ဓမ္မရာဇဝင်ပထမစောင် 9
9
ရှောလုကိုရှင်ဘုရင်အဖြစ် ဘိသိက်ပေးခြင်း
1ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက်ရှိ၏။ သူသည် ဗင်္ယာမိန်အမျိုးသားအာဖိ၏တီ၊ ဗေခေါရတ်၏မြစ်၊ ဇေရော်၏မြေး၊ အဗျေလ၏သားဖြစ်၏။ သူသည် ဥစ္စာပစ္စည်းကြွယ်ဝသူတစ်ဦးဖြစ်၏။ 2ထိုသူ၌ ရှောလု ဟုခေါ်သော သားတစ်ယောက်ရှိ၏။ ရှောလုသည် ငယ်ရွယ်နုပျို၍ ရုပ်ရည်ခန့်ညားသောသူဖြစ်၏။ အစ္စရေးအမျိုးသားတို့ထဲတွင် သူ့ထက်ပို၍ရုပ်ရည်ခန့်ညားသောသူ တစ်ယောက်မျှမရှိ။ အခြားသူများထက်လည်း ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်၏။
3တစ်နေ့တွင် ရှောလု၏ဖခင်ကိရှသည် မြည်းများပျောက်ဆုံးနေ၏။ ထို့ကြောင့် ကိရှက မိမိသားရှောလုအား “ထလော့။ သင်နှင့်အတူ ငယ်သားတစ်ယောက်ကို ခေါ်၍ မြည်းများကို သွားရှာလော့”ဟု ဆို၏။ 4သူသည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးနှင့် ရှိလိရှနယ်မြေတစ်လျှောက်လုံးတို့တွင် ရှာသော်လည်း မတွေ့။ ရှာလိမ်နယ်တစ်လျှောက်တွင်လည်း မရှိ။ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးတွင် ရှာသော်လည်း မတွေ့။
5သူတို့သည် ဇုဖနယ်သို့ပင် ရောက်လာကြ၏။ ထိုအခါ ရှောလုက မိမိနှင့်အတူပါလာသောငယ်သားအား “လာပါ။ ငါတို့ပြန်လှည့်ကြစို့။ ငါ၏ဖခင်သည် မြည်းအတွက် မစိုးရိမ်။ ငါတို့အတွက် စိုးရိမ်နေရလိမ့်မည်”ဟု ဆို၏။
6ငယ်သားကလည်း “ကြည့်ပါ။ ဤမြို့တွင် ဘုရားသခင်၏လူတစ်ဦးရှိ၏။ သူသည် လူအများရိုသေလေးစားခြင်းကို ခံရသူဖြစ်၏။ သူပြောသမျှစကားတို့သည်လည်း အလုံးစုံဖြစ်လာတတ်၏။ ယခု သူ့ထံသို့သွားကြစို့။ အကျွန်ုပ်တို့သွားရမည့်လမ်းကို သူညွှန်ပြကောင်းညွှန်ပြလိမ့်မည်”ဟု ဆို၏။
7ရှောလုကလည်း မိမိငယ်သားအား “ယခု ထိုသူ့ထံသွားလျှင် မည်သည့်အရာယူဆောင်သွားရမည်နည်း။ ငါတို့အိတ်ထဲတွင် မုန့်လည်းကုန်ပြီ။ ဘုရားသခင်၏လူထံသို့ ယူဆောင်သွားရန် ဘာလက်ဆောင်မျှ မရှိ။ ငါတို့၌ ဘာကျန်သေးသနည်း”ဟု ဆို၏။
8ငယ်သားကလည်း ရှောလုအား “ကြည့်ပါ။ အကျွန်ုပ်၌ ငွေရှယ်ကယ်တစ်မတ်#9:8 “0.19 ကျပ်သား သို့မဟုတ် 2.9 ဂရမ်”။ ရှိပါ၏။ ဤငွေကို ဘုရားသခင်၏လူအား ပေးပါမည်။ သူသည် အကျွန်ုပ်တို့သွားရမည့်လမ်းကို ပြပါလိမ့်မည်”ဟု ပြန်ပြော၏။
9(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)
10ရှောလုကလည်း မိမိငယ်သားအား “သင်ပြောသည့်အတိုင်း ကောင်းပါ၏။ လာပါ။ ငါတို့ သွားကြစို့”ဟု ဆိုလျက် ဘုရားသခင်၏လူရှိရာမြို့သို့ သွားကြ၏။ 11ထိုမြို့သို့သွားရန် တောင်ကုန်းကိုတက်လာကြစဉ် ရေခပ်ထွက်လာသောမိန်းမပျိုတို့နှင့်တွေ့၍ “ဤမြို့တွင် စိတ်အာရုံရသူ ရှိပါသလော”ဟု မေး၏။
12သူတို့ကလည်း “ရှိပါ၏။ ကြည့်ရှုလော့။ သင်တို့ရှေ့၌ သွားလျက်ရှိပါ၏။ အလျင်အမြန်လိုက်သွားပါလော့။ ယနေ့တွင် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပူဇော်ကြမည်ဖြစ်၍ ဤမြို့သို့ ယခု သူရောက်လာပါ၏။ 13သူမရောက်လာမချင်း လူတို့သည် စားခွင့်မရှိ။ သူလာ၍ ယဇ်ကောင်ကိုကောင်းချီးပေးပြီးမှ ဖိတ်ခေါ်ထားသောသူတို့သည် စားရမည်ဖြစ်သောကြောင့် စားသောက်ဖို့ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ သူမတက်သွားမီ သင်တို့ မြို့ထဲဝင်သည်နှင့် သူ့ကိုတွေ့ရလိမ့်မည်။ ထို့ကြောင့် ယခု သင်တို့တက်သွားလျှင် သူ့ကိုတွေ့နိုင်ကောင်းပါ၏”ဟု ပြန်ပြော၏။ 14သူတို့သည် မြို့သို့တက်သွား၍ မြို့ထဲသို့ဝင်လာစဉ်တွင် ရှမွေလသည်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်သို့ တက်သွားသည်နှင့်ဆုံ၏။
15ရှောလုမလာမီတစ်ရက်အလိုတွင် ထာဝရဘုရားက ရှမွေလအား 16“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။ 17ရှမွေလသည် ရှောလုကိုမြင်သောအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ဤသူသည် သင့်အား ငါမိန့်ကြားထားသောသူ ဖြစ်၏။ သူသည် ငါ့လူမျိုးတော်ကို အုပ်ချုပ်လိမ့်မည်”ဟု မိန့်တော်မူ၏။
18ရှောလုသည် မြို့တံခါးနားရှိ ရှမွေလထံသို့ ချဉ်းကပ်လာလျက် “စိတ်အာရုံရသူ၏အိမ်သည် အဘယ်မှာရှိသနည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု ဆို၏။
19ရှမွေလကလည်း ရှောလုအား “စိတ်အာရုံရသူမှာ ငါပင်ဖြစ်၏။ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ ငါ့ရှေ့မှတက်သွားလော့။ ယနေ့တွင် သင်တို့သည် ငါနှင့်အတူ စားသောက်ရမည်။ မနက်ဖြန်မှ ပြန်ကြပါ။ သင့်စိတ်ထဲ၌ သိလိုသောအရာအားလုံးကိုလည်း ငါပြောပြမည်။ 20လွန်ခဲ့သောသုံးရက်က ပျောက်သွားသောမြည်းများအတွက် စိတ်မပူနှင့်။ ထိုမြည်းတို့ကို ပြန်တွေ့ပြီ။ အစ္စရေးလူမျိုးသည် မည်သူ့ကို အလိုရှိပါသနည်း။ သင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကိုမဟုတ်လော”ဟု ပြန်ပြောလေ၏။
21ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။
22ထို့နောက် ရှမွေလသည် ရှောလုနှင့် သူ့ငယ်သားကို ခန်းမထဲသို့ခေါ်လာ၍ ဖိတ်ခေါ်ထားသောသူအယောက်သုံးဆယ်ခန့်တို့ ရှေ့၌ ထိုင်စေပြီးလျှင် 23ရှမွေလက စားတော်ကဲအား “သီးသန့်ဖယ်ထားဖို့ ငါမှာထားသောအသားကို ယူခဲ့လော့”ဟု ဆို၏။
24စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။ 25သူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်မှ မြို့ထဲသို့ပြန်ဆင်းလာပြီး ရှမွေလသည် ခေါင်မိုးပြင်တွင် ရှောလုနှင့်စကားပြော၏။
26နံနက်အရုဏ်တက်ချိန်ရောက်လျှင် ထကြပြီး ရှမွေလသည် ရှောလုအား ခေါင်မိုးပြင်မှခေါ်ဆင်းလာ၍ “အဆင်သင့်ပြင်ထားလော့၊ သင့်ကိုငါပြန်လွှတ်မည်”ဟု ဆိုလျှင် ရှောလုသည်ထ၍ ရှမွေလနှင့်အတူ သူတို့နှစ်ဦးအပြင်သို့ထွက်သွားကြ၏။ 27သူတို့သည် မြို့စွန်သို့ဆင်းသွားစဉ် ရှမွေလက ရှောလုအား “သင့်ငယ်သားကို ရှေ့မှသွားနှင့်စေပါ”ဟု ဆိုသဖြင့် ငယ်သားလည်း သွားနှင့်လေ၏။ ထိုအခါ ရှမွေလက “သင်မူကား ဤနေရာ၌ ခဏရပ်နေလော့။ ဘုရားသခင်၏စကားတော်ကို သင့်အား ငါပြောပြမည်”ဟု ဆို၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative