ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။ ဤသည်ကား ကုရေနိမင်းသည် ဆီးရီးယားပြည်၏ဘုရင်ခံဖြစ်စဉ်တွင် ပထမအကြိမ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်၏။ ထိုအခါ လူအပေါင်းတို့သည် သန်းခေါင်စာရင်းဝင်ရန် မိမိတို့ဇာတိမြို့သို့ အသီးသီးသွားကြ၏။ ယောသပ်သည်လည်း ဒါဝိဒ်အမျိုး၊ ဒါဝိဒ်၏အဆက်အနွယ်ဖြစ်သောကြောင့် မိမိနှင့်စေ့စပ်ထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသောမာရိနှင့်အတူ သန်းခေါင်စာရင်းဝင်ရန် ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဗက်လင်မြို့ဟုခေါ်သော ယုဒနယ်ရှိ ဒါဝိဒ်မြို့သို့သွားလေ၏။ ထိုမြို့၌သူတို့ရှိနေကြစဉ် မာရိသည် သားဖွားရန်နေ့လစေ့သဖြင့် သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။ ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။ သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်သည် သင်တို့အတွက် ဖွားမြင်တော်မူပြီ။ သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။ ထိုခဏချင်းတွင် ထိုကောင်းကင်တမန်နှင့်အတူ များစွာသောကောင်းကင်ဗိုလ်ခြေသည်ပေါ်လာ၍ ဘုရားသခင်ကိုချီးမွမ်းကာ “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
ရှင်လုကာခရစ်ဝင် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 2:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ