YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 15:11-32

ရှင်လုကာခရစ်ဝင် 15:11-32 MSBU

တစ်ဖန် ကိုယ်တော်​က“လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။ သားငယ်​သည် ဖခင်​အား ‘အဖေ၊ အကျွန်ုပ်​ရ​ထိုက်​သော​အမွေ​ပစ္စည်း​ကို ခွဲဝေ​ပေး​ပါ’​ဟု ဆို​သဖြင့် ဖခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲဝေ​ပေး​လေ​၏။ ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။ မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။ သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။ ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။ ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည်​’ဟု ဆို​ပြီးလျှင် ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။ သား​က​လည်း ‘အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ’​ဟု ဆို​၏။ သို့သော် ဖခင်​သည် မိမိ​အစေအပါး​တို့​အား ‘အကောင်းဆုံး​သော​ဝတ်လုံ​ကို အမြန်​ယူခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိနပ်​ကို​စီး​စေ​ကြ​လော့။ ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။ အကြောင်းမူကား ငါ​၏​ဤ​သား​သည် သေဆုံး​ခဲ့​သော်လည်း ပြန်​ရှင်လာ​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ပျော်ပွဲရွှင်ပွဲ​ကို​အစပြု​ကြ​လေ​၏။ လယ်​၌​ရှိ​သော သား​ကြီး​သည် ပြန်လာ​၍ အိမ်​အနီး​သို့​ရောက်လာ​သောအခါ တီးမှုတ်​သံ​နှင့်​ကခုန်​သံ​တို့​ကို​ကြား​ရ​သဖြင့် အစေခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်သည့်​အခြင်းအရာ​များ​ဖြစ်ပျက်​နေ​သနည်း’​ဟု မေးမြန်း​လေ​၏။ အစေခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်လာ​ပြီ။ သူ့​ကို​ကျန်းမာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အတွက် သင်​၏​ဖခင်​သည် ဆူဖြိုး​သော​နွားသငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြောဆို​၏။ ထိုအခါ သား​ကြီး​သည် အမျက်ထွက်​၍ အထဲသို့​မ​ဝင်​လို​သောကြောင့် သူ​၏​ဖခင်​သည် အပြင်​သို့​ထွက်လာ​၍ သူ့​ကို​ဖျောင်းဖျ​လေ​၏။ သို့ရာတွင် သူ​သည် ဖခင်​အား ‘အကျွန်ုပ်​သည် နှစ်​ပေါင်း​များစွာ အဖေ့​ကို​အစေခံ​၍ အဖေ​၏​အမိန့်​ကို တစ်ခါမျှ​မ​လွန်ဆန်​ခဲ့​ပါ။ သို့သော် အကျွန်ုပ်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​များ​နှင့်အတူ​ပျော်ရွှင်​ရန် အဖေ​သည် အကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။ သို့ရာတွင် အဖေ​၏​ဥစ္စာ​ပစ္စည်း​များ​ကို ပြည့်တန်ဆာ​များ​နှင့်​ဖြုန်းတီး​ခဲ့​သည့် အဖေ​၏​ဤ​သား​ပြန်လာ​သောအခါ​၌​မူ သူ့​အတွက် ဆူဖြိုး​သော​နွားသငယ်​ကို သတ်​ပေး​သည်​တကား’​ဟု ဆို​၏။ ဖခင်​က​လည်း ‘ငါ့​သား၊ သင်​သည် ငါ​နှင့်အတူ​အမြဲ​ရှိ​နေ​၏။ ငါ​၏​ဥစ္စာ​ရှိသမျှ​သည် သင်​၏​ဥစ္စာ​ဖြစ်​၏။ သို့သော် သင်​၏​ညီ​သည် သေဆုံး​ခဲ့​သော်လည်း အသက်​ပြန်​ရှင်​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​သည်​ဖြစ်၍ ယခု​ဝမ်းမြောက်​ပျော်ရွှင်​သင့်​၏’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။