YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာအနာဂတ္တိကျမ်း 1

1
1ယုဒ​ဘုရင် ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​တို့​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် မောရရှက်​မြို့သား​မိက္ခာ​ထံသို့​ရောက်လာ​၍ ရှမာရိ​မြို့​၊ ဂျေရုဆလင်​မြို့​တို့​နှင့်ပတ်သက်​သော​နိမိတ်အာရုံ​ကို မြင်​ရ​၏​။
အစ္စရေးအမျိုးအနွယ်အပေါ် ကျရောက်လာမည့်စီရင်ချက်
2အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို မြေကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​၊ အာရုံစိုက်​ကြ​လော့​။ သန့်ရှင်း​ရာ​ဗိမာန်တော်​၌​စံ​တော်မူ​သော​အရှင်​၊ ဘုရားရှင်​ထာဝရဘုရား​သည် သင်​တို့​ကို ဆန့်ကျင်​၍ သက်သေခံ​တော်မူ​လိမ့်မည်​။ 3ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် စံနေ​တော်မူ​ရာ​မှ ဆင်း​ကြွလာ​၍ မြေ​ပေါ်ရှိ​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​မည်​။ 4မီး​နှင့်​ထိ​သော​ဖယောင်း​ကဲ့သို့​လည်းကောင်း​၊ တောင်စောင်း​တွင် စီးဆင်း​သော​ရေ​ကဲ့သို့​လည်းကောင်း ခြေ​တော်​အောက်​တွင် တောင်​များ​အရည်ပျော်​၍ ချိုင့်ဝှမ်းလွင်ပြင်​များ​လည်း အက်ကွဲ​ကုန်​လိမ့်မည်​။ 5ဤ​အရာ​အလုံးစုံ​တို့​သည် ယာကုပ်​အမျိုးအနွယ်​၏​ပုန်ကန်မှု​၊ အစ္စရေး​အမျိုးအနွယ်​၏​အပြစ်ကျူးလွန်မှု​ကြောင့် ဖြစ်​၏​။ ယာကုပ်​၏​ပုန်ကန်မှု​ကား အဘယ်​အရာ​နည်း​။ ရှမာရိ​မြို့​မ​ဟုတ်​လော​။ ယုဒ​၏​အထွတ်အမြတ်​ထား​ရာ​ကား အဘယ်​အရာ​နည်း​။ ဂျေရုဆလင်​မြို့​မ​ဟုတ်​လော​။ 6“ထို့ကြောင့် ငါ​သည် ရှမာရိ​မြို့​ကို ကွင်းပြင်​တွင် အပြိုအပျက်ပုံ ဖြစ်​စေ​မည်​။ စပျစ်ခြံ​စိုက်ပျိုး​ရာ​နေရာ ဖြစ်​စေ​မည်​။ ထို​မြို့​ရှိ​ကျောက်တုံး​များ​ကို ချိုင့်ဝှမ်း​ထဲသို့ သွန်ချ​မည်​။ အုတ်မြစ်​များ​ကို​လည်း လှန်ပစ်​မည်​။ 7ထို​မြို့​ရှိ ရုပ်တု​အားလုံး​ကို အစိတ်စိတ်အမွှာမွှာ​ဖြစ်စေ​မည်​။ ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​အားလုံး​ကို မီးလောင်ကျွမ်း​စေ​မည်​။ ရုပ်တု​ရှိသမျှ​ကို​လည်း အပျက်အစီးပုံ​ဖြစ်စေ​မည်​။ သူ​စုဆောင်း​ထား​သော​ပြည့်တန်ဆာ​လုပ်အားခ​သည် ပြည့်တန်ဆာ​အခ ပြန်ဖြစ်​လိမ့်မည်​။”
မိက္ခာငိုကြွေးမြည်တမ်းခြင်း
8ထို့အတွက်ကြောင့် အကျွန်ုပ်​ငိုကြွေး​မြည်တမ်း​မည်​။ ဖိနပ်မစီး​၊ အဝတ်မဝတ်​ဘဲ သွားလာ​မည်​။ ခွေးအ​ကဲ့သို့​အူ​ပြီး ငှက်ကုလားအုတ်​ကဲ့သို့ အော်မြည်​မည်​။ 9အကြောင်းမူကား မပျောက်ကင်း​နိုင်​သော ရှမာရိ​မြို့​၏​ဒဏ်ရာ​များ​သည် ယုဒ​ပြည်​အထိ ရောက်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​ရှိ အကျွန်ုပ်​လူမျိုး​၏​မြို့​တံခါး​သို့ ရောက်​လေ​ပြီ​။
10ဤ​အကြောင်း​ကို ဂါသ​မြို့​၌ မ​ပြောကြား​ကြ​နှင့်​။ လုံးဝ​မ​ငိုကြွေး​ကြ​နှင့်​။ ဗေသောဖရာ​မြို့​တွင် မြေမှုန့်​၌ လူးလှိမ့်​နေ​ကြ​လော့​။ 11အို ရှဖိရ​မြို့သူ​၊ အဝတ်အချည်းစည်း​ဖြင့် အရှက်ကွဲ​လျက် ထွက်သွား​လော့​။ ဇာနန်​မြို့သူ ထွက်​မ​လာ​ဝံ့​။ ငိုကြွေး​နေ​သော​ဗေသဇေလ​မြို့သား​တို့​၊ သင်​တို့​ကို ကာကွယ်​သူ​မ​ရှိ​တော့​ပြီ​။ 12ထာဝရဘုရား​ထံ​တော်​မှ​ဘေးဒဏ်​သည် ဂျေရုဆလင်​မြို့​တံခါး​သို့​ရောက်လာ​ပြီ​ဖြစ်၍ မာရုတ်​မြို့သူ​သည် ကောင်း​သော​အရာ​ကို တောင့်တ​နေ​၏​။ 13အို လာခိရှ​မြို့သူ​၊ မြင်း​ကို စစ်ရထား​၌ က​လော့​။ သင်​သည် ဇိအုန်​သမီးပျို အပြစ်​ပြု​ရာ​အရင်းအမြစ်​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​လူမျိုး ကျူးလွန်​သော​အပြစ်​များ​ကို သင်​၌​တွေ့​ရ​၏​။ 14ထို့ကြောင့် သင်​သည် မောရရှက်ဂါသ​မြို့​ကို နှုတ်ဆက်လက်ဆောင်​များ ပေး​ရ​လိမ့်မည်​။ အာခဇိပ်​မြို့​ရှိ​အိမ်​များ​သည် အစ္စရေး​ဘုရင်​များ​ကို လှည့်စား​သော​အရာ​များ ဖြစ်​လိမ့်မည်​။ 15အို မရေရှ​မြို့သူ​၊ သင့်​အား သိမ်းပိုက်စိုးမိုး​မည့်​သူ​ကို ငါ​ရောက်လာ​စေ​မည်​။ အစ္စရေး​လူမျိုး​၏​ဘုန်းအသရေ​သည် အဒုလံ​မြို့​သို့ ရောက်လာ​လိမ့်မည်​။ 16သင်​ချစ်မြတ်နိုး​သော​သားသမီး​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​ဖြစ်​သောကြောင့် ဆံပင်ညှပ်​၍ ခေါင်းတုံးတုံး​လော့​။ လင်းယုန်ငှက်​ကဲ့သို့ သင့်​ခေါင်း​ကို ပြောင်​စေ​လော့​။

လက်ရှိရွေးချယ်ထားမှု

မိက္ခာအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ