YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 24

24
ဒါဝိဒ်မင်းကြီး၏စစ်တပ် လူဦးရေစာရင်းကောက်ခြင်း
1တစ်ဖန် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​တော်မူ​၍ ဒါဝိဒ်​မင်းကြီး​၏​စိတ်​ကို​နှိုးဆော်​သဖြင့် ဒါဝိဒ်​မင်းကြီး​က လူ​တို့​အား “​အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​ကို သွား​၍​စာရင်းယူ​လော့​”​ဟု ဆို​၏​။ 2ရှင်ဘုရင်​က သူ့​ထံ​အခစားဝင်​နေ​သော​ဗိုလ်ချုပ်​ယွာဘ​အား “​အစ္စရေး​အမျိုးအနွယ်​အားလုံး​၏​အရေအတွက်​ကို ငါ​သိ​ရ​အောင် ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင်​သွား​ပြီး စာရင်းယူ​လော့​”​ဟု မိန့်ဆို​၏​။ 3ယွာဘ​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​သည်​ကို အရှင်​မင်းကြီး ကိုယ်တိုင်​မြင်တွေ့​ရ​ပါစေသော​။ အဘယ်ကြောင့် အရှင်​မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​”​ဟု လျှောက်တင်​၏​။ 4သို့ရာတွင် ရှင်ဘုရင်​၏​အမိန့်​တော်​သည် ယွာဘ​နှင့် စစ်သူကြီး​တို့​ကို လွှမ်းမိုး​နိုင်​သဖြင့် ယွာဘ​နှင့် စစ်သူကြီး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စာရင်းယူ​ရန် ရှင်ဘုရင်​ထံ​မှ ထွက်သွား​ကြ​လေ​၏​။ 5သူ​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂဒ်​ချိုင့်ဝှမ်း​အလယ် အာရော်​မြို့​တောင်ဘက်​တွင် စခန်းချ​ကြ​ပြီးနောက် ယာဇာ​မြို့​သို့​ဆက်သွား​ကြ​၏​။ 6ထိုမှ ဂိလဒ်​ပြည်​၊ တက်တိမ်ဟော​ရှိ​ပြည်​တို့​သို့ သွား​ပြီး ဒန်ယန်​ပြည်​နှင့် ဆီဒုန်​ပြည်​ဘက်​သို့ ပတ်သွား​ကြ​၏​။ 7ထိုမှ တိုင်ရာ​ခံတပ်​မြို့​၊ ဟိဝိ​လူမျိုး​နှင့် ခါနာန်​လူမျိုး​တို့ နေထိုင်​ရာ​မြို့​ရှိသမျှ​တို့​သို့ သွား​၏​။ ယုဒ​ပြည်​၊ နေဂေ့​အရပ်​ရှိ​ဗေရရှေဘ​မြို့​သို့​လည်း သွား​ကြ​၏​။ 8သူ​တို့​သည် ကိုး​လ​နှင့် ရက်​နှစ်ဆယ်​ကြာ​အောင် တစ်ပြည်လုံး​သို့ လှည့်လည်​သွားလာ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။ 9ယွာဘ​သည် လူ​အရေအတွက်​စာရင်း​ကို ရှင်ဘုရင်​ထံ ပေးအပ်​၏​။ စာရင်း​အရ​ဓား​ကိုင်​စစ်သူရဲ​များ​မှာ အစ္စရေး​အမျိုးသား​တွင် ရှစ်သိန်း​၊ ယုဒ​အမျိုးသား​တွင် ငါးသိန်း ရှိ​၏​။ 10ဒါဝိဒ်​မင်းကြီး​သည် ထိုသို့ လူ​အရေအတွက်​စာရင်း​ကို ကောက်ယူ​ပြီးမှ နောင်တရ​သဖြင့် ထာဝရဘုရား​အား “​အကျွန်ုပ်​သည် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲ​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။
ဒါဝိဒ်မင်းကြီးအပြစ်ဒဏ်စီရင်ခံရခြင်း
11ဒါဝိဒ်​မင်းကြီး နံနက်​အိပ်ရာ​ထ​ချိန်​တွင် ဒါဝိဒ်​မင်းကြီး​၏​ဗျာဒိတ်ဆရာ ပရောဖက်​ဂဒ်​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ရောက်လာ​၍ 12“​သင်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​ပြီး ‘​သင့်​အား ရွေးချယ်စရာ​သုံး​ခု​ကို ပေး​ထား​ပြီ​။ ထို​သုံး​ခု​ထဲမှ တစ်​ခု​ကို ရွေး​လော့​။ သင်​ရွေး​သည့်​အချက်​အတိုင်း သင့်​ကို ပြု​မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။
13ထို့ကြောင့် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​၍ “​အရှင်မင်းကြီး​၏​တိုင်းပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ခုနစ်​နှစ်#24:13 “သုံးနှစ်” (၅ရာ ၂၁း၁၂)​။ ဖြစ်​စေ​ရ​မည်လော​။ သို့မဟုတ် ရန်သူ​လိုက်​သဖြင့် အရှင်မင်းကြီး​ကို သုံး​လ​ပတ်လုံး​ထွက်ပြေး​စေ​ရ​မည်လော​။ သို့မဟုတ် တိုင်းပြည်​တွင် သုံး​ရက်​ပတ်လုံး​ကပ်ရောဂါဘေး ကျရောက်​စေ​ရ​မည်လော​။ အကျွန်ုပ်​ကို စေလွှတ်​သော​အရှင်​အား မည်သည့်​အဖြေ​ပြန်ပေး​ရ​မည်​ကို ယခု စဉ်းစား​ဆုံးဖြတ်​ပါ​လော့​”​ဟု လျှောက်တင်​၏​။
14ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။
15ထို့ကြောင့် ထာဝရဘုရား​သည် ထို​နေ့​နံနက်အချိန်​မှစ၍ သတ်မှတ်​ထား​သော​အချိန်​ထိ အစ္စရေး​လူမျိုး​တို့​ထဲသို့ ကပ်ရောဂါ​ဘေး​ကျရောက်​စေ​သဖြင့် ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် လူ​ခုနစ်သောင်း သေ​ကြ​ရ​၏​။ 16ကောင်းကင်တမန်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် လက်​ကို​ဆန့်​တော်မူ​လျှင် ထာဝရဘုရား​သည် ထို​ကပ်ရောဂါ​ဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် လူ​တို့​ကို​ဖျက်ဆီး​သည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​၌ ရှိ​နေ​၏​။
17လူ​တို့​ကို​ဒဏ်ခတ်​သော​ကောင်းကင်တမန်​ကို မြင်​သောအခါ ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​အား “​အပြစ်ပြု​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ အမှား​ကျူးလွန်​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​၌​သာ ကိုယ်တော်​၏​လက်​တော် ကျရောက်​စေ​ပါ​”​ဟု လျှောက်တင်​လေ​၏​။
ဒါဝိဒ်မင်းကြီးယဇ်ပလ္လင်တည်ခြင်း
18ထို​နေ့​တွင် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ “ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လော့​”​ဟု ဆို​၏​။ 19ဒါဝိဒ်​မင်းကြီး​သည်​လည်း ဂဒ်​အား ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​စကား​အတိုင်း သွား​၍ ပြု​လေ​၏​။ 20အရောန​သည် ရှင်ဘုရင်​နှင့်​မင်းမှုထမ်း​တို့ သူ့​ထံသို့​လာ​နေ​သည်​ကို လှမ်းမြင်​လျှင် ရှင်ဘုရင်​ထံသို့​သွား​၍ ရှေ့​တော်​တွင် မြေ​မှာ​ပျပ်ဝပ်​လျက်
21“​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အရှင့်​အစေအပါး​ထံ အဘယ်​အရေး​ကြောင့်​ကြွလာ​ရ​ပါ​သနည်း​”​ဟု အရောန​မေးလျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ဝယ်ယူ​ရန် လာ​ပါ​သည်​”​ဟု မိန့်ဆို​လျှင်
22အရောန​က ဒါဝိဒ်​မင်းကြီး​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မီးရှို့ရာယဇ်​အဖို့ နွား​ရှိ​ပါ​၏​။ ထင်း​အဖို့ ကောက်နယ်​သစ်သားပြား​နှင့် လယ်ထွန်​တန်ဆာပလာ​များ​လည်း ရှိ​ပါ​၏​။ အလိုရှိ​သည့်​အတိုင်း ယူ​တော်မူ​ပါ​။ ပူဇော်​တော်မူ​ပါ​။ 23အို အရှင်မင်းကြီး​၊ အရောန​၌​ရှိသမျှ​ကို အရှင်မင်းကြီး​အား ပေး​ပါ​၏​”​ဟု လျှောက်တင်​၏​။ ထို့ပြင် အရောန​သည် ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အရှင့်​ကို လက်ခံ​တော်မူ​ပါစေသော​”​ဟု လျှောက်ဆို​၏​။
24သို့သော် ရှင်ဘုရင်​က အရောန​အား “​ထိုသို့​မ​ဟုတ်​ပါ​။ စင်စစ် သင့်​မြေ​ကို အဖိုးအခ​ပေး​၍ ဝယ်​ပါ​မည်​။ ငါ​သည် အဖိုးအခမပေး​ဘဲ မီးရှို့ရာယဇ်​ကို ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မ​ပူဇော်​လို​ပါ​”​ဟု မိန့်ဆို​၍ ဒါဝိဒ်​မင်းကြီး​သည် ကောက်နယ်တလင်း​နှင့် နွား​ကို ငွေ​ရှယ်ကယ်​ငါးဆယ်#24:24 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။​ဖြင့် ဝယ်ယူ​လေ​၏​။ 25ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထာဝရဘုရား​သည်​လည်း တိုင်းပြည်​အတွက် အသနားခံ​သည်​ကို နားညောင်း​တော်မူ​ပြီး အစ္စရေး​လူမျိုး​တို့ ခံရ​သော​ဘေးဒဏ်​ကို ငြိမ်း​စေ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ