YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 6

6
ဒါရိမင်းကြီး မှတ်တမ်းရှာဖွေစစ်ဆေးခြင်း
1ထိုအခါ ဒါရိ​မင်းကြီး​အမိန့်​ထုတ်ပြန်​၍ ဘေဘီလုံ​ဘဏ္ဍာတိုက်​ထဲရှိ မှတ်တမ်း​များ​သိမ်းဆည်း​ထား​သော​နေရာ​၌ ရှာဖွေစစ်ဆေး​စေ​ရာ 2မေဒိ​နယ်​ရှိ အာခမေသ​နန်းတော်​တွင် စာလိပ်​တစ်​ခု​ကို တွေ့​ရ​၏​။ ထို​စာလိပ်​ထဲ၌ 3“​ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​နှင့်​ပတ်သက်၍ ကုရု​မင်းကြီး​က ‘​ယဇ်ကောင်​များ​ကို ပူဇော်​ရာ အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​။ အုတ်မြစ်​ကို ခိုင်ခံ့​စွာ​ချ​စေ​။ အိမ်​တော်​သည် အမြင့်​အတောင်​ခြောက်ဆယ်#6:3 “1080 လက်မ သို့မဟုတ် 2700 စင်တီမီတာ”။​၊ အကျယ်​အတောင်​ခြောက်ဆယ် ရှိ​ရ​မည်​။ 4ကျောက်တုံး​ကြီး​သုံး​ဆင့်​၊ သစ်သား​တစ်​ဆင့်​ဖြင့် တည်ဆောက်​ရ​မည်​။ ကုန်ကျစရိတ်​ကို ဘုရင့်​ဘဏ္ဍာတိုက်​မှ ထုတ်ပေး​စေ​။ 5ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​သွား​သည့် ရွှေ​ဖလား​၊ ငွေ​ဖလား​စသော ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို​လည်း ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​သို့ ပြန်လည်​ယူဆောင်​လာ​၍ ဘုရားသခင်​၏​အိမ်​တော်​၊ မိမိ​နေရာ​တွင် ပြန်ထား​စေ​’​ဟူ၍ အမိန့်​ထုတ်ပြန်​၏​။
ဒါရိမင်းကြီး၏အမိန့်တော်
6ထို့ကြောင့် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​မှစ၍ မြစ်​အနောက်ဘက်ကမ်း​ရှိ သူ​တို့​၏​အပေါင်းပါ အဖာသ​ပြည်သား​တို့​၊ ထို​အမှု​နှင့် ကင်းကင်းရှင်းရှင်း​နေ​ကြ​လော့​။ 7ဤ​ဘုရားသခင်​၏​အိမ်​တော် တည်ဆောက်​ခြင်း​အမှု​ကို မ​နှောင့်ယှက်​ကြ​နှင့်​။ ဂျူး​ဘုရင်ခံ​နှင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မူလ​နေရာ​၌ ပြန်လည်​တည်ဆောက်​ကြ​စေ​။
8ဘုရားသခင်​၏​အိမ်​တော် ပြန်လည်​တည်ဆောက်​ခြင်း​အမှု​၌ ဂျူး​သက်ကြီးဝါကြီး​တို့​အား သင်​တို့​လုပ်ဆောင်​ပေး​ရ​မည့်​အရာ​နှင့်​ပတ်သက်၍ ငါ​ထုတ်ပြန်​လိုက်​သည်​မှာ တည်ဆောက်​ခြင်း​အမှု ရပ်ဆိုင်း​မ​သွား​စေရန် ကုန်ကျစရိတ်​ကို ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​မှ​ရ​သော ဘုရင့်​အခွန်​ဘဏ္ဍာ​ထဲမှ သူ​တို့​အား အလျင်မီ​ထုတ်ပေး​ရ​မည်​။ 9ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​ရန် နွားသငယ်​၊ သိုးထီး​၊ သိုးသငယ် တို့​ဖြစ်စေ​၊ ဂျုံ​၊ ဆား​၊ စပျစ်ဝိုင်​၊ ဆီ တို့​ဖြစ်စေ လိုအပ်​သမျှ​ကို ဂျေရုဆလင်​မြို့​ရှိ ယဇ်ပုရောဟိတ်​တို့ တောင်းဆို​သည့်​အတိုင်း နေ့စဉ်​မပျက်မကွက် ပေး​ရ​မည်​။ 10သို့မှ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ အမွှေးနံ့သာ​ကို ပူဇော်​၍ ရှင်ဘုရင်​နှင့် သူ​၏​သားသမီး​များ​ကောင်းစား​ဖို့ ဆုတောင်း​ပေး​နိုင်​မည်​ဖြစ်​၏​။
11တစ်စုံတစ်ယောက်​သည် ဤ​အမိန့်​ကို​ဆန့်ကျင်​လျှင် သူ့​အိမ်​မှ​တိုင်​ကို ဆွဲနုတ်​ပြီး ထို​တိုင်​ပေါ်တွင် သူ့​ကို​ဆွဲ​ထား​စေ​။ သူ့​အိမ်​သည်​လည်း မစင်ပုံ​ဖြစ်​စေ​။ 12ဤ​အမိန့်​ကို​ဆန့်ကျင်​လျက် ဂျေရုဆလင်​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အိမ်​တော်​ကို​ဖျက်ဆီး​သော​သူ မည်သူမဆို ရှင်ဘုရင်​ဖြစ်စေ​၊ ပြည်သား​ဖြစ်စေ ထို​အရပ်​၌​နာမ​တော်​ကို​တည်​စေ​သော​ဘုရားသခင်​သည် သူ​တို့​ကို​ဖျက်ဆီး​ပါစေသော​။ ငါ​ဒါရိ​မင်းကြီး​အမိန့်​ထုတ်ပြန်​၏​။ အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​စေ”​ဟု ရေးသား​ထား​၏​။
13ထိုအခါ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည်​လည်း ဒါရိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​လေ​၏​။ 14ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ဇာခရိ​တို့​၏ ပရောဖက်ပြု​အားပေးမှု​ကြောင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် အိမ်​တော်​ကို အောင်မြင်​စွာ​ပြန်လည်​တည်ဆောက်​နိုင်​ခဲ့​၏​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အမိန့်​တော်​နှင့် ကုရု​မင်းကြီး​၊ ဒါရိ​မင်းကြီး​၊ ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​တို့​၏​အမိန့်​တော်​အတိုင်း အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီးစီး​လေ​၏​။ 15ဤသို့ဖြင့် ဒါရိ​မင်းကြီး​နန်းစံ ဆဋ္ဌမ​နှစ်​၊ အာဒါ​လ​၊ သုံး​ရက်​နေ့​တွင် အိမ်​တော်​ကို တည်ဆောက်​ပြီးစီး​ခဲ့​၏​။
အိမ်တော်ဆက်ကပ်ပွဲနှင့် ပသခါပွဲတော်ကျင်းပခြင်း
16အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​နှင့် ပြန်လာ​သော​သုံ့ပန်း​သားမြေး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​ကို ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။ 17ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​တွင် နွား​အကောင်​တစ်ရာ​၊ သိုးထီး​အကောင်​နှစ်ရာ​၊ သိုးသငယ်​အကောင်​လေး​ရာ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အပြစ်ဖြေရာယဇ်​အဖို့ အစ္စရေး​အမျိုးအနွယ်​အရေအတွက်​နှင့်အညီ ဆိတ်ထီး​တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ပူဇော်​ကြ​၏​။ 18ထို့နောက် မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးထား​သည့်​အတိုင်း ဂျေရုဆလင်​မြို့​တွင် ဘုရားသခင်​၏​အမှု​တော်​ကို​ထမ်းဆောင်​ရန် ယဇ်ပုရောဟိတ်​အုပ်စု​၊ လေဝိ​အုပ်စု​တို့​ကို ခန့်ထား​လေ​၏​။
19သုံ့ပန်း​သားမြေး​တို့​သည်​လည်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။ 20ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​တို့​သည် တစ်စိတ်တစ်သဘောတည်း ကိုယ်​ကို​စင်ကြယ်​စေ​ကြ​ပြီး​ဖြစ်​၍ အားလုံး​မှာ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပါအဝင် သူ​တို့​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​နှင့် သုံ့ပန်း​သားသမီး​တို့​အဖို့ ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ 21ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်​ရောက်လာ​သော​အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးကွယ်​ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသား​တို့​၏​ညစ်ညူး​ခြင်း​မှ ကင်းစင်​စေ​သော​သူ​အပေါင်း​တို့​သည် ထို​အသား​ကို စား​ကြ​၏​။ 22ထာဝရဘုရား​သည် သူ​တို့​အား ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အိမ်​တော် တည်ဆောက်​ရာ​တွင်​လည်း သူ​တို့​အား အဆီးရီးယား​ဘုရင်​ထောက်ပံ့​ပေး​လို​သော​စိတ်​ရှိ​စေရန် ပြု​တော်မူ​သောကြောင့် သူ​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​တိုင်တိုင် ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧဇရမှတ်စာ 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ