YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 14

14
ဣကောနိမြို့၌ သာသနာပြုခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း
1ပေါလု​နှင့်​ဗာနဗ​တို့​သည် ဣကောနိ​မြို့​၌​လည်း ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ထိုနည်းတူ ဟောပြော​ကြ​ရာ ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အမြောက်အမြား​တို့​သည် ယုံကြည်​ကြ​၏။ 2သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။ 3ထို့ကြောင့် သူ​တို့​နှစ်ဦး​သည် အချိန်​အတန်ကြာ​နေ​လျက် သခင်​ဘုရား​အားဖြင့် ရဲရင့်​စွာ​ဟောပြော​ကြ​၏။ သခင်​ဘုရား​သည်​လည်း သူ​တို့​၏​လက်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို ပြု​ခွင့်​ပေး​တော်မူ​၍ မိမိ​ကျေးဇူး​တော်​နှင့်ဆိုင်သော​နှုတ်ကပတ်​တရား​ဘက်​၌ သက်သေခံ​တော်မူ​၏။ 4မြို့သူ​မြို့သား​တို့​သည် နှစ်စု​ကွဲ​၍ အချို့​တို့​သည် ဂျူး​လူမျိုး​တို့​ဘက်၌​ပါ​ကြ​ပြီး အချို့​တို့​သည် တမန်တော်​တို့​ဘက်၌​ပါ​ကြ​၏။ 5လူမျိုးခြား​များ​နှင့်​ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​အကြီးအကဲ​များ​နှင့်အတူ တမန်တော်​တို့​ကို နှိပ်စက်​၍ ခဲ​နှင့်​ပေါက်​သတ်​ရန် ကြံစည်​အားထုတ်​ကြ​သောအခါ 6တမန်တော်​တို့​သည် ကြားသိ​၍ လုကောနိ​ပြည်​ရှိ​မြို့​များ​ဖြစ်​ကြ​သည့် လုတ္တရ​မြို့၊ ဒေရဗေ​မြို့​နှင့် ဝန်းကျင်​ရှိ​ဒေသ​များ​သို့ ထွက်ပြေး​ကာ 7ထို​အရပ်​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက်​နေ​ကြ​၏။
ဗာနဗနှင့်ပေါလုတို့ကို ဘုရားများဟု ထင်မှတ်ကြခြင်း
8လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။ 9ထို​သူ​သည် ပေါလု​ဟောပြော​သည်​ကို နားထောင်​နေ​၏။ ပေါလု​သည် ထို​သူ​ကို စေ့စေ့​ကြည့်​၍ အကောင်း​ပကတိ​ဖြစ်​ရန် သူ​၌ ယုံကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင် 10“ထ​၍ သင့်​ခြေထောက်​ဖြင့် မတ်မတ်​ရပ်​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်​လေ​၏။
11လူ​တို့​သည် ပေါလု​ပြု​သော​အရာ​ကို မြင်​လျှင် “ဘုရား​များ​သည် လူ့​အသွင်​ကို​ဆောင်​လျက် ငါ​တို့​ထံသို့ ဆင်းသက်​လာ​လေ​ပြီ”​ဟု မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ လုကောနိ​ဘာသာ​စကား​ဖြင့် ပြောဆို​ကြ​၏။ 12သူ​တို့​သည် ဗာနဗ​ကို ဇုသ​ဟု​ခေါ်​၍ ပေါလု​သည် ဦးဆောင်​ဟောပြော​သူ​ဖြစ်​သောကြောင့် သူ့​ကို ဟေရမေ​ဟု​ခေါ်​ကြ​၏။ 13မြို့​အပြင်​၌​ရှိ​သော ဇုသ​၏​ယဇ်ပုရောဟိတ်​သည် လူထု​ပရိသတ်​နှင့်အတူ ယဇ်​ပူဇော်​လို​၍ နွားလား​နှင့်​ပန်းကုံး​များ​ကို မြို့​တံခါးဝ​သို့ ယူဆောင်​လာ​၏။
14တမန်တော်​ဗာနဗ​နှင့်​ပေါလု​တို့​သည် ထို​အကြောင်း​ကို​ကြား​လျှင် မိမိ​တို့​၏​အဝတ်​ကို​ဆုတ်ဖြဲ​၍ လူထု​ပရိသတ်​အလယ်​သို့​ပြေးသွား​ကာ 15“မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။ 16လွန်လေပြီး​သော​ခေတ်​ကာလ​များ​တွင် ဘုရားသခင်​သည် လူမျိုး​တကာ​တို့​ကို မိမိ​တို့​လမ်းစဉ်​အတိုင်း​လျှောက်လှမ်း​ကြ​ရန် အခွင့်​ပေး​ထား​တော်မူ​၏။ 17သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။ 18သူ​တို့​သည် ထိုသို့​ပြောဆို​လျက် မိမိ​တို့​အား ယဇ်​ပူဇော်​ခြင်း​မ​ပြု​ကြ​ရန် လူထု​ပရိသတ်​များ​ကို ခဲယဉ်း​စွာ​တားမြစ်​ရ​၏။
19ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။ 20သို့သော် တပည့်​တော်​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက်​နေ​ကြ​စဉ် သူ​သည် ထ​၍ မြို့​ထဲသို့​ဝင်​လေ​၏။ နောက်တစ်နေ့​တွင် ပေါလု​သည် ဗာနဗ​နှင့်အတူ ဒေရဗေ​မြို့​သို့ ထွက်ခွာ​သွား​လေ​၏။
အသင်းတော်တည်ထောင်ခြင်း
21သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင် 22တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။ 23အသင်းတော်​တိုင်း​တွင်​လည်း သူ​တို့​အတွက် အသင်းတော်​အကြီးအကဲ​များ​ကို​ခန့်ထား​၍ အစာရှောင်​လျက် ဆုတောင်း​ကြ​ကာ သူ​တို့​ယုံကြည်​သော​သခင်​ဘုရား​ထံသို့ သူ​တို့​ကို​အပ်နှံ​ကြ​၏။ 24ထို့နောက် ပေါလု​နှင့်​ဗာနဗ​တို့​သည် ပိသိဒိ​ပြည်​ကို​ဖြတ်​၍ ပံဖုလိ​ပြည်​သို့​ရောက်​ကာ 25ပေရဂေ​မြို့​၌ နှုတ်ကပတ်​တရား​ကို​ဟောပြော​ပြီးလျှင် အတ္တလိ​မြို့​သို့ ဆင်း​သွား​ကြ​၏။
26ထို​မြို့​မှ​တစ်ဆင့် ရွက်လွှင့်​ကာ ယခု သူ​တို့​ဆောင်ရွက်​ပြီးစီး​သွား​သော​အမှု​တော်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​၌​အပ်နှံ​ခြင်း​ခံ​ခဲ့​ရာ​အန္တိအုတ်​မြို့​သို့ ပြန်​သွား​ကြ​၏။ 27သူ​တို့​ရောက်​ကြ​သောအခါ အသင်းတော်​ကို​စုဝေး​စေ​လျက် မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို​လည်းကောင်း၊ ယုံကြည်​ခြင်း​တံခါး​ကို လူမျိုးခြား​တို့​အတွက် ဖွင့်​ပေး​တော်မူ​ကြောင်း​ကို​လည်းကောင်း ပြောကြား​ကြ​၏။ 28ထို့နောက် သူ​တို့​သည် တပည့်​တော်​တို့​နှင့်အတူ အချိန်​ကြာမြင့်​စွာ​နေ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ