YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1

1
သော်ဖိလုအားရည်စူးသောစကား
1မြတ်​သော​သော်ဖိလု၊ ငါ​တို့​၌ ထင်ရှား​ပြည့်စုံ​ခဲ့​သော​အကြောင်းအရာ​များ​ကို 2မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍ 3-4အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။
ယောဟန်မွေးဖွားမည့်အကြောင်း ဂါဗြေလကြိုတင်မြွက်ဆိုခြင်း
5ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။ 6သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။ 7သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။
8တစ်ခါက ဇာခရိ​သည် မိမိ​၏​အဖွဲ့ အလှည့်​ကျ​သဖြင့် ဘုရားသခင်​ရှေ့​တော်​၌​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​နေစဉ် 9ယဇ်ပုရောဟိတ်​အဖွဲ့​၏​ဓလေ့​ထုံးစံ​အတိုင်း​မဲချ​ကြ​ရာ ထာဝရ​ဘုရား​၏​ဗိမာန်​တော်​အတွင်း​သို့​ဝင်​၍ နံ့သာပေါင်း​ကို​မီးရှို့​ပူဇော်​ရန် သူ​၌​တာဝန်​ကျ​လေ​၏။ 10ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။
11ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။ 12ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။ 13ကောင်းကင်တမန်​က “ဇာခရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​ပြီ။ သင်​၏​ဇနီး​အဲလစ်ဇဘက်​သည် သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်။ 14သူ​သည် သင့်​အတွက် ဝမ်းမြောက်​စရာ​၊ ရွှင်မြူး​စရာ​ဖြစ်​မည်။ လူ​များစွာ​တို့​သည်​လည်း သူ​၏​ဖွားမြင်​ခြင်း​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ 15အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။ 16သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍ 17အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်”#မာလ 4:5-6။​ဟု မြွက်ဆို​လေ​၏။ 18ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။ 19ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။ 20သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။
21လူ​တို့​သည် ဇာခရိ​ကို​စောင့်မျှော်​နေ​၍ သူ​သည်​ဗိမာန်​တော်​ထဲ၌​ကြန့်ကြာ​နေ​သည်​ကို အံ့သြ​ကြ​၏။ 22သို့သော် ဇာခရိ​ပြန်​ထွက်လာ​သောအခါ သူ​တို့​အား​စကား​မ​ပြော​နိုင်​သောကြောင့် သူ​သည် ဗိမာန်​တော်​ထဲ၌ ဗျာဒိတ်​ရူပါရုံ​ကို​မြင်​ရ​ပြီ​ဟု သိရှိ​သွား​ကြ​၏။ ဇာခရိ​သည် သူ​တို့​အား ကိုယ်လက်​အမူအရာ​ကို​သာ​ပြ​၍ ဆွံ့အ​လျက်​နေ​၏။
23ထို့နောက် သူ​သည် တာဝန်​ထမ်းဆောင်​ရ​သည့်​နေ့ရက်​များ​ပြီးဆုံး​သွား​သဖြင့် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ 24ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။ 25အဲလစ်ဇဘက်​က “ထာဝရ​ဘုရား​သည် လူ​တို့​အလယ်၌ ငါ​ခံရ​သော​ကဲ့ရဲ့​ရှုတ်ချ​ခြင်း​ကို​ဖယ်ရှား​ရန် ငါ့​ကို​မျက်နှာသာပေး​တော်မူ​သည့်​နေ့ရက်​များ​၌ ဤသို့​ပြု​တော်မူ​ပြီ”​ဟု ဆို​လေ​၏။
ယေရှုဖွားမြင်တော်မူခြင်းအကြောင်း ဂါဗြေလကြိုတင်မြွက်ဆိုခြင်း
26ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။ 27ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။ 28ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။
29မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။ 30ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။ 31သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။ 32သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍ 33သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။ 34မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။ 35ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ 36ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။ 37ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ 38ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။
အဲလစ်ဇဘက်ထံ မာရိသွားရောက်လည်ပတ်ခြင်း
39ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍ 40ဇာခရိ​အိမ်​သို့​ဝင်​ကာ အဲလစ်ဇဘက်​ကို​နှုတ်ဆက်​လေ​၏။ 41မာရိ​၏​နှုတ်ဆက်​စကား​ကို အဲလစ်ဇဘက်​ကြား​ရ​သောအခါ သူ​၏​ကလေးငယ်​သည် ဝမ်း​ထဲ၌​ခုန်​လေ​၏။ အဲလစ်ဇဘက်​သည်​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် 42“သင်​သည် မိန်းမ​တို့​တွင် မင်္ဂလာရှိ​၏။ သင်​၏​ဝမ်းတွင်း​မှ​ကလေး​သည်​လည်း မင်္ဂလာရှိ​၏။ 43ကျွန်မ​သခင်​၏​မယ်တော်​သည် ကျွန်မ​ထံသို့​ရောက်လာ​သော​ကျေးဇူး​ကို အဘယ်ကြောင့် ကျွန်မ​ခံရ​ပါ​သနည်း။ 44အမှန်စင်စစ် သင်​၏​နှုတ်ဆက်​စကား​ကို ကျွန်မ​ကြား​ရ​သောအခါ ကျွန်မ​၏​ကလေးငယ်​သည် ရွှင်မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ၌​ခုန်​ပါ​၏။ 45မိမိ​အား ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ​များ​ပြည့်စုံ​မည်​ဟု ယုံကြည်​သော​မိန်းမ​သည် မင်္ဂလာရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ပြောဆို​လေ​၏။
မာရိ၏ချီးမွမ်းခြင်း
46မာရိ​က​လည်း “ငါ​၏​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို​ချီးမွမ်း​၍ 47ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။ 48အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။ 49အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။ 50ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။#ဆာ 103:11,17။ 51ကိုယ်တော်​သည် လက်ရုံး​တော်​အားဖြင့် တန်ခိုး​အရှိန်အဝါ​နှင့်​ပြည့်စုံ​သော​အမှု​ကို​ပြု​တော်မူ​၍ အတွင်း​စိတ်​သဘော​၌ မာန​ထောင်လွှား​သော​သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏။ 52ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။ 53ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။ 54-55ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။
56မာရိ​သည် အဲလစ်ဇဘက်​နှင့်အတူ သုံး​လ​ခန့်​နေ​ပြီးနောက် မိမိ​အိမ်​သို့​ပြန်​လေ​၏။
ယောဟန်၏မွေးဖွားခြင်းနှင့် ကင်ပွန်းတပ်ခြင်း
57ထို့နောက် အဲလစ်ဇဘက်​သည် ဖွား​ချိန်​စေ့​၍ သားယောက်ျား​ကို​ဖွားမြင်​၏။ 58ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။
59ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူငယ်​အား​အရေဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖခင်​၏​နာမည်​အတိုင်း သူ့​ကို ဇာခရိ​ဟု​မှည့်ခေါ်​မည်​ပြု​ကြ​၏။ 60သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မ​မှည့်​ရ။ ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။ 61သူ​တို့​က​လည်း “သင်​၏​ဆွေမျိုးသားချင်း​တို့​တွင် ဤ​နာမည်​ဖြင့်​မှည့်ခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီးလျှင် 62သူ့​ကို​မည်သို့​မှည့်ခေါ်​စေ​လို​ကြောင်း သူ​၏​ဖခင်​အား လက်ရိပ်​ပြ​၍​မေးမြန်း​ကြ​၏။ 63ဖခင်​သည်​လည်း သင်ပုန်း​ကို​တောင်း​၍ “သူ​၏​အမည်​မှာ ယောဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အပေါင်း​တို့​သည်​အံ့ဩ​ကြ​၏။ 64ထို​ခဏချင်း​တွင် ဇာခရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေလျော့​သဖြင့် သူ​သည်​စကား​ပြော​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လေ​၏။ 65သူ​တို့​ပတ်ဝန်းကျင်​၌​နေထိုင်​သူ​ရှိသမျှ​တို့​သည် ကြောက်ရွံ့​ကြ​၍ ဤ​အကြောင်းအရာ​အလုံးစုံ​တို့​သည် ယုဒ​နယ်​တောင်​ပေါ်​ဒေသ​တစ်လျှောက်​တွင် ကျော်စော​လေ​၏။ 66ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း ထို​အကြောင်းအရာ​တို့​ကို နှလုံး​သွင်း​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ​ဖြစ်​လိမ့်မည်​နည်း”​ဟု ဆို​ကြ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​လက်​တော်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏။
ဇာခရိ၏ပရောဖက်ပြုဟောပြောချက်
67သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ပရောဖက်ပြု​ဟောပြော​ကာ 68“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး 69-70မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။ 71ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။ 72-75ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။ 76-77အချင်း​သူငယ်၊ သင်​သည်​လည်း အမြင့်ဆုံး​သော​ဘုရား​၏​ပရောဖက်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သင်​သည် ထာဝရ​ဘုရား​၏​လမ်း​တော်​ကို​ပြင်ဆင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော်​အား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အားဖြင့်​သက်ရောက်​သော ကယ်တင်​ခြင်း​နှင့်ဆိုင်သည့်​အသိပညာ​ကို​ပေး​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​ရှေ့​တော်​၌ သွား​လိမ့်မည်။ 78ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး 79မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။
80သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ