ဓမ္မရာဇဝင်ပထမစောင် 6
6
ပဋိညာဉ်သေတ္တာတော် ပြန်လည်ရောက်ရှိခြင်း
1ထာဝရဘုရား၏သေတ္တာတော်သည် ဖိလိတ္တိပြည်သို့ ရောက်သွားပြီး ခုနစ်လကြာသော် 2ဖိလိတ္တိလူမျိုးတို့သည် ယဇ်ပုရောဟိတ်များ၊ ဂမ္ဘီရပညာရှင်များကို ခေါ်၍ “ထာဝရဘုရား၏သေတ္တာတော်ကို မည်သို့ပြုရမည်နည်း”ဟု မေးမြန်းပြီး “သူ့နေရာသို့ မည်သို့ပြန်ပို့ရမည်ကို အကျွန်ုပ်တို့အား ပြောပြပါ”ဟု ဆိုကြ၏။
3သူတို့ကလည်း “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့မည်ဆိုလျှင် သေတ္တာတော်သက်သက်ကိုသာ ပြန်မပို့ကြနှင့်။ အပြစ်ဒဏ်ဖြေရာယဇ်နှင့်တကွ ဆက်ဆက်ပြန်ပို့ပေးရမည်။ သို့မှသာ သင်တို့ အနာရောဂါပျောက်ကင်းလိမ့်မည်။ ထို့ပြင် လက်တော်သည် အဘယ်ကြောင့် သင်တို့ထံမှ မရုပ်သိမ်းသေးကြောင်းကိုလည်း သင်တို့သိရလိမ့်မည်”ဟု ပြန်ပြောကြ၏။
4ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။ 5ဤသို့ ပလိပ်နာဖုအရုပ်နှင့် ပြည်ကိုဖျက်ဆီးသောကြွက်အရုပ်တို့ကို ထုလုပ်၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်ကို ချီးမြှောက်ခြင်းဖြင့် လက်တော်ကို သင်တို့နှင့် သင်တို့၏ဘုရားများအပါအဝင် သင်တို့တိုင်းပြည်မှ ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းတော်မူလိမ့်မည်။ 6ဖာရောမင်းကြီးအပါအဝင် အီဂျစ်လူမျိုးတို့ စိတ်နှလုံးမာကျောခဲ့သကဲ့သို့ အဘယ်ကြောင့် သင်တို့ စိတ်နှလုံးမာကျောကြသနည်း။ သူတို့ကို ဘုရားသခင် ပြင်းထန်စွာဒဏ်ခတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့ကို လွှတ်လိုက်ရသဖြင့် အစ္စရေးလူမျိုးတို့ ထွက်လာကြရသည်မဟုတ်လော။
7ယခု လှည်းအသစ်တစ်စီး ပြုလုပ်ပါ။ သားပေါက်ရှိပြီး ထမ်းပိုးမတင်ဖူးသေးသောနွားမနှစ်ကောင်ကို ယူ၍ ထိုနွားမတို့ကိုလှည်း၌ ကပါ။ နွားသားပေါက်များကိုမူ နွားခြံ၌ ပြန်ထားပါ။ 8ထာဝရဘုရား၏သေတ္တာတော်ကိုယူပြီး လှည်းပေါ်တင်ပါ။ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ပို့ပေးမည့်ရွှေထည်ပစ္စည်းများကိုလည်း အခြားသေတ္တာတစ်လုံးတွင်ထည့်၍ သေတ္တာတော်ဘေးတွင် ထားပါ။ ပြီးလျှင် နွားလှည်းကိုလွှတ်လိုက်ပါ။ သွားလိုရာသွားပါစေ။ 9သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။
10ဖိလိတ္တိလူမျိုးတို့သည်လည်း ထိုအတိုင်းပြုကြ၏။ သားပေါက်ရှိသောနွားမနှစ်ကောင်ကိုယူ၍ လှည်းတွင်ကပြီး သားပေါက်တို့ကိုမူ နွားခြံတွင် ပြန်ထားကြ၏။ 11ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေကြွက်ရုပ်များ၊ ပလိပ်နာဖုအရုပ်များထည့်ထားသောသေတ္တာကို လှည်းပေါ်၌တင်ကြ၏။ 12နွားမတို့သည် ဗက်ရှေမက်လမ်းအတိုင်း လမ်းမတစ်လျှောက် လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွဲဘဲ အော်မြည်လျက် တည့်တည့်တက်သွား၏။ ဖိလိတ္တိမင်းတို့သည်လည်း ဗက်ရှေမက်နယ်နိမိတ်တိုင်အောင် အနောက်မှ လိုက်သွားကြ၏။
13ဗက်ရှေမက်မြို့သားတို့သည် ချိုင့်ဝှမ်းလွင်ပြင်တို့၌ ဂျုံစပါးများ ရိတ်သိမ်းနေချိန်ဖြစ်၏။ သူတို့သည် မျှော်ကြည့်၍ သေတ္တာတော်ကိုမြင်လျှင် ဝမ်းသာအားရဖြစ်ကြ၏။ 14နွားလှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲသို့ ဝင်လာပြီး ကျောက်တုံးကြီးအနီးတွင် ရပ်နေ၏။ သူတို့သည် လှည်းအိမ်ကိုဖျက်ပြီး နွားမတို့ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ကြလေ၏။ 15လေဝိအမျိုးသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေထည်ပစ္စည်းပါသောသေတ္တာကိုချပြီး ကျောက်တုံးကြီးပေါ်တွင် တင်ထားကြ၏။ ထိုနေ့တွင် ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရားထံ မီးရှို့ရာယဇ်နှင့် ပူဇော်သက္ကာတို့ကို ပူဇော်ကြ၏။ 16ဖိလိတ္တိမင်းငါးပါးသည် ဤအဖြစ်အပျက်ကို ကြည့်ပြီး ထိုနေ့တွင်ပင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
17ထာဝရဘုရားထံ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဖိလိတ္တိလူမျိုးတို့ ပို့လိုက်သော ရွှေပလိပ်နာဖုအရုပ်များမှာ အာဇုတ်မြို့အတွက် တစ်ခု၊ ဂါဇမြို့အတွက် တစ်ခု၊ အာရှကေလုန်မြို့အတွက် တစ်ခု၊ ဂါသမြို့အတွက် တစ်ခု၊ ဧကြုန်မြို့အတွက် တစ်ခုဖြစ်၏။ 18ရွှေကြွက်ရုပ်များမှာ ခံတပ်မြို့နှင့် ကျေးလက်ဒေသများအပါအဝင် ဖိလိတ္တိမင်းငါးပါးအုပ်ချုပ်သောမြို့ရွာတို့၏အရေအတွက်အတိုင်း ဖြစ်၏။ ထာဝရဘုရား၏သေတ္တာတော်တင်ထားခဲ့သောကျောက်တုံးကြီးသည် ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲတွင် သက်သေအဖြစ် ရှိနေသေး၏။
19ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ်#6:19 တိုက်ရိုက်ပြန်ဆိုလျှင် “လူခုနစ်ဆယ် လူငါးသောင်း”။ ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။ 20ဗက်ရှေမက်မြို့သားတို့က “ဤသန့်ရှင်းသောဘုရားသခင် ထာဝရဘုရားရှေ့တော်တွင် မည်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် ငါတို့ထဲမှ မည်သူ့ထံသို့ ကြွတော်မူပါမည်နည်း”ဟု ပြောဆိုကြ၏။
21ထို့နောက် သူတို့သည် ကိရယတ်ယာရိမ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ပြန်ပို့လာပြီ။ သင်တို့လာ၍ ယူဆောင်သွားကြပါလော့”ဟု မှာလိုက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative