ဟေရှာယအနာဂတ္တိကျမ်း 64
64
1ကိုယ်တော်သည် မိုးကောင်းကင်ကိုဆုတ်ဖြဲ၍ ဆင်းသက်တော်မူလျှင် တောင်တို့သည် ကိုယ်တော်၏ရှေ့တော်တွင် လှုပ်ကြပါလိမ့်မည်။ 2မီးသည် သစ်ခက်တို့ကိုလောင်သကဲ့သို့၊ မီးသည် ရေကိုပွက်ပွက်ဆူစေသကဲ့သို့ ဖြစ်လိမ့်မည်။ ကိုယ်တော့်ကိုရန်ပြုသောသူတို့သည် ကိုယ်တော်၏နာမတော်ကိုသိ၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ 3အကျွန်ုပ်တို့မမျှော်လင့်သည့် ကြောက်မက်ဖွယ်ရာတို့ကို ကိုယ်တော်ပြုတော်မူသောအခါ၊ ကိုယ်တော်ကြွဆင်းတော်မူသောအခါ တောင်တို့သည် ကိုယ်တော်၏ရှေ့တော်၌ လှုပ်ကြပါ၏။ 4ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။ 5ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။ 6အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။ 7ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေ#64:7 သို့မဟုတ် “အပ်နှံ”။သဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။ 8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် မြေစေးဖြစ်၏။ ကိုယ်တော်သည် အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လက်တော်ဖြင့် ဖန်ဆင်းထားသောသူများ ဖြစ်ကြပါ၏။ 9အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ အပြစ်များကို အစဉ်မှတ်တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ပါ၏။ 10ကိုယ်တော်၏သန့်ရှင်းသောမြို့တို့သည် တောကန္တာရဖြစ်လေပြီ။ ဇိအုန်မြို့သည် တောကန္တာရဖြစ်လေပြီ။ ဂျေရုဆလင်မြို့သည် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ။ 11အကျွန်ုပ်တို့၏ဘိုးဘေးများ ကိုယ်တော်ကိုချီးမွမ်းရာအရပ်ဖြစ်သည့် သန့်ရှင်း၍ ဂုဏ်ကျက်သရေရှိ#64:11 သို့မဟုတ် “တင့်တယ်”။သော အကျွန်ုပ်တို့၏အိမ်တော်သည် မီးလောင်သွားလေပြီ။ ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောအရာရှိသမျှတို့သည် ပျက်စီးသွားလေပြီ။ 12ဤသို့ဖြစ်လျက်ပင် ကိုယ်တော်သည် ငြိမ်ငြိမ်နေတော်မူမည်လော။ အို ထာဝရဘုရား၊ တိတ်ဆိတ်စွာနေတော်မူမည်လော။ အကျွန်ုပ်တို့ကို ပြင်းစွာနှိပ်စက်တော်မူမည်လော။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 64: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative