ထွက်မြောက်ရာကျမ်း 36
36
1ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
2မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။ 3သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။
4သန့်ရှင်းရာဌာနနှင့်ဆိုင်သောအလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသောလက်မှုပညာသည်အပေါင်းတို့သည် ကိုယ်အလုပ်လုပ်နေသည့်လုပ်ငန်းခွင်အသီးသီးမှ မောရှေထံသို့လာ၍ 5“လူတို့ယူဆောင်လာသောအလှူပစ္စည်းတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အလုပ်ကိုလုပ်ဆောင်ရန်အတွက် လိုအပ်သည်ထက် ပိုနေပါသည်”ဟု ပြောကြားကြ၏။
6မောရှေကလည်း “သန့်ရှင်းရာဌာနတော်အဖို့အလှူပစ္စည်းများကို မည်သည့်ယောက်ျားမိန်းမမျှ ထပ်မလုပ်ရ”ဟု အမိန့်ထုတ်၍ တပ်စခန်းတစ်ခုလုံးသို့ ကြေညာစေ၏။ လူတို့ကိုလည်း အလှူပစ္စည်းများထပ်၍မယူဆောင်လာရန် တားမြစ်၏။ 7အလှူပစ္စည်းတို့သည် လုပ်ဆောင်ရမည့်အလုပ်ရှိသမျှအတွက် လုံလောက်သည်သာမက ပိုလျှံလျက်ရှိ၏။
တဲတော်တည်ဆောက်ခြင်း
8အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်#36:8 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။ 9ရွက်ထည်တစ်ထည်စီ၏အလျားသည် နှစ်ဆယ့်ရှစ်တောင်#36:9 “504 လက်မ သို့မဟုတ် 1260 စင်တီမီတာ”။၊ အနံသည် လေးတောင်#36:9 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။ရှိ၏။ ထိုရွက်ထည်အားလုံးသည် အရွယ်အစားတူ၏။ 10ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ထား၏။ 11အပြာရောင်ချည်ဖြင့် ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်တပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်၏။ 12ရွက်ထည်တစ်တွဲအတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အစွန်း၌တပ်ရန်အတွက် ကွင်းအကွင်းငါးဆယ်လုပ်၏။ ထိုကွင်းများသည် တစ်ကွင်းနှင့်တစ်ကွင်းဆိုင်နေကြ၏။ 13ရွှေချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး ကိန်းဝပ်တော်မူရာတဲတော် တစ်ဆောင်တည်းဖြစ်စေရန် ထိုချိတ်များဖြင့် ရွက်ထည်တစ်တွဲနှင့်တစ်တွဲ တွဲထား၏။
14ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်၏။ 15ရွက်ထည်တစ်ထည်စီ၏အလျားသည် အတောင်သုံးဆယ်#36:15 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။၊ အနံသည် လေးတောင်ရှိ၏။ ထိုရွက်ထည်တစ်ဆယ့်တစ်ထည်သည် အရွယ်အစားတူ၏။ 16ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်ထား၏။ 17ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်၏။ 18တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ချိတ်ပေးမည့် ကြေးနီချိတ်အခုငါးဆယ်ကိုလည်း လုပ်၏။ 19တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့်လုပ်၏။ ထိုအပေါ်၌ထပ်မိုးရန်အမိုးကို တဟာရှ#36:19 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။သားရေဖြင့် လုပ်၏။
20ကိန်းဝပ်တော်မူရာတဲတော်အတွက်ဘောင်များကို အကေရှား#36:20 “ထနောင်းမျိုး”။သစ်သားများဖြင့် လုပ်၍ ထောင်ထား၏။ 21ဘောင်တစ်ခုစီ၏အလျားသည် အတောင်တစ်ဆယ်#36:21 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။၊ အနံသည် တစ်တောင့်#36:21 “27 လက်မ သို့မဟုတ် 67.5 စင်တီမီတာ”။တစ်ထွာရှိ၏။ 22ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိ၏။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်၏။ 23ကိန်းဝပ်တော်မူရာတဲတော် တောင်ဘက်ခြမ်းအတွက် ဘောင်အခုနှစ်ဆယ်လုပ်၏။ 24ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ်အခုလေးဆယ်လုပ်၏။ 25ကိန်းဝပ်တော်မူရာတဲတော်၏အခြားတစ်ဖက်ဖြစ်သည့် မြောက်ဘက်ခြမ်းအတွက်လည်း ဘောင်အခုနှစ်ဆယ်လုပ်၏။ 26ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် အောက်ခံငွေအစွပ်လေးဆယ်လုပ်၏။ 27ကိန်းဝပ်တော်မူရာတဲတော်၏အဆုံး အနောက်ဘက်ခြမ်းအတွက် ဘောင်ခြောက်ခုလုပ်၏။ 28ကိန်းဝပ်တော်မူရာတဲတော်အဆုံးရှိ ထောင့်နှစ်ထောင့်အတွက် ဘောင်နှစ်ခုလုပ်၏။ 29ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေ၏။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံး ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထား၏။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်၏။ 30ထို့ကြောင့် ဘောင်ရှစ်ခုရှိ၏။ ဘောင်တစ်ခုစီအောက်၌ အောက်ခံအစွပ်နှစ်ခုစီရှိ၏။ ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ်တစ်ဆယ့်ခြောက်ခုရှိ၏။
31ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှား#36:31 “ထနောင်းမျိုး”။သစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ 32ကိန်းဝပ်တော်မူရာတဲတော်နောက်တစ်ဖက်ရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်အနောက်ဘက်ခြမ်းရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း လုပ်၏။ 33ဘောင်များ၏အလယ်တစ်ဝက်ရှိ အလယ်ကန့်လန့်ကျင်ကို တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် ထုတ်ချင်းပေါက်စေ၏။ 34ဘောင်များကို ရွှေဖြင့်မွမ်းမံ၏။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်၏။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံ၏။
35အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်#36:35 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။ 36ကန့်လန့်ကာအတွက် အကေရှား#36:36 “ထနောင်းမျိုး”။သစ်သားတိုင်လေးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုတိုင်တို့၌ ရွှေချိတ်များပါရှိ၏။ ထိုတိုင်တို့အတွက် အောက်ခံငွေအစွပ်လေးခုကို သွန်းလုပ်၏။
37တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။ 38လိုက်ကာအတွက် ချိတ်များပါရှိသည့် တိုင်ငါးတိုင်ကိုလုပ်၍ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်ကို ရွှေဖြင့်မွမ်းမံ၏။ တိုင်များ၏အောက်ခံအစွပ်ငါးခုကို ကြေးနီဖြင့် သွန်းလုပ်၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 36: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative