YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 18:1-18

ရှင်ယောဟန်ခရစ်ဝင် 18:1-18 MSBU

ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။ ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။ သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။ ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။ ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့ဖြစ်၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါလေစေ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည်​မှာ“အကျွန်ုပ်​ထံ ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​တွင် မည်သူမျှ အကျွန်ုပ်​မ​ဆုံးရှုံး​ခဲ့​ပါ”​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။ ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။ ယေရှု​က​လည်း“ဓား​ကို ဓားအိမ်​ထဲသို့​ပြန်​သွင်း​လော့။ ငါ့​အား ခမည်းတော်​ပေး​တော်မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေတရု​အား မိန့်​တော်မူ​၏။ ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။ ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏”​ဟု ဂျူး​လူမျိုး​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။ ရှိမုန်​ပေတရု​နှင့် အခြား​တပည့်​တော်​တစ်​ပါး​သည် ယေရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တပည့်​တော်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲသို့ ဝင်​လေ​၏။ ပေတရု​မူကား ခြံ​တံခါး​အပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​သော ထို​တပည့်​တော်​သည်​ထွက်လာ​၍ တံခါးစောင့်​မိန်းမ​အား​ပြော​ပြီးလျှင် ပေတရု​ကို အထဲသို့​ခေါ်သွား​လေ​၏။ ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။ ထို​ကာလ​သည်​ချမ်းအေး​သောကြောင့် အစေအပါး​တို့​နှင့် အစောင့်​တပ်သား​တို့​သည် မီးခဲ​ဖို​ပြီး ရပ်​လျက်​မီးလှုံ​နေ​ကြ​၏။ ပေတရု​သည်​လည်း သူ​တို့​နှင့်အတူ​ရပ်​၍ မီးလှုံ​နေ​၏။