ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။ ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့် ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။ ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။ ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူလျှင် ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ”ဟု လျှောက်လေ၏။ ယေရှုကလည်း“ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့်“သင်တို့အားလုံးစင်ကြယ်သည်မဟုတ်”ဟု မိန့်တော်မူခြင်းဖြစ်၏။ ထိုသို့ သူတို့၏ခြေကိုဆေးပြီးသောအခါ ကိုယ်တော်သည် ဝတ်ရုံတော်ကိုပြန်ဝတ်၍ တစ်ဖန်ထိုင်တော်မူပြီးလျှင် တပည့်တော်တို့အားမြွက်ဆိုတော်မူသည်မှာ“သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။ သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။ ထို့ကြောင့် သခင်ဘုရားလည်းဖြစ်၍ ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးကြရမည်။ သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်းပြုကြရန် စံနမူနာကို ငါပြခဲ့၏။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။ ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ရှင်ယောဟန်ခရစ်ဝင် 13 ကိုဖတ်ပါ။
နားထောင်ပါ ရှင်ယောဟန်ခရစ်ဝင် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 13:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ