ဒေသနာကျမ်း 1
1
ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏
1ဂျေရုဆလင်မြို့၌စိုးစံသောရှင်ဘုရင်၊ ဒါဝိဒ်၏သားတော်၊ ဒေသနာဆရာ၏စကားများ။ 2အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။ 3လူသည် နေအောက်တွင် သူကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးတို့မှ မည်သည့်အကျိုးကိုရရှိသနည်း။ 4မျိုးဆက်တစ်ဆက်လွန်သွား၍ မျိုးဆက်တစ်ဆက်ပေါ်လာ၏။ သို့သော် ကမ္ဘာမြေကြီးသည် အစဉ်အမြဲတည်နေ၏။ 5နေထွက်လာ၍ နေဝင်သွား၏။ ထို့နောက် ထွက်လာရာသူ့နေရာသို့ လျင်မြန်စွာပြန်သွား၏။ 6လေသည် တောင်ဘက်သို့တိုက်ပြီးလျှင် မြောက်ဘက်သို့ပြန်လှည့်တတ်၏။ လေသည် လှည့်၍လှည့်၍တိုက်ပြီးလျှင် မိမိပတ်လမ်းကြောင်းအတိုင်းပြန်လှည့်လာတတ်၏။ 7မြစ်အားလုံးသည် ပင်လယ်ထဲသို့စီးဆင်းကြ၏။ သို့ရာတွင် ပင်လယ်သည် မည်သည့်အခါမျှ မပြည့်တတ်။ မြစ်တို့သည် မိမိတို့စီးဆင်းလာရာအရပ်သို့ ပြန်သွား၍ တစ်ဖန်စီးဆင်းတတ်၏။ 8ခပ်သိမ်းသောအရာတို့သည် မပြောပြနိုင်အောင် ပင်ပန်းငြီးငွေ့ဖွယ်ကောင်း၏။ မျက်စိသည် ကြည့်၍ဝသည်ဟူ၍မရှိ။ နားသည်လည်း နားထောင်၍အလိုပြည့်ဝသည်ဟူ၍မရှိ။ 9ဖြစ်ပြီးသောအရာသည် တစ်ဖန်ပြန်ဖြစ်လာလိမ့်မည်။ ပြုပြီးသောအရာကိုလည်း တစ်ဖန်ပြန်၍ပြုလိမ့်မည်။ နေအောက်တွင် အသစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ 10ကြည့်ရှုလော့။ ဤအရာသည် အသစ်ဖြစ်၏ဟု ဆိုနိုင်သောအရာတစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ရှေးက ဖြစ်ခဲ့ပြီးသောအရာ၊ ငါတို့မရှိမီကဖြစ်ခဲ့ပြီးသောအရာဖြစ်၏။ 11ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
ဉာဏ်ပညာ၏ကန့်သတ်မှု
12ငါဒေသနာဆရာသည် ဂျေရုဆလင်မြို့တွင် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်သောရှင်ဘုရင်ဖြစ်၏။ 13ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။ 14နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ 15ကောက်သောအရာကို မဖြောင့်စေနိုင်။ လိုနေသောအရာကိုလည်း မရေတွက်နိုင်။
16“ကြည့်ရှုလော့။ ငါသည် ငါ့ထက်အလျင် ဂျေရုဆလင်မြို့၌ရှိခဲ့သောသူအားလုံးတို့ထက်ကြီးမြတ်၍ ဉာဏ်ပညာအရာ၌လည်းတိုးပွား၏။ ငါ၏စိတ်နှလုံးသည်လည်း များစွာသောဉာဏ်ပညာနှင့် အသိပညာတို့ကိုမြင်တွေ့ပြီ”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။ 17တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။ 18အကြောင်းမူကား ဉာဏ်ပညာများပြားသောအခါ ပူဆွေးခြင်းလည်း များပြား၏။ အသိပညာတိုးပွားသောအခါ ဒုက္ခဝေဒနာလည်း တိုးပွား၏။
လက်ရှိရွေးချယ်ထားမှု
ဒေသနာကျမ်း 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative