြို့​ကို​ဝိုင်းထား​ကြ​၏​။ 18တိရဇာ​မြို့​အသိမ်းခံ​လိုက်​ရ​ကြောင်း ဇိမရိ​မင်းကြီး​သိမြင်​လျှင် ဘုရင့်​နန်းတော်​ခံတပ်​ထဲသို့​ဝင်​၍ မိမိ​ပတ်ပတ်လည် ဘုရင့်​နန်းတော်​ကို မီးရှို့​လိုက်​သဖြင့် မီး​ထဲတွင်​ပင် သေ​လေ​၏​။ 19ဤသည်ကား သူ​သည် အစ္စရေး​လူမျိုး​တို့​အား လမ်းမှား​စေ​သည့်​အပြစ်​များ​ကို​ပြု​ပြီး ယေရောဗောင်​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​များ​ကို​ပြု​၍ ပြစ်မှား​သော​အပြစ်​များ​ကြောင့်​ဖြစ်​၏​။
20ကျန်ရှိ​နေ​သော ဇိမရိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​လျှို့ဝှက်ပုန်ကန်မှု​အကြောင်း​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#16:20 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 21ထို့နောက်တွင် အစ္စရေး​လူမျိုး​တို့​သည် နှစ်​ဖွဲ့​ကွဲသွား​ပြီး တစ်ဝက်​မှာ ဂိနတ်​၏​သား​တိဗနိ​နောက်သို့​လိုက်​ပြီး သူ့​ကို မင်းမြှောက်​လို​ကြ​၏​။ ကျန်​တစ်ဝက်​မှာ ဩမရိ​နောက်သို့​လိုက်​ကြ​၏​။ 22ဩမရိ​နောက်သို့​လိုက်​သော​သူ​တို့​သည် ဂိနတ်​၏​သား​တိဗနိ​နောက်သို့​လိုက်​သော​သူ​တို့​ထက် ပို၍​အင်အားကြီး​၏​။ တိဗနိ​သေ​၍ ဩမရိ​နန်းတက်​၏​။
အစ္စရေးဘုရင်သြမရိမင်းကြီး
23ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံးဆယ့်​တစ်​နှစ်​တွင် ဩမရိ​နန်းတက်​၍ အစ္စရေး​ပြည်​တွင် တစ်ဆယ့်​နှစ်​နှစ်​၊ တိရဇာ​မြို့​တွင် ခြောက်​နှစ် စိုးစံ​၏​။ 24ထို့နောက် သူ​သည် ရှမေရ​ထံ​မှ ရှမာရိ​တောင်​ကို ငွေ​နှစ်​တာလန်#16:24 “44 ပိဿာ သို့မဟုတ် 68 ကီလိုဂရမ်”။​နှင့်​ဝယ်ယူ​ပြီး ထို​တောင်​ပေါ်၌ မြို့​တည်​၏​။ တောင်​ပိုင်ရှင်​အမည်​ရှမေရ​ကို အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ရှမာရိ​မြို့​ဟု ခေါ်ဝေါ်​၏​။
25ဩမရိ​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ရာ​တွင် မိမိ​အလျင်​ရှိ​ခဲ့​သော​မင်း​အပေါင်း​တို့​ထက် သာ၍​ဆိုးညစ်​၏​။ 26သူ​သည် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို အပြစ်ပြု​မိ​ရာ​ရောက်​စေ​ပြီး အချည်းနှီး​သော​အရာ​များ​ဖြင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။ 27ကျန်ရှိ​နေ​သော ဩမရိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#16:27 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 28ဩမရိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ရှမာရိ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာဟပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
အစ္စရေးဘုရင်အာဟပ်မင်းကြီး
29ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံးဆယ့်​ရှစ်​နှစ်​တွင် ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ် နန်းတက်​၏​။ ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ်​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​တို့​ကို နှစ်ဆယ့်​နှစ်​နှစ် အုပ်စိုး​၏​။ 30ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မိမိ​အလျင်​ရှိ​ခဲ့​သော​မင်း​အပေါင်း​တို့​ထက် မကောင်းမှု​ကို​သာ၍​ပြု​၏​။ 31နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​၏​အပြစ်လမ်း​အတိုင်း လိုက်လျှောက်​သည်​ကို သာမည​ဟု​မှတ်ယူ​၍ ဆီဒုန်​ဘုရင်​ဧသဗာလ​မင်းကြီး​၏​သမီး​တော်​ယေဇဗေလ​ကို မိဖုရား​မြှောက်​ပြီး ဗာလ​ဘုရား​အား ဝတ်ပြု​ကိုးကွယ်​လေ​၏​။ 32ရှမာရိ​မြို့​၌​တည်​ထား​သော​ဗာလ​ဘုရား​ဝတ်ကျောင်း​တွင် ဗာလ​ဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​၏​။ 33အာဟပ်​မင်းကြီး​သည် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ထိုထက်မက သူ့​အလျင်​ရှိ​ခဲ့​သော​အစ္စရေး​ဘုရင်​အပေါင်း​တို့​ထက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို သာ၍​အမျက်ထွက်​စေ​၏​။
34အာဟပ်​မင်းကြီး​လက်ထက်​တွင် ဗေသလ​မြို့သား ဟိဧလ​သည် ဂျေရိခေါ​မြို့​ကို ပြန်လည်​တည်ဆောက်​၏​။ နုန်​၏​သား​ယောရှု​အားဖြင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း မြို့​တော်​အုတ်မြစ်ချ​ချိန်​တွင် သားဦး​အဘိရံ​ကို စတေး​ခဲ့​ရ​ပြီး မြို့​တံခါး​တည်ဆောက်​ချိန်​တွင် သားထွေး​စေဂုပ်​ကို စတေး​ခဲ့​ရ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ