သက်သာလောနိတ်ဩဝါဒစာပထမစောင် 5
5
သခင်ဘုရား၏နေ့ရက်
1သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။ 2အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။ 3“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
4သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် အမှောင်ထဲ၌မရှိသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ကို အငိုက်ဖမ်းလိမ့်မည်မဟုတ်။ 5အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညနှင့်ဖြစ်စေ၊ အမှောင်နှင့်ဖြစ်စေ စပ်ဆိုင်ကြသည်မဟုတ်။ 6သို့ဖြစ်၍ အခြားသောသူများကဲ့သို့ အိပ်ပျော်ခြင်းမရှိဘဲ သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြကုန်စို့။ 7အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါ၌ အိပ်ပျော်တတ်ကြ၏။ ယစ်မူးသောသူတို့သည်လည်း ညအခါ၌ ယစ်မူးတတ်ကြ၏။ 8ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။ 9အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို အမျက်တော်သက်ရောက်စေရန် သတ်မှတ်ထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုရရှိစေရန် သတ်မှတ်ထားတော်မူ၏။ 10ငါတို့သည် နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူ၏။ 11ထို့ကြောင့် ယခုသင်တို့ပြုနေသည့်အတိုင်း အချင်းချင်းတိုက်တွန်းနှိုးဆော်၍ တစ်ဦးကိုတစ်ဦး တည်ဆောက်မြှင့်တင်ပေးကြလော့။
တိုက်တွန်းနှိုးဆော်ခြင်းနှင့် ကောင်းချီးပေးခြင်း
12ညီအစ်ကိုတို့၊ သင်တို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ သခင်ဘုရား၌ သင်တို့ကို စီမံအုပ်ချုပ်လျက် သင်တို့ကိုသတိပေးဆုံးမနေကြသောသူများကို ကြည်ညိုလေးစားကြရန်လည်းကောင်း၊ 13သူတို့လုပ်ဆောင်သောအမှုအတွက် မေတ္တာစိတ်နှင့် သူတို့ကိုအထူးတန်ဖိုးထားကြရန်လည်းကောင်း သင်တို့အား ငါတို့တောင်းပန်ကြ၏။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။ 14ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။ 15မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။ 16အစဉ်ဝမ်းမြောက်ကြလော့။ 17အမြဲမပြတ် ဆုတောင်းကြလော့။ 18အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။ 19ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။ 20ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။ 21သို့သော် အရာခပ်သိမ်းတို့ကိုစစ်ဆေး၍ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။ 22မကောင်းမှုအမျိုးစုံတို့ကို ရှောင်ကြဉ်ကြလော့။
23ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။ 24သင်တို့ကို ခေါ်ယူတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်။
25ညီအစ်ကိုတို့၊ ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ 26ညီအစ်ကိုအားလုံးတို့ကို သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ 27ဤစာကို ညီအစ်ကိုအားလုံးတို့ရှေ့၌ဖတ်ကြားရန် သခင်ဘုရား၌ သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏။
28ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
လက်ရှိရွေးချယ်ထားမှု
သက်သာလောနိတ်ဩဝါဒစာပထမစောင် 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative