YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 66

66
အဆုံးသတ်စီရင်ခြင်းနှင့် ဝမ်းမြောက်ဖွယ်ပြန်လည်တည်ဆောက်ခြင်း
1ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။#မ 5:35။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။ 2ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။ 3နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။ 4ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။ 5ထာဝရဘုရား​၏​စကား​တော်​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​တို့​၊ စကား​တော်​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို​မုန်း​၍ ငါ့​နာမ​ကြောင့် သင်​တို့​ကို​နှင်ထုတ်​သော ညီအစ်ကို​တို့​က ‘​သင်​တို့​ဝမ်းမြောက်​သည်​ကို ငါ​တို့​မြင်​ရ​မည့်​အကြောင်း ထာဝရဘုရား​သည် ဘုန်းထင်ရှား​ပါစေသော​’​ဟု ကဲ့ရဲ့ပြောဆို​ကြ​၏​။ သို့သော်လည်း သူ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 6မြို့​ထဲမှ​ဆူဆူညံညံ​အသံ​၊ ဗိမာန်တော်​ထဲမှ​အသံ​သည် ရန်သူ​တို့​အား အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​တော်မူ​သော ထာဝရဘုရား​၏​အသံ​ပေတည်း​။ 7ဇိအုန်​သမီး​သည် သားဖွားဝေဒနာ​မ​ခံရ​မီ သားဖွား​၏​။ ဗိုက်​မ​နာ​မီ သားယောက်ျား​ကို မွေးဖွား​၏​။ 8ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ ဤသို့သော​အမှု​များ​ကို မည်သူ​မြင်​ဖူး​သနည်း​။ တိုင်းပြည်​တစ်​ပြည်​ကို တစ်​ရက်​အတွင်း မွေးဖွား​နိုင်​သလော​။ လူမျိုး​တစ်​မျိုး​ကို တစ်ခဏအတွင်း မွေးဖွား​နိုင်​သလော​။ သို့သော် ဇိအုန်​မြို့​သည် မီးဖွား​ချိန်​ရောက်​သည်​နှင့် သားသမီး​များ​ကို မွေးဖွား​လေ​ပြီ​။ 9သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ငါ​သည် သားဖွား​ချိန်​ရောက်​စေ​ပြီးမှ သား​မ​ဖွား​စေ​ဘဲ​နေ​မည်လော​။ သားဖွား​ခြင်း​အမှု​ကို​ဖြစ်​စေ​သော​ငါ​သည် သားအိမ်​ကို​ပိတ်​ထား​မည်လော​”​ဟု မိန့်​တော်မူ​၏​။ 10ဂျေရုဆလင်​မြို့​ကို​ချစ်​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ ဂျေရုဆလင်​မြို့​အတွက် ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ပျော်ရွှင်​ကြ​လော့​။ 11သင်​တို့​သည် သူ​၏​နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို​စို့​၍ ဝလင်​ကြ​လိမ့်မည်​။ နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို အလို​ရှိသမျှ​သောက်​၍ နှစ်သက်အားရ​ကြ​လိမ့်မည်​။ 12ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ငြိမ်းချမ်းမှု​ကို မြစ်ရေ​ကဲ့သို့​လည်းကောင်း​၊ လူမျိုးတကာ​တို့​၏​ဘုန်းအသရေ​ကို စီးဆင်း​သော​စမ်းချောင်း​ကဲ့သို့​လည်းကောင်း ဂျေရုဆလင်​မြို့​ထဲသို့ စီးဆင်း​စေ​မည်​။ သင်​တို့​ကို နို့တိုက်​မည်​၊ ခါးစောင်း​၌ ချီထား​မည်​၊ ကလေး​ကဲ့သို့ ဒူး​ပေါ်တွင်​မြှူ​မည်​။ 13မိခင်​သည် ကလေးငယ်​ကို​နှစ်သိမ့်​သကဲ့သို့ ငါ​သည် သင်​တို့​ကို​နှစ်သိမ့်​မည်​။ သင်​တို့​သည် ဂျေရုဆလင်​မြို့​အတွက် နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 14ထိုသို့ သင်​တို့​တွေ့မြင်​သောအခါ သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​လိမ့်မည်​။ သင်​တို့​၏​အရိုး​များ​သည်​လည်း မြက်​ကဲ့သို့ သန်​လိမ့်မည်​။ ထာဝရဘုရား​၏​လက်​တော်​သည် မိမိ​အစေအပါး​တို့​ထံ ထင်ရှား​မည်​။ မိမိ​၏​ရန်သူ​တို့​ကို​မူ အမျက်ထွက်​တော်မူ​မည်​။ 15ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မီး​နှင့်​ကြွလာ​တော်မူ​မည်​။ လေပွေ​ကဲ့သို့ စစ်ရထား​နှင့်​ကြွလာ​တော်မူ​မည်​။ ရန်သူ​တို့​ကို အမျက်ပြင်း​စွာ​တုံ့ပြန်​မည်​။ မီးလျှံ​ဖြင့်​ဆုံးမ​မည်​။ 16ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။
17ထာဝရဘုရား​က “​ဥယျာဉ်​ထဲသို့​သွား​ရန် မိမိကိုယ်မိမိ သန့်ရှင်း​စင်ကြယ်​စေ​ပြီး တစ်ယောက်ယောက်​နောက်သို့​လိုက်သွား​သော​သူ​နှင့် ဝက်​သား​၊ ကြွက်သား စသည့် ရွံရှာဖွယ်​တို့​ကို​စား​သော​သူ​တို့​သည် အတူတကွ​ပျက်စီး​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
18ထာဝရဘုရား​က “​သူ​တို့​ပြု​သော​အမှု​များ​၊ အကြံအစည်​များ​ကို ငါ​သိ​၏​။ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​တို့​ကို စုစည်း​မည့်​အချိန်​ရောက်လာ​မည်​။ သူ​တို့​သည်​လာ​၍ ငါ​၏​ဘုန်းအသရေ​ကို​မြင်​ရ​လိမ့်မည်​။ 19သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ပုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။ 20အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ စင်ကြယ်​သော​တန်ဆာပလာ​ဖြင့် ပူဇော်သက္ကာ​ကို ယူဆောင်​ခဲ့​ကြ​သကဲ့သို့ ထို​သူ​တို့​သည် ခပ်သိမ်း​သော​ပြည်​မှ သင်​တို့​၏​ညီအစ်ကို​ရှိသမျှ​တို့​ကို ထာဝရဘုရား​ထံ ပူဇော်သက္ကာ​အဖြစ် မြင်း​များ​၊ စစ်ရထား​များ​၊ ထမ်းစင်​များ​၊ လား​များ​၊ ကုလားအုတ်​များ​ပေါ်တွင်​တင်​၍ ငါ​၏​သန့်ရှင်း​သော​တောင်​၊ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​ခဲ့​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 21ထာဝရဘုရား​က “​ထို​သူ​အချို့​တို့​ကို ယဇ်ပုရောဟိတ်​အဖြစ်​၊ လေဝိ​အမျိုးသား​အဖြစ် ငါ​ခေါ်ယူ​မည်​”​ဟု မိန့်​တော်မူ​၏​။ 22ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​”#ဟေရှာ 65:17၊ ၂ပေ 3:13။​ဟု မိန့်​တော်မူ​၏​။ 23ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။
24သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​သော​လူ​တို့​၏​အလောင်းကောင်​များ​ကို ထွက်​ကြည့်​ကြ​လိမ့်မည်​။ ထို​အလောင်းကောင်​တို့​ကို​စား​သော​လောက်ကောင်​သည် မ​သေ​၊ လောင်​သော​မီး​လည်း မ​ငြိမ်း​။ လူ​ခပ်သိမ်း​တို့​အတွက် စက်ဆုပ်ဖွယ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။#မာ 9:48။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 66: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ