ဓမ္မရာဇဝင်တတိယစောင် 2
2
ဒါဝိဒ်မင်းကြီးအနိစ္စရောက်ခါနီးအချိန် ရှောလမုန်အားမိန့်တော်မူသောစကား
1ဒါဝိဒ်မင်းကြီး အနိစ္စရောက်ချိန်နီးလာလျှင် သူသည် သားတော်ရှောလမုန်အား 2“မြေကြီးသားတိုင်း သွားရမည့်လမ်းကို ငါသွားရတော့မည်။ သို့ဖြစ်၍ သင်သည် ယောက်ျားပီပီ ရဲရင့်ခြင်းရှိလော့။ 3သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။ 4ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
5ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။ 6သို့ဖြစ်၍ သင် ဉာဏ်ပညာရှိသည့်အတိုင်း စီရင်လော့။ ဆံပင်ဖြူသောသူ့ကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ သွားခွင့်မပေးပါနှင့်။
7သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
8ဗာဟုရိမ်မြို့သား၊ ဗင်္ယာမိန်အမျိုးသား ဂေရ၏သားရှိမိသည် မဟာနိမ်မြို့သို့ ငါသွားသောနေ့တွင် သူသည် ငါ့ကို ခါးသီးစွာကျိန်ဆဲခဲ့၏။ သို့သော် ငါပြန်လာသောအခါ သူသည် ငါ့ကို ဂျော်ဒန်မြစ်သို့ဆင်းကြို၍ ‘သင့်ကို ငါ ဓားဖြင့်မသတ်’ဟု ထာဝရဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုခဲ့ပြီ။ 9သို့သော် သူ့ကို အပြစ်ကင်းသူဟု မယူဆပါနှင့်။ သင်သည် ပညာရှိဖြစ်သည်နှင့်အညီ သူ့အား မည်သို့ပြုရမည်ကို သင်သိပါ၏။ ဆံပင်ဖြူသောသူ့ကို ကွပ်မျက်ပြီး မရဏာနိုင်ငံသို့ ဆင်းစေလော့”ဟု မိန့်မှာလေ၏။
10ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ 11ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ်တိုင်တိုင် အုပ်စိုးခဲ့၏။ ဟေဗြုန်မြို့တွင် ခုနစ်နှစ်၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ် အုပ်စိုးခဲ့၏။ 12ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင်စံမြန်း၍ သူ့နိုင်ငံသည် တည်မြဲလေ၏။
အဒေါနိယ၏မိုက်မဲသောတောင်းဆိုမှု
13တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်မင်းကြီး၏မယ်တော် ဗာသရှေဘထံရောက်လာသဖြင့် ဗာသရှေဘက သူ့အား “ယခု သင်လာသည်မှာ ကောင်းသောလာခြင်းလော”ဟုမေးသော် သူက “ဟုတ်ပါ၏”ဟု ပြန်လျှောက်ပြီးနောက် 14“မယ်တော်အား လျှောက်တင်စရာစကား ရှိပါ၏”ဟုဆိုလျှင် ဗာသရှေဘက “လျှောက်တင်ပါ”ဟု ဆို၏။
15ထိုအခါ အဒေါနိယက “အစ္စရေးလူမျိုးအပေါင်းတို့သည် အကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်လက်ခံ၍ ဤနိုင်ငံတော်ကို အကျွန်ုပ်ပိုင်ကြောင်း မယ်တော်သိပါ၏။ သို့သော် နိုင်ငံတော်သည် အကျွန်ုပ်လက်မှလွတ်၍ ညီတော်ထံ ရောက်သွားလေပြီ။ အကယ်စင်စစ် ထာဝရဘုရားသည် သူ့ထံသို့ ရောက်စေတော်မူပြီ။ 16ယခုမှာ အကျွန်ုပ်သည် မယ်တော်ထံ တောင်းဆိုလိုသည့်အရာတစ်ခုရှိပါ၏။ မယ်တော် မငြင်းပယ်ပါနှင့်”ဟု ဆိုလျှင် ဗာသရှေဘက “တောင်းပါ”ဟု ဆို၏။
17ထိုအခါ သူက “ရှောလမုန်မင်းကြီးသည် မယ်တော်ကို ငြင်းဝံ့မည်မဟုတ်ပါ။ ထို့ကြောင့် ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ထိမ်းမြားပေးရန် တောင်းလျှောက်ပေးပါလော့”ဟု ဆိုလေ၏။
18ဗာသရှေဘကလည်း “ကောင်းပြီ။ သင့်အဖို့ ရှင်ဘုရင်ထံ လျှောက်တင်ပေးမည်”ဟု ဆို၏။
19ထို့နောက် ဗာသရှေဘက အဒေါနိယ၏စကားများကို ရှောလမုန်မင်းကြီးထံ လျှောက်တင်ရန် ဝင်သွားလျှင် ရှင်ဘုရင်သည် မယ်တော်ကို ရပ်၍ကြိုဆိုဦးညွှတ်ပြီးမှ ရာဇပလ္လင်တွင် စံနေတော်မူ၍ လက်ယာဘက်တွင် မယ်တော်စံနေဖို့ ပလ္လင်တစ်ခုကို ပြင်ဆင်စေ၏။
20ထို့နောက် မယ်တော်က “သားတော်ထံမှ သေးငယ်သောအရာတစ်ခုကို တောင်းဆိုလိုပါ၏။ သားတော် ငြင်းပယ်တော်မမူပါနှင့်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်ကလည်း “မယ်တော် တောင်းဆိုပါ။ အကျွန်ုပ်မငြင်းပါ”ဟု မိန့်ဆို၏။
21မယ်တော်က “ရှုနင်မြို့သူ အဘိရှက်ကို သင့်အစ်ကိုအဒေါနိယနှင့် ထိမ်းမြားပေးပါ”ဟု လျှောက်တင်လျှင်
22ရှောလမုန်မင်းကြီးက မယ်တော်အား “မယ်တော်၊ အဘယ်ကြောင့် အဒေါနိယအဖို့ ရှုနင်မြို့သူအဘိရှက်ကိုသာ တောင်းပေးရသနည်း။ သူသည် အကျွန်ုပ်ထက်အကြီး၊ အကျွန်ုပ်၏နောင်တော်ဖြစ်သည်ဖြစ်၍ သူ့အဖို့ နိုင်ငံတော်ကိုပါ တောင်းပေးပါလော့။ သူ့အဖို့သာမက ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘတို့အတွက်ပါ တောင်းပေးပါတော့လား”ဟု မိန့်ဆိုလေ၏။ 23ထို့ပြင် ရှောလမုန်မင်းကြီးက ထာဝရဘုရားကိုတိုင်တည်၍ “အဒေါနိယသည် အသက်ကိုရင်း၍ ဤသို့တောင်းဆိုခြင်းမဟုတ်လျှင် ဘုရားသခင်သည် အကျွန်ုပ်၌ ထိုမျှမက ပြုတော်မူပါစေသော။ 24အကျွန်ုပ်ကို ခိုင်ခံ့စေ၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင် စံမြန်းစေတော်မူပြီး ကတိထားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်အား နန်းမွေဆက်ခံစေတော်မူသောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့တွင် အဒေါနိယသေရမည်”ဟု ကျိန်ဆိုလေ၏။ 25ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။
အဗျာသာအားနှင်ထုတ်ခြင်း
26ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင် 27ရှောလမုန်မင်းကြီးသည် အဗျာသာကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်အဖြစ်မှ ဖယ်လိုက်၏။ ဤသို့ဖြင့် ဧလိအမျိုးအနွယ်နှင့်ပတ်သက်၍ ရှိလောမြို့တွင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ပြည့်စုံလေ၏။
ယွာဘအားကွပ်မျက်ခြင်း
28ထိုသတင်းများ ယွာဘထံသို့ရောက်လာ၏။ ယွာဘသည် အဗရှလုံပုန်ကန်စဉ်က မပါခဲ့သော်လည်း အဒေါနိယပုန်ကန်သောအခါ ပါဝင်ခဲ့သောကြောင့် ထာဝရဘုရား၏တဲတော်သို့ ပြေးသွားပြီး ယဇ်ပလ္လင်ချိုများကို ဆုပ်ကိုင်ထားလေ၏။
29ထိုသို့ “ယွာဘသည် တဲတော်သို့ပြေး၍ ယဇ်ပလ္လင်နားတွင် ရှိနေပါ၏”ဟူသော သတင်းကို ရှောလမုန်မင်းကြီးအား ကြားလျှောက်လျှင် ရှောလမုန်မင်းကြီးက ယောယဒ၏သား ဗေနာယအား “သူ့ကို သွားသတ်လော့”ဟု အမိန့်ပေးလေ၏။
30ဗေနာယသည် ထာဝရဘုရား၏တဲတော်အတွင်းသို့ ဝင်သွားပြီး ယွာဘအား “ရှင်ဘုရင် အမိန့်တော်ရှိ၏။ ထွက်လာပါ”ဟု ဆိုလျှင် ယွာဘက “မထွက်ပါ။ ဤနေရာ၌သာ အသေခံမည်”ဟု ပြန်ဖြေသဖြင့် ဗေနာယက “ယွာဘ ဤသို့ပြောပါပြီ။ ဤသို့ပြန်ဖြေပါပြီ”ဟု ရှင်ဘုရင်ထံ အကြောင်းပြန်၏။
31ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။ 32သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။ 33လူသတ်ခဲ့သောအပြစ်သည် ယွာဘ၏ခေါင်းပေါ်၊ သူ့သားစဉ်မြေးဆက်တို့၏ခေါင်းပေါ်သို့ အစဉ်အမြဲကျရောက်ပါစေ။ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားစဉ်မြေးဆက်များ၊ သူ၏ထီးနန်းနှင့်ရာဇပလ္လင်တို့မူကား ထာဝရဘုရားထံတော်မှငြိမ်သက်ခြင်းကို အစဉ်အမြဲခံစားရပါစေ”ဟု မိန့်ဆို၏။
34ဤသို့ဖြင့် ယောယဒ၏သားဗေနာယသည် သွား၍ ယွာဘကိုကွပ်မျက်သဖြင့် သူသေလေ၏။ ယွာဘအား တောကန္တာရရှိ သူ၏အိမ်နားတွင် သင်္ဂြိုဟ်လေ၏။ 35ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို ယွာဘ၏နေရာတွင် စစ်တပ်ကို အုပ်ချုပ်စေ၏။ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာနေရာ၌ ခန့်ထားလေ၏။
ရှိမိအားနှင်ထုတ်ခြင်း၊ ကွပ်မျက်ခြင်း
36ထို့နောက် ရှင်ဘုရင်သည် ရှိမိကို လူလွှတ်၍ခေါ်စေပြီး “ဂျေရုဆလင်မြို့ထဲတွင် အိမ်ဆောက်၍နေလော့။ ထိုမြို့မှလွဲ၍ မည်သည့်အရပ်သို့မျှ မသွားနှင့်။ 37သင်သည် မြို့ပြင်ထွက်၍ ကေဒြုန်ချောင်းကို ဖြတ်သည့်နေ့တွင်ပင် မုချသေရမည်ဟု မှတ်လော့။ သင့်အပြစ်သည် သင့်ခေါင်းပေါ်သို့ ပြန်ရောက်ခြင်းသာဖြစ်၏”ဟု မိန့်ဆို၏။
38ထိုအခါ ရှိမိက ရှင်ဘုရင်အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏အမိန့်တော်မှာ ကောင်းပါ၏။ အမိန့်တော်အတိုင်း ကျွန်တော်မျိုးပြုပါမည်”ဟု လျှောက်တင်၏။ ဤသို့ဖြင့် ရှိမိသည် ဂျေရုဆလင်မြို့တွင် ကာလကြာမြင့်စွာ နေထိုင်လေ၏။
39သုံးနှစ်ပြည့်သောအခါ ရှိမိ၏အစေအပါးနှစ်ယောက်သည် မာခါ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ထွက်ပြေးခိုဝင်ကြ၏။ “သင့်အစေအပါးတို့သည် ဂါသမြို့၌ ရှိပါ၏”ဟု ရှိမိကြားသိသောအခါ 40ရှိမိသည် ချက်ချင်းထ၍ မြင်းကိုကုန်းနှီးတင်ပြီး သူ့အစေအပါးတို့ကိုရှာရန် အာခိတ်မင်းကြီးရှိရာ ဂါသမြို့သို့သွားလေ၏။ ရှိမိသည် သွား၍ မိမိအစေအပါးတို့ကို ဂါသမြို့မှ ပြန်ခေါ်လာခဲ့၏။
41ထိုသို့ ရှိမိသည် ဂျေရုဆလင်မြို့မှ ဂါသမြို့သို့သွား၍ ပြန်လာခဲ့ကြောင်းကို ရှောလမုန်မင်းကြီးကြားသိလျှင် 42ရှိမိအား လူလွှတ်၍ခေါ်စေပြီး ရှင်ဘုရင်က “ငါသည် သင့်အား ‘ဤမြို့မှ သင်ထွက်သွားသောနေ့တွင် သင် မုချသေရမည်’ဟု ထာဝရဘုရားရှေ့တော်၌ တိုင်တည်ကျိန်ဆို၍ သတိပေးခဲ့သည်မဟုတ်လော။ သင်ကလည်း ‘အကျွန်ုပ်ကြားရသောအမိန့်တော်မှာ ကောင်းပါ၏’ဟု သင်ဆိုခဲ့ပြီ။ 43သို့ဖြစ်လျက် ထာဝရဘုရားရှေ့တော်၌ ကျိန်ဆိုခဲ့သည့်အတိုင်း၊ ငါ့အမိန့်အတိုင်း အဘယ်ကြောင့် မနာခံသနည်း”ဟု မိန့်ဆို၏။ 44ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။ 45သို့သော် ငါရှောလမုန်မင်းကြီးသည် ကောင်းချီးခံစားရလိမ့်မည်။ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်သည်လည်း ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲတည်လိမ့်မည်”ဟု မိန့်ဆို၏။
46ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်တတိယစောင် 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: