YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 6

6
ဂျေရုဆလင်မြို့ ဝိုင်းရံခြိမ်းခြောက်ခံရခြင်း
1အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။ 2နူးညံ့​လှပ​သော ဇိအုန်​သမီးပျို​ကို ငါ​သုတ်သင်ပယ်ရှင်း​မည်​။ 3သိုးထိန်း​တို့​သည် မိမိ​တို့​၏​သိုးအုပ်​များ​နှင့်အတူ လာ​၍ ဇိအုန်​မြို့​ပတ်ပတ်လည်​၌ တဲထိုး​ကြ​မည်​။ အသီးသီး မိမိ​စားကျက်​၌ ကျက်စား​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။ 4ဇိအုန်​မြို့​ကို စစ်တိုက်​ရန် ပြင်ဆင်​ကြ​။ ထ​ကြ​။ မွန်းတည့်ချိန်​၌ စစ်ချီ​ကြ​စို့​။ အလို ငါ​တို့​ခက်​ပြီ​။ ညနေစောင်း​ပြီ​။ နေဝင်​တော့​မည်​။ နေ့​အချိန်​ကုန်လွန်​ပြီ​။ 5ထ​ကြ​။ ညအချိန် စစ်ချီသွား​၍ ဇိအုန်​မြို့​၏​ခံတပ်​များ​ကို ဖျက်ဆီး​ကြ​စို့​။ 6ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ကို​တိုက်ခိုက်​ရန် သစ်ပင်​ကို​ခုတ်လှဲ​၍ မြေကတုတ်​ဖို့​ကြ​လော့​။ ဤ​မြို့​သည် ဒဏ်ခတ်​ခံရ​မည့်​မြို့​ဖြစ်​၏​။ မြို့​ထဲ​တွင် ဖိနှိပ်ချုပ်ချယ်မှု​ဖြင့် ပြည့်​၏​။ 7ရေတွင်း​မှ​ရေ​ထွက်လာ​သကဲ့သို့ ထို​မြို့​ထဲမှ​မကောင်းမှု​ထွက်လာ​၏​။ မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​သတင်း​ကို ကြား​ရ​၏​။ ရောဂါဝေဒနာ​၊ ထိခိုက်ဒဏ်ရာ​သည် ငါ့​ရှေ့​၌ အစဉ်​ရှိ​၏​။ 8အို ဂျေရုဆလင်​မြို့​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို​ခံယူ​လော့​။ သို့မဟုတ်လျှင် သင့်​ကို ငါ​စွန့်ခွာ​သွား​မည်​။ သင့်​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
အစ္စရေးလူမျိုးအပေါ် အမျက်တော်ကျရောက်ခြင်း
9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​စပျစ်သီး​အကြွင်းအကျန်​တို့​ကို တစ်လုံးမကျန်​ဆွတ်ခူး​သကဲ့သို့ အစ္စရေး​လူမျိုး​အကြွင်းအကျန်​တို့​ကို ဆွတ်ခူး​ကြ​လိမ့်မည်​။ စပျစ်သီး​ဆွတ်ခူး​သော​သူ​ကဲ့သို့ သင့်​လက်​ကို စပျစ်နွယ်​များ​ကြား​သို့ လှမ်းလိုက်​ဦး​လော့​”​ဟု မိန့်​တော်မူ​၏​။ 10သူ​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​ကြ​မည့်​အကြောင်း မည်သူ့​ကို​ပြော​ရ​မည်နည်း​၊ မည်သူ့​ကို​သတိပေး​ရ​မည်နည်း​။ သူ​တို့​၏​နား​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​နား​ဖြစ်၍ နား​မ​ထောင်​နိုင်​ကြ​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို မ​နှစ်သက်​၊ ပြက်ရယ်ပြု​ကြ​၏​။ 11သို့ဖြစ်၍ ထာဝရဘုရား​၏​အမျက်ဒေါသ​သည် အကျွန်ုပ်​ထဲ၌​ပြည့်​၍ မထမ်း​နိုင်​လောက်အောင် ပင်ပန်း​လှ​၏​။ “​ထို​အမျက်ဒေါသ​ကို လမ်း​ပေါ်​ရှိ ကလေးသူငယ်​များ​နှင့်တကွ လူငယ်​အစုအဝေး​တို့​အပေါ် သွန်ချ​လော့​။ လင်​မယား​၊ သက်ကြီးရွယ်အို​တို့​သည်​လည်း ဖမ်းဆီး​ခြင်း​ခံရ​လိမ့်မည်​။ 12ထို​ပြည်သား​တို့​အပေါ် ငါ​၏​လက်​ကို​ဆန့်​မည်​ဖြစ်၍ သူ​တို့​၏​မယား​များ​နှင့်တကွ အိမ်​များ​၊ လယ်ယာ​များ​သည် အခြား​သူ​များ​လက်​ထဲသို့ ရောက်သွား​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 13“​အဘယ်ကြောင့်​ဆိုသော် အငယ်ဆုံး​မှစ၍ အကြီးဆုံး​တိုင်အောင် ထို​သူ​အပေါင်း​တို့​သည် မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။ 14ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ‘​ငြိမ်းချမ်း​သည်​၊ ငြိမ်းချမ်း​သည်​’​ဟု ဆို​လျက် ငါ့​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပေါ့ပေါ့တန်တန်​ကုသ​ပေး​ကြ​၏​။ 15သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
မနာခံခြင်းကြောင့်ရောက်လာမည့်ဘေး
16ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။ 17ငါ​သည် ကင်းစောင့်​တို့​ကို​ခန့်ထား​၍ ‘​တံပိုးမှုတ်သံ​ကို အာရုံစိုက်​နားထောင်​ကြ​’​ဟု ဆို​သော်လည်း သူ​တို့​က ‘​ငါ​တို့ နား​မ​ထောင်​’​ဟု ဆို​ကြ​၏​။ 18ထို့ကြောင့် အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို လူအစုအဝေး​တို့​၊ သူ​တို့​၌​ဖြစ်လာ​မည့်​အရာ​ကို စောင့်ကြည့်​ကြ​လော့​။ 19အို ကမ္ဘာမြေကြီး​၊ နားထောင်​လော့​။ ဤ​လူမျိုး​သည် ငါ့​စကား​ကို အာရုံ​မ​စိုက်​။ ငါ​၏​ပညတ်တရား​ကို​လည်း ငြင်းပယ်​ကြ​သောကြောင့် ငါ​သည် သူ​တို့​ထံသို့ သူ​တို့​အကြံအစည်​၏​အကျိုးဆက်​ဖြစ်​သည့် ဘေးအန္တရာယ်​ကို ယူဆောင်​လာ​မည်​။ 20ငါ့​ထံ သင်​တို့​ယူလာ​သော ရှေဘ​ပြည်​မှ​လော်ဗန်​၊ ဝေး​သော​ပြည်​မှ​မွှေးကြိုင်​သော​ခါနဲ#6:20 ဟီဘရူးစကားလုံး “ကျူပင်နှင့်တူသောအမွှေးအကြိုင်ပင်တစ်မျိုး”။​ကို ငါ​ဘာ​လုပ်​ရ​မည်နည်း​။ သင်​တို့​၏​မီးရှို့ရာယဇ်​ကို ငါ​လက်​မ​ခံ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​မ​နှစ်သက်​”​ဟု မိန့်​တော်မူ​၏​။ 21ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ရှေ့​တွင် ခလုတ်တံသင်း​ကို​ချထား​မည်​။ အဖေ​နှင့်​သား​တို့​သည် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ အိမ်နီးနားချင်း​နှင့်​အပေါင်းအဖော်​တို့​သည် ပျက်စီး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
မြောက်အရပ်မှ ကြမ်းကြုတ်သောလူမျိုး
22ထာဝရဘုရား​က “​မြောက်​အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​မည်​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​တစ်​မျိုး ထကြွ​မည်​။ 23သူ​တို့​သည် လေး​နှင့်​လှံ​ကို​စွဲကိုင်​သော​လူမျိုး​၊ ရက်စက်ကြမ်းကြုတ်​သော​လူမျိုး​၊ ကရုဏာ​ကင်း​သော​လူမျိုး​ဖြစ်​၏​။ သူ​တို့​၏​အသံ​သည် သမုဒ္ဒရာ​မြည်ဟိန်းသံ​ကဲ့သို့​ဖြစ်​၏​။ အို ဇိအုန်​သမီးပျို​၊ ထို​သူ​တို့​သည် မြင်း​ကို​စီး​၍ စစ်သူရဲ​ကဲ့သို့​စစ်ခင်းကျင်း​ပြီး သင့်​ကို​လာ​တိုက်​နေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 24ထို​သတင်း​ကို​ကြား​သောအခါ ငါ​တို့​၏​လက်​များ ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် ငါ​တို့​ကို ဖိစီး​ပြီ​။ ငါ​တို့​သည် သားဖွား​မိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။ 25ရန်သူ​၌ ဓား​ပါ​၍ ပတ်ပတ်လည်​၌ အန္တရာယ်​ရှိ​သောကြောင့် ကွင်းပြင်​သို့​မ​သွား​နှင့်​။ လမ်းမ​ပေါ် မ​ထွက်​နှင့်​။ 26အို ငါ့​လူမျိုး​သမီးပျို​၊ ပျက်စီး​ခြင်း​သည် ငါ​တို့​ထံ ရုတ်တရက်​ရောက်လာ​မည်​ဖြစ်၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ပြာ​၌​လူး​လော့​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခါးသီး​စွာ​ငိုကြွေး​လော့​။
ယေရမိကို စစ်ဆေးသူအဖြစ်ခန့်အပ်ခြင်း
27“သတ္တုစစ်​သော​သူ​ကဲ့သို့ ငါ့​လူမျိုး​တော်​ကို စစ်ဆေးသူ​အဖြစ်​သင့်​ကို ငါ​ခန့်ထား​ပြီ​။ ငါ့​လူမျိုး​တော်​၏​အကျင့်အကြံ​တို့​ကို သိရှိ​ဖို့ သူ​တို့​ကို စစ်ဆေး​ရ​မည်​။” 28သူ​တို့​အားလုံး​သည် ကြေးနီ​ကဲ့သို့​၊ သံ​ကဲ့သို့ ခေါင်းမာ​၍ ပုန်ကန်​တတ်​၏​။ အတင်းအဖျင်း​လိုက်ပြော​တတ်​၏​။ သူ​တို့​အားလုံး အကျင့်ပျက်ပြား​ကြ​၏​။ 29ဖားဖို​၌ မီးတောက်​နေ​ပြီ​။ ခဲ​ကို မီး​လောင်​ကုန်​ပြီ​။ သို့သော် သန့်စင်​သော​သူ​သည် အချည်းနှီး​သန့်စင်​ပြီ​။ ဆိုးညစ်​သော​သူ​များ မ​ပပျောက်​။ 30ထို​သူ​တို့​ကို ထာဝရဘုရား​ပယ်​တော်မူ​ပြီ​ဖြစ်၍ သူ​တို့​သည် ပယ်​ထား​သော​ငွေ​ဟူ၍ အခေါ်​ခံရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ