YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 2

2
ဉာဏ်ပညာ၏တန်ဖိုး
1ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍
ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ
2ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက်
ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊
3အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့
သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊
4ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍
ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့
ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း
5သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍
ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။
6အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။
အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။
7ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍
တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
8တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍
မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။
9ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့်
ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။
10ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍
အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ
11အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍
ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့်
12မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊
ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း
သင့်​ကို​ကယ်နုတ်​လိမ့်မည်​။
13သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍
မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊
14မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍
ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊
15ကွေ့ကောက်​သော​လမ်းစဉ်​နှင့်
သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။
16အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော
ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။
17ထို​မိန်းမ​သည် မိမိ​ပျိုရွယ်​စဉ်​ကတည်းက ပေါင်းဖော်​ခဲ့​သော​သူ​ကို​စွန့်ပစ်​၍
မိမိ​ဘုရားသခင်​၏​ပဋိညာဉ်​ကို မေ့လျော့​သူ​ဖြစ်​၏​။
18သူ​၏​အိမ်​သည် သေ​ခြင်း​သို့​လည်းကောင်း​၊
သူ​၏​လမ်း​တို့​သည် သေသူ​၏ ဝိညာဉ်​များ ရှိ​ရာ​သို့​လည်းကောင်း ဆင်းသွား​၏​။
19သူ့​ထံသို့​သွား​သော​သူ​တစ်စုံတစ်ဦး​မျှ ပြန်​မ​လာ​တော့​ပေ​။
အသက်ရှင်​ခြင်း​လမ်း​သို့​လည်း မ​ရောက်​နိုင်​တော့​ပေ​။
20သို့ဖြစ်၍ သင်​သည် သူတော်ကောင်း​တို့​၏​လမ်း​ကို​လိုက်​၍
ဖြောင့်မတ်​သော​သူ​တို့​၏​လမ်းစဉ်​တို့​ကို စောင့်ထိန်း​ရ​မည်​။
21ဖြောင့်မှန်​သော​သူ​တို့​သည် ပြည်​တော်​၌​နေထိုင်​ရ​၍
အပြစ်တင်စရာမရှိ​သော​သူ​တို့​သည် ထို​ပြည်​၌​မြဲ​ကြ​လိမ့်မည်​။
22ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​မှ ဖယ်ရှား​ခြင်း​ခံရ​၍
သစ္စာမဲ့​သော​သူ​တို့​သည် ထို​ပြည်​မှ​နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ