YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 17

17
ယေရှုဆုတောင်းတော်မူခြင်း
1ယေရှု​သည် ဤ​အရာ​များ​ကို​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​မျှော်ကြည့်​လျက်“အို အဖ၊ အချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​ပါ။ 2အကြောင်းမှာ ကိုယ်တော်​သည် သား​တော်​အား လူသား​အားလုံး​ကို အုပ်စိုး​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ။ ဤသည်ကား သား​တော်​သည် ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​နိုင်​ရန်​အတွက်​ဖြစ်​ပါ​၏။ 3ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။ 4အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။ 5အို အဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကပင် ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ရ​သော​ဘုန်း​အသရေ​တော်​အားဖြင့် ယခု​ပင် အကျွန်ုပ်​ကို အထံတော်ပါး​၌ ဘုန်း​ထင်ရှား​စေ​တော်မူ​ပါ။
တပည့်တော်တို့အတွက်ဆုတောင်းတော်မူခြင်း
6 ဤ​လောက​ထဲမှ ကိုယ်တော်​ရွေးကောက်​၍ အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော​သူ​တို့​အား ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ထင်ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို လိုက်နာ​စောင့်ထိန်း​ကြ​ပါ​ပြီ။ 7အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​အရာ​အားလုံး​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်​ကြောင်း ယခု သူ​တို့​သိ​ကြ​ပါ​ပြီ။ 8အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။ 9သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။ 10အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။ 11အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။ 12အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။
13 ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။ 14အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။ 15သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ 16အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။ 17သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။ 18ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။ 19သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။
ယုံကြည်သူအပေါင်းတို့အတွက်ဆုတောင်းတော်မူခြင်း
20 သူ​တို့​အတွက်​သာ​မ​က​ဘဲ သူ​တို့​ဟောပြော​သော​သတင်း​စကား​အားဖြင့် အကျွန်ုပ်​ကို​ယုံကြည်​လာ​သော​သူ​များ​အတွက်​လည်း အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ 21အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။ 22အကျွန်ုပ်​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​သကဲ့သို့ သူ​တို့​သည်​လည်း တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​ဘုန်း​အသရေ​တော်​ကို သူ​တို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ 23အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။
24 အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။
25 ဖြောင့်မတ်​တော်မူ​သော​အဖ၊ ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အကျွန်ုပ်​ကို ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။ 26အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ