YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 16

16
ဒါဝိဒ်ကို ရှမွေလဘိသိက်ပေးခြင်း
1တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။
2ထိုအခါ ရှမွေလ​က “​အကျွန်ုပ် မည်သို့​သွား​နိုင်​ပါ​မည်နည်း​။ ရှောလု​ကြား​လျှင် အကျွန်ုပ်​ကို သတ်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ရာ ထာဝရဘုရား​က “​နွားအုပ်​ထဲမှ နွားမတမ်း​တစ်​ကောင်​ကို​ယူ​၍ ‘​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငါ​လာ​သည်​’​ဟု ဆို​လော့​။ 3ယေရှဲ​ကို ယဇ်ပူဇော်ပွဲ​သို့ ဖိတ်ခေါ်​ရ​မည်​။ သင်​ပြု​ရ​မည့်​အမှု​ကို ငါ​ပြ​မည်​။ သင့်​အား ငါ​ဖော်ပြ​သော​သူ​ကို ငါ့​အဖို့ သင်​ဘိသိက်ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
4ရှမွေလ​လည်း ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း ပြု​၏​။ သူ​သည် ဗက်လင်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီး သူ​နှင့်​လာတွေ့​၍ “​အရှင်​သည် ငြိမ်းချမ်းရေး​အတွက် လာ​သလော​”​ဟု မေး​ကြ​၏​။
5ရှမွေလ​က​လည်း “​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငြိမ်းချမ်းရေး​အတွက် လာ​ပါ​၏​။ ကိုယ်​ကို စင်ကြယ်​စေ​ကြ​ပြီး ငါ​နှင့်အတူ ယဇ်ပူဇော်ပွဲ​သို့ လာ​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ ယေရှဲ​နှင့် သူ့​သား​များ​ကို​လည်း စင်ကြယ်​အောင်​ပြု​ပြီးမှ ယဇ်ပူဇော်ပွဲ​သို့​လာ​ရန် ဖိတ်ခေါ်​၏​။ 6သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။
7ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။
8တစ်ဖန် ယေရှဲ​သည် အဘိနဒပ်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​ဤ​သူ​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ 9တစ်ဖန် ယေရှဲ​သည် ရှမ္မ​ကို ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​သူ့​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ 10ယေရှဲ​သည် သား​ခုနစ်​ယောက်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​၏​။ သို့သော် ရှမွေလ​က ယေရှဲ​အား “​သူ​တို့​ကို ထာဝရဘုရား​ရွေး​တော်​မ​မူ​”​ဟူ၍​သာ ပြော​၏​။ 11ထို့နောက် ရှမွေလ​က ယေရှဲ​အား “​သင်​၌ သား ကုန်​ပြီ​လော​”​ဟု မေး​လျှင် သူ​က “​အငယ်ဆုံး​သား ရှိ​ပါ​သေး​၏​။ ယခု သိုးကျောင်း​လျက်​ရှိ​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ ရှမွေလ​က ယေရှဲ​အား “​သူ့​ကို လူ​လွှတ်​၍ ခေါ်​ပေး​ပါ​လော့​။ သူ​မ​လာ​မ​ချင်း ငါ​တို့​ထိုင်​၍​စားသောက်​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။
12ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ 13ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။
ရှောလုမင်းကြီးထံ ဒါဝိဒ်ခစားရခြင်း
14ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။ 15ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် အရှင့်​ကို​နှောင့်ယှက်​ပါ​ပြီ​တကား​။ 16ထို့ကြောင့် အရှင့်​ထံ​ခစား​သော​အမှုထမ်း​တို့​အား စောင်း​တီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာဖွေ​စေ​ပါ​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​နှောင့်ယှက်​သောအခါ​တိုင်း ထို​သူ​စောင်းတီး​ပေး​လျှင် အရှင် ပြန်ကောင်း​သွား​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။
17ထို့ကြောင့် ရှောလု​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “ယခုပင် စောင်းတီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာ​၍ ငါ့​ထံသို့​ခေါ်လာ​လော့​”​ဟု အမိန့်ပေး​၏​။
18ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင်
19ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ တမန်​တို့​ကို စေလွှတ်​၍ “​သိုးကျောင်း​နေ​သော သင်​၏​သား​ဒါဝိဒ်​ကို ငါ့​ထံ စေလွှတ်​လော့​”​ဟု မှာလိုက်​လေ​၏​။ 20ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။ 21ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံသို့​ရောက်​၍ ရှေ့​တော်​၌​အခစား​ဝင်​သောအခါ ရှောလု​မင်းကြီး​သည် သူ့​ကို အလွန်​သဘောကျ​သဖြင့် မိမိ​၏​လက်နက်ကိုင်​အဖြစ် ခန့်အပ်​လေ​၏​။ 22ထို့နောက် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ လူ​လွှတ်​ပြီး “​ဒါဝိဒ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ငါ့​ထံ၌ ခစား​စေ​ပါ​လော့”​ဟု မှာလိုက်​၏​။ 23ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို နှောင့်ယှက်​သည့်​အခါ ဒါဝိဒ်​သည် စောင်း​ကို​ယူ​၍ တီး​ပေး​၏​။ ထိုအခါ ရှောလု​မင်းကြီး​ထံမှ ဝိညာဉ်ဆိုး​ထွက်သွား​သဖြင့် သူ​သည် သက်သာ​ပြီး နေကောင်း​သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ