ဟေရှာယအနာဂတ္တိကျမ်း 36
36
သနာခရိပ်မင်းကြီးက ဟေဇကိမင်းကြီးကို ခြိမ်းခြောက်ခြင်း
1ဟေဇကိမင်းကြီးနန်းစံတစ်ဆယ့်လေးနှစ်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် ယုဒပြည်၏ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းပိုက်လေ၏။ 2အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။ 3ထိုအခါ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူ့ထံသို့ လာကြ၏။
4ရာဗရှာခက သူတို့အား “ဟေဇကိမင်းကြီးအား ပြန်လျှောက်ကြလော့။ အဆီးရီးယားဘုရင်မင်းမြတ်ကြီးက ‘သင်သည် အဘယ်အရာကို ကိုးစား၍ စိတ်အေးလက်အေးနေနိုင်သနည်း။ 5သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။ 6ကြည့်ရှုလော့။ သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။ 7သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆိုပြီ။ 8ယခု ငါ၏သခင်အဆီးရီးယားဘုရင်နှင့် လာ၍ညှိနှိုင်းလော့။ သင်၌ မြင်းစီးသူရဲ အလုံအလောက်ရှိလျှင် သင့်ကို မြင်းအကောင်နှစ်ထောင် ငါပေးမည်။ 9စစ်ရထား၊ မြင်းစီးသူရဲတို့ရရှိဖို့ အီဂျစ်ပြည်ကို ကိုးစားသော သင်က ငါ့သခင်၏မင်းမှုထမ်းများထဲမှ အနိမ့်ဆုံးအရာရှိတစ်ယောက်ကိုပင် ရင်ဆိုင်တွန်းလှန်နိုင်မည်လော။ 10ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အားမိန့်တော်မူပြီ”ဟု ဆို၏။
11ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
12သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။ 13ထို့နောက် ရာဗရှာခသည် မတ်တတ်ရပ်၍ ယုဒဘာသာစကားဖြင့် “အဆီးရီးယားဘုရင်မင်းမြတ်ကြီး၏အမိန့်တော်ကို နားထောင်ကြလော့။ 14ရှင်ဘုရင်က ‘ဟေဇကိ လှည့်စားသည်ကို သင်တို့မခံကြနှင့်။ သူသည် သင်တို့ကိုမကယ်နုတ်နိုင်။ 15ထာဝရဘုရားသည် ငါတို့ကို အမှန်ပင်ကယ်နုတ်တော်မူမည်။ ဤမြို့သည် အဆီးရီးယားဘုရင်လက်သို့မရောက်ရဟု ဆိုလျက် ထာဝရဘုရားကို ကိုးစားလာအောင် ဟေဇကိလှည့်စားသည်ကို သင်တို့မခံကြနှင့်’ဟု မိန့်ဆိုပြီ။ 16ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။ 17နောက်မှ ငါလာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်သို့ သင်တို့ကို ငါခေါ်ဆောင်သွားမည်။ 18ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။ မည်သည့်လူမျိုးတစ်မျိုးမျိုး၏ဘုရားတို့သည် မိမိပြည်ကို အဆီးရီးယားဘုရင်၏လက်မှ ကယ်နုတ်နိုင်ခဲ့သနည်း။ 19ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။ 20ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။
21ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။ 22ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 36: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative