YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 39

39
1တောင်ဆိတ်​တို့ မွေးဖွား​ချိန်​ကို သင်​သိ​သလော​။ သမင်မ​သားဖွား​သည်​ကို သင်​စောင့်ကြည့်​ပေး​ဖူး​သလော​။ 2သူ​တို့​ဇီးကပ်​သော​လ​တို့​ကို သင်​မှတ်​ဖူး​သလော​။ သူ​တို့​သားပေါက်​မည့်​အချိန်​ကို သင်​သိ​သလော​။ 3သူ​တို့​သည် ဝပ်​၍ သားပေါက်​ကို မွေးဖွား​ပြီးမှ သားဖွားဝေဒနာ​ကင်းငြိမ်း​သွား​ရ​၏​။ 4သားပေါက်​တို့​သည် ကွင်းပြင်​တွင်ပင် ကြီးပြင်း​သန်စွမ်း​လာ​၍ အမိ​ထံမှ ထွက်သွား​ပြီး ပြန်လာ​လေ့​မ​ရှိ​။ 5မြည်းရိုင်း​ကို မည်သူ လွတ်လပ်ခွင့်​ပေး​ထား​သနည်း​။ ချည်နှောင်​ထား​သော​မြင်းရိုင်း​ကြိုး​ကို မည်သူ​ဖြေ​ပေး​သနည်း​။ 6ကန္တာရ​ကို သူ​၏​နေအိမ်​၊ ဆားမြေ​ကို သူ​နေစရာမြေ​အဖြစ် ငါ​ပေး​ထား​ပြီ​။ 7သူ​သည် မြို့ပြ​ဆူညံသံ​ကို ဂရုမစိုက်​။ မောင်းနှင်​သော​သူ​တို့​၏​အော်ငေါက်သံ​ကို​လည်း နား​မ​ထောင်​။ 8စားကျက်​ရှိ​ရာ​တောင်ကုန်း​များ​ကို စူးစမ်း​ပြီးနောက် စိမ်းလန်း​သော​အပင်​အမျိုးမျိုး​ကို ရှာဖွေ​တတ်​၏​။ 9နွားရိုင်း​သည် သင်​စေခိုင်း​သော​အရာ​ကို လုပ်ပေး​မည်လော​။ သင်​ထား​သော​တင်းကုပ်​တွင် နေ​မည်လော​။ 10နွားရိုင်း​ကို ကြိုးချည်​ပြီး လယ်ထွန်​ခိုင်း​၍ ရ​မည်လော​။ သင့်​နောက်သို့​လိုက်​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တွင် လယ်ထွန်​လိမ့်​မည်လော​။ 11သူ​သည် ခွန်အား​ကြီး​သည်​ဆို​ပြီး သူ့​ကို ယုံစား​၍​ရ​မည်လော​။ သင်​လုပ်ဆောင်​ရ​မည့်​အလုပ်ကြမ်း​များ​ကို သူ့​အား လွှဲပေး​၍​ရ​မည်လော​။ 12သင်​၏​ကောက်လှိုင်း​များ​ကို ယူဆောင်​လာ​၍ ကောက်နယ်တလင်း​တွင် စုသိမ်း​ပေး​မည်​ဟု သင်​ယုံ​သလော​။ 13ငှက်ကုလားအုတ်​သည် အတောင်ပံ​ကို ဂုဏ်ယူဝင့်ကြွား​စွာ​ခတ်ပြ​သော်လည်း သူ့​အတောင်ပံ​၊ သူ့​အမွေး​သည် ငှက်ကျား​နှင့် ယှဉ်​နိုင်​မည်လော​။ 14သူ​သည် မြေ​ပေါ်တွင် ဥ​ပြီး ထို​ဥ​တို့​အနွေးဓာတ်​ရရှိ​စေရန် မြေမှုန့်​တွင် ထားခဲ့​တတ်​၏​။ 15ထို​ဥ​တို့​ကို တက်နင်း​မိ​မည်​၊ တောရိုင်းတိရစ္ဆာန်​တို့ နင်းခွဲ​မိ​မည်​ကို​လည်း သတိမထား​တတ်​။ 16မိမိ​သားပေါက်​တို့​ကို​လည်း ကိုယ့်​သားပေါက်​မ​ဟုတ်​သကဲ့သို့ ကြမ်းတမ်း​စွာ​ပြု​၏​။ သူ​လုပ်ဆောင်​သမျှ အချည်းနှီး​ဖြစ်​မည်​ကို​လည်း မ​ကြောက်​။ 17အကြောင်းမူကား ဘုရားသခင်​သည် သူ့​အား ဉာဏ်ပညာ​ရှိ​ခွင့်​မပေး​။ အသိဉာဏ်​ကို​လည်း မ​ပေး​။ 18သို့သော် အတောင်ပံ​ကို​အမြင့်ဆုံး​ဖြန့်​ပြီး​သော​အချိန်​တွင် မြင်း​နှင့်​မြင်းစီး​သူ​ကို​ပင် လှောင်ရယ်​တတ်​၏​။ 19မြင်း​ကို သင်​ခွန်အား​ပေး​နိုင်​သလော​။ မြင်း​၏​လည်ဆံမွေး​ကို သင်​ပေါက်​စေ​သလော​။ 20သူ့​ကို ကျိုင်းကောင်​ကဲ့သို့ ခုန်ပေါက်​တတ်​စေ​နိုင်​သလော​။ သူ့​နှာမှုတ်သံကြီး​မှာ ကြောက်မက်ဖွယ်​ကောင်း​၏​။ 21သူ​သည် ချိုင့်ဝှမ်းမြေ​တို့​ကို ခွာ​နှင့်​ပေါက်​တတ်​၏​။ ခွန်အားကြီး​ခြင်း​၌ ဂုဏ်ယူ​တတ်​၏​။ စစ်ပွဲ​သို့ ဒုန်းစိုင်း​ပြေးသွား​တတ်​၏​။ 22ကြောက်မက်ဖွယ်​ရာ​ကို​ပင် လှောင်ရယ်​တတ်​၏​။ မည်သည့်​အရာ​ကို​မျှ မ​ကြောက်​တတ်​။ ဓား​ရှေ့​မှ ရှောင်သွား​လေ့​မ​ရှိ​။ 23သူ့​အနီး​တွင် မြားကျည်တောက်သံ တတောက်တောက်မြည်​၍ လှံတို​လှံရှည်​တို့ တလက်လက်​တောက်ပ​နေ​သော်လည်း သူ​မ​ကြောက်​။ 24အားမာန်ပြင်းစွာ မြေကြီး​ပေါ် ဒုန်းစိုင်းပြေး​သွား​တတ်​၏​။ တံပိုးမှုတ်သံ​ကြား​လျှင် ဂနာမငြိမ်​ဖြစ်​တတ်​၏​။ 25တံပိုးမှုတ်​လိုက်​သည်​နှင့် ဟီးကနဲ​အော်မြည်​တတ်​၏​။ တိုက်ပွဲ​ထဲမှ တပ်မှူး​တို့​၏​စစ်ငြာသံ​နှင့် ကြွေးကြော်သံ​တို့​ကို အဝေး​မှ အာရုံရ​တတ်​၏​။ 26သိမ်းငှက်​က သူ​၏​အတောင်ပံ​တို့​ကို​ဖြန့်​ပြီး တောင်​အရပ်​သို့ ပျံသန်း​သွား​သည်​မှာ သင်​ပညာသင်​ပေး​ထား​၍​လော​။ 27လင်းယုန်ငှက်​က အမြင့်​သို့​ပျံသန်း​၍ အသိုက်​ကို​လည်း အမြင့်ဆုံး​နေရာ​၌​ဆောက်လုပ်​တတ်​သည်​မှာ သင်​အမိန့်ပေး​ထား​၍​လော​။ 28သူ​သည် ကျောက်ဆောင်​များ​ကြား​တွင် နေထိုင်​တတ်​၏​။ ကျောက်အငူ​များ​၊ လိုဏ်ဂူ​များ​တွင် ညအိပ်နား​တတ်​၏​။ 29ထို​အရပ်​တို့​မှ​နေ​၍ အစာ​ကို ရှာ​တတ်​၏​။ သူ​၏​မျက်စိ​တို့​သည် အဝေး​သို့​လှမ်းမြင်​နိုင်​၏​။ 30သူ​၏​သားပေါက်​များ​သည်ပင် သွေးစုပ်​သောက်​တတ်​ကြ​၏​။ အသေကောင်​များ​ရှိ​ရာ​အရပ်​တွင် သူ​ရှိ​တတ်​၏​”​ဟု မုန်တိုင်း​ထဲမှ မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 39: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ