ယောလအနာဂတ္တိကျမ်း 2
2
1ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ 2ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
3သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။ 4သူတို့၏ပုံသဏ္ဌာန်သည် မြင်းနှင့်တူ၏။ စစ်မြင်းများကဲ့သို့ ပြေးလွှားကြ၏။ 5သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။ 6လူတို့သည် သူတို့ရှေ့တွင် တုန်လှုပ်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်လိမ့်မည်။ 7သူတို့သည် စစ်သူရဲကဲ့သို့ ပြေး၏။ မြို့ရိုးပေါ်တွယ်တက်တတ်သော စစ်သားနှင့်တူ၏။ ကိုယ့်လမ်းကြောင်းမှမလွဲ လမ်းကြောင်းအတိုင်း ချီတက်ကြ၏။ 8အချင်းချင်း မတိုးမတိုက်ဘဲ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ချီတက်ကြ၏။ လက်နက်ကြားတိုးဝင်သော်လည်း မကျဆုံး။ 9သူတို့သည် မြို့ထဲတွင် ကဆုန်ပေါက်နေကြ၏။ မြို့ရိုးပေါ်တွင် ပြေးလွှားနေကြ၏။ သူခိုးကဲ့သို့ပြတင်းပေါက်ကို ကျော်ပြီး အိမ်ပေါ်သို့တက်ကြ၏။ 10သူတို့ရှေ့တွင် မြေကြီးလှုပ်ခတ်၍ ကောင်းကင်ခါယမ်းလေ၏။ နေနှင့်လလည်း အမှောင်ကျကုန်၏။ ကြယ်များသည်လည်း မိမိတို့၏အလင်းကို မပေးနိုင်။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:31၊ 3:15၊ ဗျာ 8:12၊ 9:2။ 11ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။#မာလ 3:2၊ ဗျာ 6:17။
နောင်တရရန် ဘုရားသခင်ခေါ်ယူတော်မူခြင်း
12ထာဝရဘုရားက “ယခုပင် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာ၍ အစာရှောင်လျက် ငိုကြွေးမြည်တမ်းကြလော့”ဟု မိန့်တော်မူ၏။ 13သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။ 14သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။ 15ဇိအုန်တောင်ပေါ်တွင် တံပိုးကိုမှုတ်ကြလော့။ အစာရှောင်ရန် အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ 16လူတို့ကိုစုဝေးစေ၍ လူထုကြီးကို စင်ကြယ်စေလော့။ သက်ကြီးဝါကြီးများကို စုရုံးစေလော့။ နို့စို့ကလေးမှစ၍ ကလေးငယ်တို့ကို စုစည်းလော့။ သတို့သားကို အခန်းထဲမှလည်းကောင်း၊ သတို့သမီးကို မင်္ဂလာခန်းမှလည်းကောင်း ထွက်လာစေလော့။ 17ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
မိမိလူမျိုးတော်ကို ဘုရားသခင်ပြန်လည်မိန့်ဆိုခြင်း
18ထိုအခါ ထာဝရဘုရားသည် မိမိပြည်တော်အဖို့ စိတ်အားထက်သန်၍ မိမိ၏လူမျိုးတော်ကို ညှာတာတော်မူမည်။ 19ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။ 20မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။ 21အို ပြည်တော်၊ မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် ကြီးမြတ်သောအမှုကို ပြုတော်မူလေပြီ။ 22အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။ 23အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။ 24ကောက်နယ်တလင်းတို့သည် ကောက်ပဲသီးနှံနှင့် ပြည့်လိမ့်မည်။ စည်တို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ဆီတို့ဖြင့် ပြည့်လိမ့်မည်။ 25“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။ 26သင်တို့သည် ဝလင်စွာစားရသဖြင့် သင်တို့အဖို့ အံ့ဖွယ်သောအမှုပြုတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို သင်တို့ချီးမွမ်းကြလိမ့်မည်။ ငါ၏လူမျိုးတော်သည် ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။ 27သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
မိမိဝိညာဉ်နှင့်ဆိုင်သော ဘုရားသခင်၏ကတိတော်
28ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။ 29ထိုကာလတွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင်လျှင် ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ 30မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။ 31ကြောက်မက်ဖွယ်ကောင်းသော ထာဝရဘုရား၏နေ့ရက်ကြီးမရောက်မီ နေသည် မှောင်မိုက်၍ လသည် သွေးဖြစ်လိမ့်မည်။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:10၊ 3:15၊ ဗျာ 8:12၊ 9:2။ 32ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။#တ 2:21၊ ရော 10:13။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ယောလအနာဂတ္တိကျမ်း 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: