ဓမ္မရာဇဝင်ပထမစောင် 7
7
1ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။
မိဇပါမြို့၌ အောင်မြင်ခြင်း
2ထိုနေ့မှစ၍ သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့၌ အနှစ်နှစ်ဆယ်တိုင်တိုင် အချိန်ကြာမြင့်စွာရှိနေ၏။ ထိုအချိန်အတွင်းတွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်အားကိုးလျက်နေကြ၏။ 3ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။ 4ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
5ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။ 6အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။
7အစ္စရေးအမျိုးသားတို့သည် မိဇပါမြို့၌ စုဝေးကြကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားသောအခါ ဖိလိတ္တိမင်းတို့သည် အစ္စရေးအမျိုးသားတို့ကိုတိုက်ခိုက်ရန် ချီလာကြ၏။ ထိုသတင်းကို အစ္စရေးအမျိုးသားတို့ ကြားသိသောအခါ ဖိလိတ္တိလူမျိုးတို့ကို ကြောက်ရွံ့ကြကုန်၏။ 8ထို့ကြောင့် အစ္စရေးအမျိုးသားတို့က ရှမွေလအား “အကျွန်ုပ်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှကယ်နုတ်တော်မူပါမည့်အကြောင်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ အကျွန်ုပ်တို့အဖို့ ဆက်လက်ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
9ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။ 10ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ 11အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့မှထွက်၍ ဗက်ကာမြို့အောက်ဘက်တိုင်အောင် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံသတ်ဖြတ်လေ၏။
12ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာ#7:12 “ကူညီမစရာကျောက်တုံး”ဟူသောအဓိပ္ပာယ်ရှိ၏။ဟုခေါ်လေ၏။ 13ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။ 14အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။
15ရှမွေလသည် အသက်ရှင်သမျှကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ 16သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ 17ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative