YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 31

31
လာဗန်ထံမှ ယာကုပ်ထွက်ခွာသွားခြင်း
1လာဗန်​၏​သား​တို့​က “​ယာကုပ်​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သမျှ​တို့​ကို ယူသွား​ပြီ​တကား​။ သူ​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သော​အရာ​များ​အားဖြင့် ဤ​စည်းစိမ်​အားလုံး​ကို​ရရှိ​လေ​ပြီ​”​ဟု ပြောဆို​သော​စကား​တို့​ကို ယာကုပ်​ကြား​လေ​၏​။ 2လာဗန်​၏​မျက်နှာထား​သည်​လည်း ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ယာကုပ်​သိမြင်​လေ​၏​။
3ထိုအခါ ထာဝရဘုရား​က “​သင့်​ဘိုးဘေး​တို့​၏​ပြည်​၊ သင်​၏​ဆွေမျိုးသားချင်း​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​”​ဟု ယာကုပ်​အား​မိန့်​တော်မူ​၏​။
4ထို့ကြောင့် ယာကုပ်​သည် လူ​လွှတ်​၍ ရာခေလ​နှင့်​လေအာ​ကို မိမိ​၏​သိုးဆိတ်​တို့​ရှိ​ရာ​ကွင်းပြင်​သို့ ခေါ်လာ​စေ​ပြီးလျှင် 5သူ​တို့​အား “​သင်​တို့​ဖခင်​၏​မျက်နှာထား​သည် ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ငါ​သိမြင်​၏​။ သို့သော် ငါ့​ဖခင်​၏​ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​၏​။ 6ငါ​သည် သင်​တို့​၏​ဖခင်​ကို အစွမ်း​ရှိသမျှ​ဖြင့်​အစေခံ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။ 7သို့သော် သင်​တို့​၏​ဖခင်​သည် ငါ့​ကို​လှည့်စား​၍ ငါ​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​တိုင်တိုင်​ပြောင်းလဲ​ခဲ့​ပြီ​။ သို့ရာတွင် ငါ့​ကို​ထိခိုက်နစ်နာ​စေရန် ဘုရားသခင်​သည် သူ့​ကို​ခွင့်​ပေး​တော်​မ​မူ​။ 8သူ​က ‘​အစက်​ပါ​သော​အကောင်​တို့​သည် သင်​၏​လုပ်အားခ​ဖြစ်​မည်​’​ဟု ဆို​သောအခါ သိုးဆိတ်​အားလုံး​တို့​သည် အစက်​ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။ သူ​က ‘​အစင်းကျား​ပါ​သော​အကောင်​တို့​သည် သင်​၏​လုပ်အားခ​ဖြစ်​မည်​’​ဟု ဆို​သောအခါ သိုးဆိတ်​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။ 9ထိုသို့ဖြင့် ဘုရားသခင်​သည် သင်​တို့​ဖခင်​၏​တိရစ္ဆာန်​တို့​ကို​နုတ်ယူ​၍ ငါ့​အား​ပေး​တော်မူ​ပြီ​။
10သိုးဆိတ်​တို့​မိတ်လိုက်​ရာသီ​၌ ငါ​မျှော်ကြည့်​လိုက်​ရာ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်ကြောင်း အိပ်မက်​ထဲတွင် ငါ​တွေ့မြင်​ရ​၏​။ 11ဘုရားသခင်​၏​ကောင်းကင်တမန်​က ‘​ယာကုပ်​’​ဟု အိပ်မက်​ထဲတွင် ငါ့​ကို​ခေါ်​သဖြင့် ‘​အကျွန်ုပ်​ရှိ​ပါ​၏​’​ဟု ငါ​ပြန်လျှောက်​၏​။ 12ထိုအခါ ကောင်းကင်တမန်​က ‘​မျှော်ကြည့်​လော့​။ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သင့်​အား လာဗန်​ပြု​ခဲ့​သမျှ​ကို ငါ​မြင်​၏​။ 13ငါ​သည် ဗေသလ​အရပ်​၏​ဘုရား​ဖြစ်​၏​။ ထို​အရပ်​၌ သင်​သည် ကျောက်တိုင်​ကို​ဘိသိက်သွန်း​၍ ငါ့​အား​ကတိသစ္စာ​ပြု​ခဲ့​၏​။ ယခု​ထ​၍ ဤ​ပြည်​မှ​ထွက်ခွာ​ပြီး သင့်​မွေးရပ်​မြေ​သို့ ပြန်သွား​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု သူ​တို့​အား ဆို​လေ​၏​။
14ရာခေလ​နှင့်​လေအာ​က​လည်း “​အကျွန်ုပ်​တို့​ဖခင်​၏​အိမ်​၌ အကျွန်ုပ်​တို့​ရရှိ​မည့် အမွေ​ဝေစု​ရှိ​သေး​သလော​။ 15သူ​သည် အကျွန်ုပ်​တို့​ကို တစ်ပါးအမျိုးသား​ကဲ့သို့ မှတ်ယူ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​တို့​ကို​ရောင်းစား​ပြီး ရ​သော​ငွေ​ကို သူ​အကုန်အစင်​သုံးစွဲ​လိုက်​ပါ​ပြီ​။ 16အကယ်စင်စစ် အကျွန်ုပ်​တို့​ဖခင်​ထံမှ ဘုရားသခင်​နုတ်ယူ​တော်မူ​သော​ဓနဥစ္စာ​အားလုံး​သည် အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​သားသမီး​များ​ပိုင်ဆိုင်​သော​ဓနဥစ္စာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ယခု သင့်​အား ဘုရားသခင်​မိန့်​တော်မူ​သမျှ​ကို ပြု​ပါ​လော့​”​ဟု ဆို​ကြ​၏​။
17ထိုအခါ ယာကုပ်​သည်​ထ​၍ မိမိ​၏​သားသမီး​များ​နှင့်​မယား​တို့​ကို ကုလားအုတ်​ပေါ်​တင်​ပြီးလျှင် 18မိမိ​တိရစ္ဆာန်​ရှိသမျှ​၊ မိမိ​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ပါဒန်အာရံ​ပြည်​၌ မိမိ​စုဆောင်း​ပိုင်ဆိုင်​သော​တိရစ္ဆာန်​တို့​ကို ယူဆောင်​လျက် ခါနာန်​ပြည်​ရှိ ဖခင်​ဣဇက်​ထံသို့ ပြန်သွား​လေ​၏​။ 19လာဗန်​သည် မိမိ​သိုး​တို့​ကို​အမွေးညှပ်​ရန်​သွား​နေ​ချိန်​တွင် ရာခေလ​သည် ဖခင်​ပိုင်ဆိုင်​သည့် တေရပ်ရုပ်တု​တို့​ကို​ခိုးယူ​လေ​၏​။ 20ယာကုပ်​သည် မိမိ​ထွက်ပြေး​မည့်​အကြောင်း အာရံ​လူမျိုး​လာဗန်​ကို​မ​ပြော​ဘဲ သူ့​အား​မလိမ့်တပတ်လုပ်#31:20 တိုက်ရိုက်ပြန်ဆိုလျှင် “သူ့နှလုံးသားကိုခိုးယူ”။​လေ​၏​။ 21ဤသို့ဖြင့် ယာကုပ်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​ယူ​၍ ထွက်ပြေး​လေ​၏​။ သူ​သည်​ထ​၍ ယူဖရေးတီး​မြစ်#31:21 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​ကို​ကူး​ပြီးလျှင် ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​သို့​ဦးတည်​သွား​လေ​၏​။
ယာကုပ်ကို လာဗန်လိုက်၍မီလာခြင်း
22သုံး​ရက်​မြောက်​သော​နေ့​၌ လာဗန်​သည် ယာကုပ်​ထွက်ပြေး​ကြောင်း​ကြားသိ​သဖြင့် 23မိမိ​ဆွေမျိုးသားချင်း​တို့​ကို​ခေါ်​၍ ယာကုပ်​နောက်သို့ ခုနစ်​ရက်​ခရီး​လိုက်​ပြီးမှ ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​၌ သူ့​ကို​မီ​လေ​၏​။ 24သို့သော် ဘုရားသခင်​သည် အာရံ​လူမျိုး​လာဗန်​ထံသို့ ည​အိပ်မက်​ထဲတွင်​ကြွလာ​၍ “​သင်​သည် ယာကုပ်​အား ကောင်း​သည်​၊ ဆိုး​သည်​ဟူ၍ မ​ပြော​မိ​စေရန် သင့်ကိုယ်သင် သတိပြု​လော့​”​ဟု မိန့်​တော်မူ​၏​။
25လာဗန်​သည် ယာကုပ်​ကို​လိုက်မီ​သော​အချိန်​တွင် ယာကုပ်​သည် တောင်ပေါ်ဒေသ​၌ တဲထိုး​ထား​နှင့်​ပြီ​ဖြစ်​၏​။ လာဗန်​သည်​လည်း သူ​၏​ဆွေမျိုးသားချင်း​များ​နှင့်အတူ ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​၌​တဲထိုး​လေ​၏​။ 26လာဗန်​က ယာကုပ်​အား “​သင်​မည်သို့​ပြု​သနည်း​။ သင်​သည် ငါ့​ကို​မလိမ့်တပတ်လုပ်#31:26 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့နှလုံးသားကိုခိုးယူ”။​၍ ငါ့​သမီး​တို့​ကို စစ်သုံ့ပန်း​ကဲ့သို့ ခေါ်ဆောင်​သွား​ပြီ​တကား​။ 27ငါ​သည် ပတ်သာ​နှင့်​စောင်း​တီး​လျက်​၊ ဝမ်းမြောက်​စွာ​သီချင်းဆို​လျက် သင့်​ကို​လွှတ်လိုက်​လို​သည်​ကို သင်​သည် ငါ့​ကို​ဘာမျှ​မ​ပြော​၊ မလိမ့်တပတ်လုပ်#31:27 တိုက်ရိုက်ပြန်ဆိုလျှင် “နှလုံးသားကိုခိုးယူ”။​၍ အဘယ်ကြောင့်​တိတ်တဆိတ်​ထွက်ပြေး​ရ​သနည်း​။ 28ငါ့​မြေး​၊ ငါ့​သမီး​တို့​ကို ငါ​နမ်း​ရန်​ပင် သင်​သည်​အခွင့်​မ​ပေး​။ ယခု သင်​သည် မိုက်မဲ​စွာ​ပြု​လေ​ပြီ​တကား​။ 29ငါ​သည် သင့်​ကို​ဒုက္ခ​ရောက်​စေ​နိုင်​၏​။ သို့သော် မနေ့ည​တွင် သင့်​ဖခင်​၏​ဘုရားသခင်​က ‘​သင်​သည် ယာကုပ်​အား ကောင်း​သည်​၊ ဆိုး​သည်​ဟူ၍ မ​ပြော​မိ​စေရန် သင့်ကိုယ်သင်​သတိပြု​လော့​’​ဟု ငါ့​အား​မိန့်​တော်မူ​၏​။ 30ယခု သင်​သည် သင့်​ဖခင်​၏​အိမ်​ကို အလွန်​လွမ်းဆွတ်​သဖြင့် အကယ်ပင်​ပြန်သွား​လို​သည်​မှန်စေတော့ အဘယ်ကြောင့် ငါ​၏​ဘုရား​တို့​ကို​ခိုးယူ​ရ​သနည်း​”​ဟု ဆို​၏​။
31ယာကုပ်​က​လည်း “​ဦးရီး​သည် ဦးရီး​၏​သမီး​တို့​ကို အကျွန်ုပ်​ထံ​မှ လုယူ​ကောင်း​လုယူ​လိမ့်မည်​ဟု ထင်မှတ်​၍ ကြောက်​သောကြောင့်​ဖြစ်​ပါ​၏​။ 32ဦးရီး​၏​ဘုရား​တို့​ကို တစ်စုံတစ်ဦး​ထံ၌​ရှာတွေ့​လျှင် ထို​သူ​ကို​အသက်ချမ်းသာ​မ​ပေး​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဆွေမျိုးသားချင်း​များ​ရှေ့​တွင် ဦးရီး​ကိုယ်တိုင်​ရှာကြည့်​၍ အကျွန်ုပ်​ထံ၌ ဦးရီး​ဥစ္စာ​ရှိ​လျှင် ပြန်ယူ​ပါ​”​ဟု လာဗန်​အား​ဆို​လေ​၏​။ ထို​ရုပ်တု​တို့​ကို ရာခေလ​ခိုး​ကြောင်း ယာကုပ်​မ​သိ​။
33ထိုအခါ လာဗန်​သည် ယာကုပ်​၏​တဲ​၊ လေအာ​၏​တဲ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​၏​တဲ​ထဲသို့​ဝင်​၍​ရှာ​သော်လည်း မ​တွေ့​ချေ​။ လေအာ​၏​တဲ​ထဲမှ​ထွက်လာ​ပြီးနောက် သူ​သည် ရာခေလ​၏​တဲ​ထဲသို့​ဝင်​လေ​၏​။ 34ရာခေလ​သည် တေရပ်ရုပ်တု​တို့​ကို​ယူ​၍ ကုလားအုတ်​ကုန်းနှီး​ထဲ​ထည့်​ပြီးလျှင် ၎င်း​တို့​အပေါ်​၌​ထိုင်​နေ​၏​။ ထို့ကြောင့် လာဗန်​သည် တဲ​တစ်တဲလုံး​မွှေနှောက်​သော်လည်း မ​တွေ့​ချေ​။
35ရာခေလ​သည် မိမိ​ဖခင်​အား “​ကျွန်မ​၏​သခင်​၊ စိတ်​မ​ဆိုး​ပါ​နှင့်​။ ကျွန်မ​သည် မိန်းမ​တို့​၏​ဓမ္မတာလာ​နေ​ပါ​သဖြင့် သခင့်​ရှေ့​၌ မတ်တတ်​မ​ရပ်​နိုင်​ပါ​”​ဟု ဆို​၏​။ ဤသို့ဖြင့် လာဗန်​သည် ရှာဖွေ​သော်လည်း တေရပ်ရုပ်တု​တို့​ကို မ​တွေ့​ချေ​။
ယာကုပ်နှင့်လာဗန်ပဋိညာဉ်ဖွဲ့ခြင်း
36ထိုအခါ ယာကုပ်​သည်​အမျက်ထွက်​၍ လာဗန်​ကို​အပြစ်တင်​လေ​၏​။ ယာကုပ်​သည် လာဗန်​အား “​ဦးရီး​သည် အကျွန်ုပ်​နောက်သို့​အပြင်းအထန်​လိုက်​ရ​လေ​အောင် အကျွန်ုပ်​သည် မည်သည့်​အမှု​ကို​ကျူးလွန်​မိ​သနည်း​။ မည်သည့်​အပြစ်​ကို​ပြု​မိ​သနည်း​။ 37အကျွန်ုပ်​၏​ပစ္စည်း​အားလုံး​ကို​မွှေနှောက်​ပြီး​ပြီ​။ ဦးရီး​အိမ်​မှ​ပစ္စည်း​တစ်စုံတစ်ခု​တွေ့ရှိ​သလော​။ တွေ့​လျှင် ၎င်း​ကို အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​နှင့် ဦးရီး​၏​ဆွေမျိုးသားချင်း​တို့​ရှေ့ ဤ​နေရာ​၌​ထား​ပါ​။ အကျွန်ုပ်​တို့​နှစ်​ယောက်​ကြား​တွင် သူ​တို့​စီရင်ဆုံးဖြတ်​ကြ​ပါစေ​။ 38အကျွန်ုပ်​သည် ဦးရီး​နှင့်အတူ အနှစ်​နှစ်ဆယ်​နေ​ခဲ့​ပါ​သည်​။ ဦးရီး​၏​သိုးမ​၊ ဆိတ်မ​တို့​သည် သား​မ​လျှော​။ ဦးရီး​၏​သိုးဆိတ်​တို့​ထဲမှ သိုးထီး​၊ ဆိတ်ထီး​တို့​ကို အကျွန်ုပ်​မ​စား​။ 39သားရဲ​ကိုက်သတ်​သော​အကောင်​ကို​လည်း ဦးရီး​ထံသို့​မ​ယူဆောင်​လာ​ဘဲ ၎င်း​အတွက် အကျွန်ုပ်​ကသာ အနစ်နာခံ​ခဲ့​ပါ​သည်​။ နေ့အချိန်​အခိုး​ခံရ​သည်​ဖြစ်စေ​၊ ညအချိန်​အခိုး​ခံရ​သည်​ဖြစ်စေ ဦးရီး​သည် အကျွန်ုပ်​ထံတွင် အစား​တောင်း​ခဲ့​ပါ​သည်​။ 40အကျွန်ုပ်​သည် နေ့​မှာ အပူဒဏ်​၊ ည​မှာ အအေးဒဏ်​ကို​ခံရ​ပြီး အိပ်ရေး​လည်း ပျက်​ခဲ့​ရ​ပါ​သည်​။ 41အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။ 42အကျွန်ုပ်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​ကြောက်ရွံ့​သော​ဘုရား​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်​မ​မူ​ခဲ့​လျှင် ဦးရီး​သည် ယခု အမှန်ပင် အကျွန်ုပ်​ကို လက်ချည်းသက်သက် ပြန်လွှတ်​ခဲ့​ပေ​လိမ့်မည်​။ ဘုရားသခင်​သည် အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်​ခြင်း​နှင့် ပင်ပန်းခက်ခဲ​စွာ​လုပ်ဆောင်​ရ​ခြင်း​ကို​မြင်​၍ မနေ့ည​က ဦးရီး​ကို​ဆုံးမ​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
43လာဗန်​က​လည်း “​ဤ​သမီး​တို့​သည် ငါ့​သမီး​၊ ဤ​ကလေး​တို့​သည် ငါ့​ကလေး​၊ ဤ​သိုးဆိတ်​တို့​သည်​လည်း ငါ့​သိုးဆိတ် ဖြစ်​ကြ​၏​။ သင်​မြင်​နေ​သမျှ​တို့​သည် ငါ့​ဥစ္စာ​ဖြစ်​ကြ​၏​။ ဤ​ငါ့​သမီး​တို့​အတွက်​လည်းကောင်း​၊ သူ​တို့​မွေးဖွား​သော သားသမီး​များ​အတွက်​လည်းကောင်း ယနေ့ ငါ​မည်သည့်​အရာ​ကို​ပြု​ပေး​နိုင်​သနည်း​။ 44ယခု လာ​လော့​။ သင်​နှင့်​ငါ​ပဋိညာဉ်​ဖွဲ့​ကြ​စို့​။ ၎င်း​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​ပါစေ​”​ဟု ယာကုပ်​အား ဆို​၏​။
45ထို့ကြောင့် ယာကုပ်​သည် ကျောက်​ကို​ယူ​၍ မှတ်တိုင်​အဖြစ်​စိုက်ထူ​လေ​၏​။ 46ထို့ပြင် ယာကုပ်​သည် မိမိ​ဆွေမျိုးသားချင်း​တို့​အား “​ကျောက်​များ​ကို​စု​ကြ​ပါ​”​ဟု ဆို​လျှင် သူ​တို့​သည် ကျောက်​များ​ကို​ယူ​၍ စုပုံ​ကြ​၏​။ ထို့နောက် သူ​တို့​သည် ထို​ကျောက်ပုံ​အနား​တွင် စားသောက်​ကြ​၏​။ 47ထို​ကျောက်ပုံ​ကို လာဗန်​က ယေဂါသဟာဒုသ#31:47 အာရမိတ်ဘာသာစကားအရ “သက်သေကျောက်ပုံ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ ယာကုပ်​မူကား ဂိလဒ်#31:47 ဟီဘရူးဘာသာစကားအရ “သက်သေကျောက်ပုံ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။
48ထို့နောက် လာဗန်​က “​ယနေ့​တွင် ဤ​ကျောက်ပုံ​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​၏​”​ဟု ဆို​၏​။ ထို့ကြောင့် ၎င်း​၏​အမည်​ကို ဂိလဒ် ဟူ၍​လည်းကောင်း​၊ 49မိဇပါ#31:49 “စောင့်ကြည့်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟူ၍​လည်းကောင်း ခေါ်​၏​။ အကြောင်းမူကား လာဗန်​က “​ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​မတွေ့မမြင်​နိုင်​ကြ​သောအခါ သင်​နှင့်​ငါ​ကြား​၌ ထာဝရဘုရား​စောင့်ကြည့်​တော်မူ​ပါစေ​။ 50သင်​သည် ငါ့​သမီး​တို့​ကို​နှိပ်စက်​မည်​၊ ငါ့​သမီး​တို့​အပြင် အခြား​သော​မိန်းမ​တို့​ကို​ယူ​မည် ဆိုလျှင် ငါ​တို့​ကြား​၌​လူ​မ​ရှိ​သော်လည်း ဘုရားသခင်​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​တော်မူ​ကြောင်း​သိမှတ်​လော့​”​ဟု ဆို​သောကြောင့်​ဖြစ်​၏​။ 51တစ်ဖန် လာဗန်​က ယာကုပ်​အား “​ဤ​ကျောက်ပုံ​ကို​ကြည့်​လော့​။ သင်​နှင့်​ငါ​ကြား​၌ ငါ​စိုက်ထူ​ထား​သော​မှတ်တိုင်​ကို​ကြည့်​လော့​။ 52ငါ​သည် သင့်​ကို​အန္တရာယ်ပြု​ရန် ဤ​ကျောက်ပုံ​ကို​မ​ကျော်​မည့်​အကြောင်း​၊ သင်​သည်​လည်း ငါ့​ကို​အန္တရာယ်​ပြု​ရန် ဤ​ကျောက်ပုံ​နှင့် ဤ​မှတ်တိုင်​ကို​မ​ကျော်​မည့်​အကြောင်း ဤ​ကျောက်ပုံ​သည် သက်သေ​ဖြစ်​၏​။ ဤ​မှတ်တိုင်​သည်​လည်း သက်သေ​ဖြစ်​၏​။ 53အာဗြဟံ​၏​ဘုရား​၊ နာခေါ်​၏​ဘုရား​၊ သူ​တို့​ဖခင်​၏​ဘုရား​သည် ငါ​တို့​ကြား​၌ တရားစီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ယာကုပ်​သည်​လည်း မိမိ​ဖခင်​ဣဇက်​ကြောက်ရွံ့​သော​ဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​လေ​၏​။ 54ထို့နောက် ယာကုပ်​သည် တောင်​ပေါ်၌​ယဇ်ကောင်​ကို​ပူဇော်​၍ အစားအစာ​စားသောက်​ရန် မိမိ​၏​ဆွေမျိုးသားချင်း​တို့​ကို​ဖိတ်ခေါ်​လေ​၏​။ သူ​တို့​သည်​လည်း အစားအစာ​စားသောက်​ပြီးလျှင် တောင်​ပေါ်၌ ညအိပ်နား​ကြ​၏​။ 55လာဗန်​သည် နံနက်​စောစောထ​၍ မိမိ​မြေး​၊ မိမိ​သမီး​တို့​ကို​နမ်း​ပြီးလျှင် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။ ထို့နောက် လာဗန်​သည် ထွက်ခွာ​၍ မိမိ​နေရပ်​သို့​ပြန်သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 31: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ