YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 30

30
ဖမ်းခေါ်သွားခြင်းခံရသူတို့ ပြန်လာခြင်း
1ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ ဤသို့​ဖြစ်​၏​။ 2အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “သင့်​အား ငါ​မိန့်ဆို​သော​စကား​တို့​ကို စာလိပ်​တွင် ရေးမှတ်​ထား​လော့​။ 3ထာဝရဘုရား​မိန့်​တော်မူ​သည်မှာ ‘ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ငါ့​လူမျိုး​တော်​အစ္စရေး​နှင့်​ယုဒ​တို့​ကို ငါ​ပြန်လာ​စေ​သော​နေ့ ရောက်လာ​ပြီ​။ ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို ပြန်လာ​စေ​သဖြင့် ထို​ပြည်​ကို သူ​တို့​ပြန်လည်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟူ၍ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။
4ဤသည်ကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ဖြစ်​၏​။ 5ထာဝရဘုရား​က “​ကြောက်ရွံ့​အော်ဟစ်သံ​ကို ကြား​ရ​၏​။ ငြိမ်သက်​ခြင်း​မ​ရှိ​၊ ကြောက်ရွံ့​ခြင်း​အတိ​သာ​ရှိ​၏​။ 6သင်​တို့ မေးမြန်း​ကြည့်​ကြ​လော့​။ ယောက်ျား​သည် သားဖွား​နိုင်​သလော​။ ယောက်ျား​အပေါင်း​တို့​သည် သားဖွား​သော​မိန်းမ​ကဲ့သို့ မိမိ​တို့​ခါး​ကို​နှိပ်​၍ မျက်နှာ​ဖြူဖပ်ဖြူရော်​ဖြစ်​နေ​ကြ​သည်​ကို အဘယ်ကြောင့် ငါ​မြင်​ရ​သနည်း​။ 7အမင်္ဂလာ​နေ့​ကြီး​ပါ​တကား​။ ဤ​နေ့​နှင့်​တူ​သော​နေ့​မ​ရှိ​။ ယာကုပ်​အမျိုး​တို့ ဒုက္ခ​ရောက်​သော​နေ့​ဖြစ်​၏​။ သို့သော် သူ​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 8ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​၌ သူ​တို့​၏​ပခုံး#30:8 တိုက်ရိုက်ပြန်ဆိုလျှင် “သူတို့၏လည်ပင်း”။​ပေါ်​မှ ထမ်းပိုး​ကို ငါ​ချိုး​မည်​။ သူ​တို့​ကို​ချည်နှောင်​သော​ကြိုး​များ​ကို ငါ​ဖြတ်​မည်​။ သူ​တို့​သည် တစ်ပါးအမျိုးသား​တို့​ကို အစေခံ​ရ​တော့​မည်​မ​ဟုတ်​။ 9သူ​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​နှင့် သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည့် သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို​အစေခံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 10ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​၊ စိတ်​မ​ပျက်​နှင့်​။ သင့်​ကို ဝေး​သော​အရပ်​မှ​၊ သင်​၏​အမျိုးအနွယ်​ကို သုံ့ပန်း​အဖြစ်​နေ​ရ​သော​ပြည်​မှ ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 11ထာဝရဘုရား​က “​ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ကယ်တင်​မည်​။ သင့်​ကို ငါ​ကွဲလွင့်​စေ​ရာ​အရပ်ရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။
ဇိအုန်မြို့၏အနာများကို ကုသပေးခြင်း
12ထာဝရဘုရား​က “​သင့်​ဒဏ်ရာ​သည် မပျောက်​နိုင်​။ သင့်​အနာ​သည် ဆိုးရွား​လှ​၏​။ 13သင့်​အမှု​ကို လျှောက်လဲ​ပေး​မည့်​သူ​မ​ရှိ​။ သင့်​အနာ​အတွက် ဆေး​မ​ရှိ​။ သင့်​ကို ကုသပေး​မည့်​သူ​မ​ရှိ​။ 14သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။ 15သင့်​ဒဏ်ရာ​အတွက် အဘယ်ကြောင့်​အော်ဟစ်​ရ​သနည်း​။ သင်​၏​ဝေဒနာ ပျောက်ကင်း​နိုင်​မည်​မ​ဟုတ်​။ သင်​၏​အပြစ်​ကြီးမား​၍ သင်​၏​ဒုစရိုက်​များပြား​သောကြောင့် သင့်​ကို ငါ​ဤသို့​ပြု​ခြင်း​ဖြစ်​၏​။ 16သင့်​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​သည် ဝါးမျို​ခြင်း​ကို​ခံရ​လိမ့်မည်​။ သင်​၏​ရန်သူ​အပေါင်း​တို့​သည် တစ်ယောက်မကျန် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​ရ​လိမ့်မည်​။ သင့်​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​သည်​လည်း တိုက်ခိုက်လုယက်​ခြင်း​ခံရ​မည်​။ သင့်​ကို သိမ်းပိုက်​သော​သူ​အပေါင်း​တို့​သည် သိမ်းပိုက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 17ထာဝရဘုရား​က “​ထို​သူ​တို့​သည် သင့်​ကို ‘​အပယ်​ခံရ​သော​သူ​၊ မည်သူမျှ​ဂရု​မ​စိုက်​သော​ဇိအုန်​မြို့​’​ဟု ခေါ်​ကြ​သောကြောင့် ငါ​သည် သင့်​ကို ပြန်လည်​ကျန်းမာ​စေ​မည်​။ သင့်​အနာ​ကို ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
ကိုယ့်တိုင်းကိုယ့်ပြည် ပြန်တည်ဆောက်ခြင်း
18ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ပျက်စီး​သွား​သော​ယာကုပ်​၏​တဲ​များ​ကို နဂိုအတိုင်း​ပြန်ဖြစ်​စေ​မည်​။ သူ​တို့​အိမ်သူအိမ်သား​များ#30:18 တိုက်ရိုက်ပြန်ဆိုလျှင် “သူတို့နေထိုင်ရာအရပ်များ”။​ကို ကရုဏာ​ထား​မည်​။ မြို့​ကို အပျက်အစီးပုံ​ပေါ်မှာ ပြန်တည်ဆောက်​စေ​မည်​။ နန်းတော်​သည်​လည်း မူလ​အတိုင်း တည်ရှိ​မည်​။ 19သူ​တို့​ထံမှ ချီးမွမ်း​ခြင်း​သီချင်း​နှင့် ပျော်မြူး​သော​အသံ​ထွက်ပေါ်​လာ​မည်​။ သူ​တို့​ကို ငါ​တိုးပွား​စေ​မည်​၊ လျော့နည်း​စေ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ​ဂုဏ်ပြု​မည်​၊ အထင်သေး​ခြင်း ခံရ​စေ​မည်​မ​ဟုတ်​။ 20သူ​၏​သားသမီး​တို့​သည် ယခင်က​ကဲ့သို့​ဖြစ်​လိမ့်မည်​။ လူထု​တစ်ရပ်လုံး ငါ့​ရှေ့မှောက်​၌ တည်နေ​လိမ့်မည်​။ သူ့​အား ညှဉ်းဆဲ​သော​သူ​အားလုံး​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 21ထာဝရဘုရား​က “​သူ​၏​ခေါင်းဆောင်​သည် သူ့​အမျိုး​ထဲမှ​ဖြစ်​လိမ့်မည်​။ သူ့​ကို​အုပ်စိုး​သော​သူ​သည် သူ့​အမျိုး​ထဲမှ​ပေါ်ထွန်း​လိမ့်မည်​။ သူ့​ကို ငါ​ခေါ်​၍ သူ​သည် ငါ့​ထံ​ချဉ်းကပ်​လိမ့်မည်​။ အဘယ်သူ​သည် ကိုယ့်​အလိုအလျောက် ငါ့​ထံ​ချဉ်းကပ်​ဝံ့​သနည်း​။ 22သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
ဘုရားသခင်၏အမျက်တော်
23ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။ 24ထာဝရဘုရား​၏​အကြံအစည်​တော် အထ​မ​မြောက်​မီ​၊ မ​ပြီးမြောက်​မီ ပြင်းထန်​သော​အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့​နားလည်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ