သို့ဖြစ်လင့်ကစား ယခင်က မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်လာပြီဟူသော ထိုသူ၏အကြောင်းကို ဂျူးလူမျိုးတို့သည် မယုံကြသဖြင့် နောက်ဆုံးတွင် မျက်စိမြင်လာသော ထိုသူ၏မိဘတို့ကိုခေါ်၍ “ဤသူသည် မွေးရာပါမျက်မမြင်ဖြစ်သည်ဟု သင်တို့ဆိုသော သင်တို့၏သားမှန်သလော။ မှန်သည်ဆိုလျှင် သူသည် ယခု မည်သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။ မိဘတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကိုလည်းကောင်း၊ မွေးရာပါမျက်မမြင်ဖြစ်သည်ကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။ သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။ သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ ထိုအကြောင်းကြောင့် သူ၏မိဘတို့က “သူသည် အရွယ်ရောက်နေပါပြီ။ သူ့ကိုမေးကြပါလော့”ဟု ဆိုကြခြင်းဖြစ်၏။ ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။ သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။ ထိုသူတို့ကလည်း “သူသည် သင်၌ မည်သည့်အရာကိုပြုသနည်း။ သင်၏မျက်စိကိုမည်ကဲ့သို့မြင်စေသနည်း”ဟု မေးမြန်းကြလျှင် သူက “သင်တို့ကိုအကျွန်ုပ်ပြောပြီးပြီ။ သို့သော် သင်တို့နားမထောင်ကြ။ အဘယ်ကြောင့် ထပ်၍ကြားလိုကြသနည်း။ သင်တို့သည်လည်း ထိုသူ၏တပည့်ဖြစ်လိုကြသလော”ဟု ပြန်ပြော၏။ ထိုအခါ ဂျူးလူမျိုးတို့က “သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်များဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။ သူကလည်း “အကျွန်ုပ်၏မျက်စိကိုဖွင့်ပေးလျက်နှင့်ပင် ထိုသူမည်သည့်အရပ်မှလာသည်ကို သင်တို့မသိကြသည်မှာ အံ့ဩဖွယ်ကောင်း၏။ ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။ မွေးရာပါမျက်မမြင်ဖြစ်သောသူကို တစ်စုံတစ်ယောက်က မျက်စိမြင်စေခဲ့သည်ဟူသောအကြောင်းကို ကမ္ဘာဦးမှစ၍ မကြားခဲ့ဖူးပါ။ ထိုသူသည် ဘုရားသခင်ထံမှလာသောသူမဟုတ်လျှင် မည်သည့်အရာကိုမျှ ပြုနိုင်ခဲ့မည်မဟုတ်”ဟု ဆို၏။ ဂျူးလူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။ ဂျူးလူမျိုးတို့သည် သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြောင်း ယေရှုကြားတော်မူ၍ သူ့ကိုတွေ့ရှိလျှင်“သင်သည် လူ့သားကိုယုံကြည်သလော”ဟု မေးတော်မူ၏။ သူကလည်း “သခင်ဘုရား၊ သူ့ကိုယုံကြည်နိုင်ရန် ထိုသူမည်သူဖြစ်သည်ကို သိလိုပါ၏”ဟု ပြန်လျှောက်လေ၏။ ယေရှုက“သင်သည် သူ့ကိုမြင်ပြီးသည်သာမက ယခုသင်နှင့်စကားပြောနေသောသူသည် လူ့သားပင်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုသူကလည်း “အကျွန်ုပ်ယုံကြည်ပါ၏ သခင်ဘုရား”ဟု လျှောက်လျက် ကိုယ်တော်ကိုရှိခိုးလေ၏။ ထိုအခါ ယေရှုက“ငါသည် မမြင်သောသူတို့ကိုမြင်စေ၍ မြင်နေသောသူတို့ကို မျက်စိကွယ်စေရန်ဟူသော တရားစီရင်ခြင်းအတွက် ဤလောကသို့ကြွလာ၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြသဖြင့် သင်တို့၏အပြစ်သည် တည်မြဲတည်၏။
ရှင်ယောဟန်ခရစ်ဝင် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 9:18-41
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ