YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 18

18
စိတ်ပျက်အားလျော့ခြင်းမရှိသောမုဆိုးမပုံဥပမာ
1ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ 2“မြို့​တစ်​မြို့​၌ ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​သော တရားသူကြီး​တစ်​ဦး​ရှိ​၏။ 3ထို​မြို့​၌​ရှိ​သော မုဆိုးမ​တစ်​ဦး​သည် သူ့​ထံသို့ အကြိမ်ကြိမ်​လာ​ပြီး ‘ကျွန်မ​ဘက်​၌​နေ​၍ ကျွန်မ​ကို​တရားစွဲဆို​သူ​အား တရားသဖြင့်​စီရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။
4 သူ​သည် အတန်​ကြာ​မျှ စီရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်လည်း နောက်ဆုံး​တွင် မိမိ​စိတ်​ထဲ၌ ‘ငါ​သည် ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​တတ်။ 5သို့သော် ဤ​မုဆိုးမ​သည် ငါ့​ကို​အနှောင့်အယှက်​ပေး​လှ​သည်​ဖြစ်၍ သူ့​အတွက် တရားသဖြင့်​စီရင်​ပေး​မည်။ သို့မဟုတ်​လျှင် သူ​သည် အဖန်ဖန်​လာ​၍ နောက်ဆုံး​၌ ငါ့​ကို ပင်ပန်း​နွမ်းနယ်​စေ​လိမ့်မည်’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ 6ထို့နောက် သခင်​ဘုရား​က“ထို​မတရား​သော​တရားသူကြီး​ပြောဆို​သည့်​အရာ​ကို ကြား​ကြ​သလော။ 7ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။ 8သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် သူ​တို့​အတွက် တရားသဖြင့် လျင်မြန်​စွာ​စီရင်​ပေး​တော်မူ​လိမ့်မည်။ သို့သော် လူ့သား​ကြွလာ​သောအခါ မြေကြီး​ပေါ်၌ ယုံကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော”​ဟု မိန့်​တော်မူ​၏။
ဖာရိရှဲနှင့်အခွန်ကောက်ခံသူပုံဥပမာ
9မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ 10“လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။ 11ဖာရိရှဲ​သည် တစ်ဦးတည်း​ရပ်​လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်​သည် အခြား​သူ​များ​ကဲ့သို့ လိမ်လည်​လုယူ​သော​သူ၊ မ​ဖြောင့်မတ်​သော​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​မ​ဟုတ်​သည့်​အပြင် ဤ​အခွန်​ကောက်ခံ​သူ​ကဲ့သို့​လည်း မ​ဟုတ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ 12အကျွန်ုပ်​သည် တစ်ပတ်​လျှင် နှစ်​ကြိမ်​အစာရှောင်​ပြီး ရရှိ​သမျှ​အားလုံး​၏​ဆယ်ဖို့တစ်ဖို့​ကို​လှူ​ပါ​၏’​ဟု ဆုတောင်း​လေ​၏။
13 အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။ 14သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် မိမိ​အိမ်​သို့​ပြန်သွား​သော​သူ​မှာ ဤ​အခွန်​ကောက်ခံ​သူ​ဖြစ်​၍ ထို​ဖာရိရှဲ​မ​ဟုတ်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ကလေးသူငယ်များကိုကောင်းချီးပေးခြင်း
15ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေးငယ်​များ​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ 16သို့ရာတွင် ယေရှု​သည် ထို​ကလေး​သူငယ်​များ​ကို​ခေါ်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ 17သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
ချမ်းသာသောအကြီးအကဲ
18တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။ 19ယေရှု​က“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ 20‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ 21ထို​သူ​က​လည်း “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။
22ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။
23ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။
ချမ်းသာသောသူနှင့်ဘုရားသခင်၏နိုင်ငံတော်
24ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။ 25ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှို​ဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု မိန့်​တော်မူ​၏။ 26ထို​စကား​ကို​ကြား​သော​သူ​တို့​က “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။ 27ကိုယ်တော်​က​လည်း“လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော​အရာ​များ​သည် ဘုရားသခင်​အတွက်​ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ 28ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ 29ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် အိမ်​ကို​ဖြစ်စေ၊ ဇနီး​ကို​ဖြစ်စေ၊ ညီအစ်ကို​ကို​ဖြစ်စေ၊ မိဘ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တို့​တွင် 30ယခု​ဘဝ​၌ အဆ​ပေါင်း​များစွာ​သော​အကျိုး​ကို​လည်းကောင်း၊ နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​လည်းကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း တတိယအကြိမ်ကြိုတင်မိန့်တော်မူခြင်း
31ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။ 32အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။ 33ထို့နောက် သူ​တို့​သည် သူ့​ကို​ဒဏ်ခတ်​ရိုက်နှက်​၍ အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
34သို့ရာတွင် တပည့်​တော်​တို့​သည် ထို​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ သဘော​မ​ပေါက်​ကြ။ ထို​အရာ​သည် သူ​တို့​ထံမှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​သည်​ဖြစ်​၍ မိန့်​တော်မူ​သော​အရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။
မျက်မမြင်ကိုမျက်စိပြန်မြင်စေခြင်း
35ကိုယ်တော်​သည် ဂျေရိခေါ​မြို့​အနီး​သို့​ရောက်လာ​စဉ်တွင် မျက်မမြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်းစား​နေ​၏။ 36သူ​သည် လူထု​ပရိသတ်​ဖြတ်​သွား​သည်​ကို​ကြား​၍ မည်သည့်​အရာ​ဖြစ်​နေ​သည်​ကို မေးမြန်း​လေ​၏။ 37လူ​တို့​က​နာဇရက်​မြို့သား​ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း သူ့​အား ပြောပြ​ကြ​လျှင် 38ထို​သူ​က “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။
39ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။
40ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် ထို​သူ​ကို မိမိ​ထံသို့​ခေါ်​ခဲ့​ရန် အမိန့်​ပေး​တော်မူ​၏။ သူ​သည် အနီး​သို့​ရောက်လာ​သောအခါ ကိုယ်တော်​က 41“သင့်​အတွက် မည်သည့်​အမှု​ကို​ပြု​စေ​လို​သနည်း”​ဟု မေး​တော်မူ​လျှင် ထို​သူ​က “မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည် သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ 42ယေရှု​က​လည်း“မျက်စိ​မြင်​စေ။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ”​ဟု မိန့်​တော်မူ​၏။ 43ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။ တွေ့မြင်​သော​သူ​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ