တမန်တော်ဝတ္ထု 17
17
သက်သာလောနိတ်မြို့မှ အမှုတော်လုပ်ငန်း
1ထို့နောက် ပေါလုနှင့်သိလတို့သည် အံဖိပေါလိမြို့နှင့်အာပေါလောနိမြို့တို့ကို ဖြတ်၍ သက်သာလောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင် ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်းရှိ၏။ 2ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ထံသို့ဝင်၍ ဥပုသ်နေ့သုံးကြိမ်တိုင်တိုင် ကျမ်းစာကိုအမှီပြုလျက် သူတို့နှင့်ဆွေးနွေးပြောဆိုကာ 3ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သေသောသူတို့ထဲမှ ထမြောက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြပြီး သင်တို့အား ငါဟောပြောသောဤယေရှုပင် ခရစ်တော်ဖြစ်သည်ဟုဆိုလေ၏။ 4သူတို့ထဲမှ အချို့တို့သည် ယုံကြည်၍ ပေါလုနှင့်သိလတို့နောက်သို့ လိုက်ကြ၏။ ထိုသူတို့တွင် ဘုရားသခင်ကိုကိုးကွယ်သော ဂရိအမျိုးသားအမြောက်အမြားပါ၍ ထင်ပေါ်ကျော်ကြားသော အမျိုးသမီးတို့သည်လည်းမနည်းလှပေ။
ယာသုန်၏အိမ်၌ ပြင်းစွာရန်ပြုခံရခြင်း
5သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။ 6သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍ 7ယာသုန်သည် သူတို့ကို လက်ခံထားပါသည်။ သူတို့အားလုံးသည် ယေရှုဟူသောအခြားဘုရင်တစ်ပါးရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်ကို ဆန့်ကျင်ဘက်ပြုကြပါသည်”ဟု အော်ဟစ်ပြောဆိုကြ၏။ 8ထိုအရာများကိုကြားရသော လူထုပရိသတ်နှင့်အာဏာပိုင်တို့သည် စိတ်ပူပန်လျက် 9ယာသုန်နှင့် အခြားညီအစ်ကိုတို့ထံမှ အာမခံငွေကိုယူပြီးလျှင် သူတို့ကို ပြန်လွှတ်ကြ၏။
ကျမ်းစာကိုဖတ်ရှုလေ့လာကြသော ဗေရိမြို့သားများ
10ညီအစ်ကိုတို့သည် ပေါလုနှင့်သိလတို့ကို ညတွင်းချင်းပင် ဗေရိမြို့သို့ စေလွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းသို့ သွားကြ၏။ 11ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။ 12ထို့ကြောင့် များစွာသောသူတို့သည် ယုံကြည်ကြ၏။ ထိုသူတို့တွင် ဂုဏ်သရေရှိသောဂရိအမျိုးသမီးများနှင့်အမျိုးသားများလည်း မနည်းလှပေ။
13သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။ 14ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။ 15ပေါလုကိုလိုက်ပို့သောသူတို့သည် သူ့ကို အေသင်မြို့တိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့်တိမောသေတို့အား မိမိထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာကြပါဟူသော ပေါလု၏ညွှန်ကြားချက်ကိုယူ၍ ပြန်သွားကြ၏။
အေသင်မြို့သို့ပေါလုရောက်ရှိခြင်း
16ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။ 17ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။ 18ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။ 19ထိုအခါ သူတို့သည် ပေါလုကို အာရေပါဂုရုံးတော်သို့ ခေါ်သွားပြီးလျှင် “သင်ဟောပြောနေသော ဤအယူဝါဒအသစ်သည် မည်သည့်အရာဖြစ်သည်ကို ငါတို့သိပါရစေ။ 20အကြောင်းမူကား သင်သည် ငါတို့အတွက်အသစ်အဆန်းဖြစ်သောအရာအချို့တို့ကို ယူဆောင်လာသည်ဖြစ်၍ ၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို ငါတို့သိလိုပါသည်”ဟု ဆိုကြ၏။ 21အေသင်မြို့သားများမှစ၍ အလည်အပတ်ရောက်ရှိလာသော သူစိမ်းဧည့်သည်အပေါင်းတို့သည် အသစ်အဆန်းဖြစ်သောအရာတစ်စုံတစ်ခုကို ပြောဆိုရန်၊ သို့မဟုတ် ကြားနာရန်အတွက်သာ အချိန်ကိုအသုံးချတတ်ကြ၏။
အာရေပါဂုရုံးတော်၌ဟောပြောခြင်း
22ထို့ကြောင့် ပေါလုသည် အာရေပါဂုရုံးတော်အလယ်၌ရပ်လျက် “အေသင်မြို့သားတို့၊ သင်တို့သည် အရာရာ၌ ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြသည်ကို ငါမြင်ရ၏။ 23သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
24ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။ 25ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။ 26ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။ 27ဤသို့ပြုခြင်းမှာ လူတို့သည် ဘုရားသခင်ကို လိုက်စမ်း၍ တွေ့လိုတွေ့ငြား ရှာဖွေကြစေရန် အတွက်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်စုံတစ်ဦးနှင့်မျှ ဝေးကွာတော်မူသည်မဟုတ်။ 28အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က ‘စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏’ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
29ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။ 30ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။ 31အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
32သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။ 33ထိုအခါ ပေါလုသည် သူတို့ထံမှ ထွက်သွားလေ၏။ 34သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော်ဝတ္ထု 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative