YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 30

30
အာဂုရ၏ဩဝါဒစကားများ
1ယာကေ​၏​သား​အာဂုရ​၏​ဩဝါဒ​စကား​များ​။
အာဂုရ​သည် ဣသေလ​အား​၊ ဣသေလ​နှင့်​ဥကလ​တို့​အား မိန့်ကြား​သည်​ကား
2အကယ်စင်စစ် ငါ​သည် လူ​တကာ​တို့​ထက်
အသိတရားမဲ့​၍ ငါ​၌​လူ့​အသိဉာဏ်​မ​ရှိ​။
3ငါ​သည် ဉာဏ်ပညာ​ကို​မ​သင်ယူ​။
သန့်ရှင်း​သော​အရှင်​ကို​သိ​သော​ဉာဏ်​လည်း ငါ​၌​မ​ရှိ​။
4မည်သူ​သည် ကောင်းကင်​သို့​တက်​ပြီး ပြန်ဆင်းလာ​သနည်း​။
မည်သူ​သည် လေ​ကို မိမိ​လက်ခုပ်​ထဲ ထည့်​ထား​သနည်း​။
မည်သူ​သည် ရေ​ကို မိမိ​၏​အဝတ်​ဖြင့် ထုပ်​ထား​သနည်း​။
မည်သူ​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​ကို တည်​ထား​သနည်း​။
ထို​သူ​၏​အမည်​ကား မည်သို့နည်း​။
သူ့​သား​၏​အမည်​ကား မည်သို့နည်း​။ သင်​သိ​သလော​။
5ဘုရားသခင်​၏​မိန့်​တော်မူ​ချက်​ရှိသမျှ​သည် ခိုင်လုံ​မှန်ကန်​၏​။
ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် ကိုယ်တော်​သည် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။
6ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​အပေါ် ထပ်မံ​၍​မ​ဖြည့်စွက်​နှင့်​။
ဖြည့်စွက်​လျှင် ကိုယ်တော်​သည် သင့်​ကို​ဆုံးမ​သဖြင့် သင်​သည် လိမ်လည်​သော​သူ​ဖြစ်သွား​လိမ့်မည်​။
7ကိုယ်တော်​ထံမှ​ဆု​နှစ်​ပါး​ကို အကျွန်ုပ်​တောင်းလျှောက်​ပါ​၏​။
အကျွန်ုပ်​မ​သေ​မီ ထို​အရာ​တို့​ကို အကျွန်ုပ်​အား​မပေး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်​။
8မဟုတ်မမှန်​သော​အရာ​နှင့် လိမ်လည်​သော​စကား​ကို
အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​။
ဆင်းရဲ​ခြင်း​ကို​လည်းကောင်း​၊ ကြွယ်ဝချမ်းသာ​ခြင်း​ကို​လည်းကောင်း
အကျွန်ုပ်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​အတွက်​လိုအပ်​သော​အစာ​ကို​သာ
အကျွန်ုပ်​အား ပေး​တော်မူ​ပါ​။
9သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍
“​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။
သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ
အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။
10အစေအပါး​အကြောင်း​ကို သူ့​သခင်​ထံ မတရား​စွပ်စွဲ​ပြောဆို​ခြင်း​မ​ပြု​နှင့်​။
ထိုသို့​ပြု​လျှင် ထို​အစေအပါး​သည် သင့်​ကို​ကျိန်ဆဲ​၍ သင်​၌​အပြစ်​သင့်ရောက်​လိမ့်မည်​။
11မိမိ​၏​ဖခင်​ကို​ကျိန်ဆဲ​၍
မိမိ​၏​မိခင်​ကို ကောင်းချီး​မ​ပေး​သော​သူ​များ​ရှိ​၏​။
12မိမိ​၏​အညစ်အကြေး​ကို မ​ဆေးကြော​ဘဲ
ကိုယ့်ကိုယ်ကိုယ်​စင်ကြယ်​သည်​ဟု ထင်မြင်​သော​သူ​များ​ရှိ​၏​။
13မျက်နှာ​အလွန်​ထောင်လွှား​၍
မိမိ​မျက်လွှာ​ကို ပင့်​ထား​သော​သူ​များ​ရှိ​၏​။
14အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊
နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန်
သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။
15မျှော့​၌ “​ပေး​ပါ​၊ ပေး​ပါ​”​ဟု ဆို​သော​သမီး​နှစ်​ယောက်​ရှိ​၏​။
အလို​မ​ပြည့်စုံ​နိုင်​သော​အရာ​သုံး​ပါး​မက “​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​အရာ​လေး​ပါး​မှာ
16မရဏာနိုင်ငံ​၊ မြုံ​သော​ဝမ်း​၊ ရေ​မ​ဝ​နိုင်​သော​မြေကြီး​နှင့်
“​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​မီး​တို့​ဖြစ်​ကြ​၏​။
17ဖခင်​ကို​ပြက်ရယ်ပြု​၍ မိခင်​အား​နာခံ​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​သော​မျက်စိ​ကို
လျှိုမြောင်​၌​ရှိ​သော​ကျီးကန်း​တို့​သည် ဖောက်ထုတ်​၍ လင်းတ​၏​သားပေါက်​တို့​သည် စား​ကြ​လိမ့်မည်​။
18ငါ​အံ့မခန်း​ဖြစ်​ရ​သော​အရာ​သုံး​ပါး​မက
ငါ​နား​မ​လည်​နိုင်​သော​အရာ​လေး​ပါး​မှာ
19မိုးကောင်းကင်​၌​လင်းယုန်​သွား​ရာ​လမ်း​၊
ကျောက်ဆောင်​ပေါ်၌​မြွေ​သွား​ရာ​လမ်း​၊
ပင်လယ်​အလယ်​၌​သင်္ဘော​သွား​ရာ​လမ်း​နှင့်
မိန်းမပျို​နှင့်အတူ​ယောက်ျား​သွား​ရာ​လမ်း​တို့​ဖြစ်​ကြ​၏​။
20အိမ်ထောင်ရေးဖောက်ပြန်​သော မိန်းမ​၏​လမ်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။
သူ​သည် စားသောက်​ပြီးမှ မိမိ​၏​ပါးစပ်​ကို​သုတ်​ပြီး “​မည်သည့်​အပြစ်ဒုစရိုက်​ကို​မျှ ငါ​မ​ပြု​”​ဟု ဆို​တတ်​၏​။
21မြေကြီး​လှုပ်ခတ်​ရ​သော​အကြောင်းခြင်း​ရာ​သုံး​ပါး​မက
မြေကြီး​မ​ခံ​နိုင်​သော​အကြောင်းခြင်း​ရာ​လေး​ပါး​မှာ
22ကျွန်​က မင်းပြု​ခြင်း​၊ မိုက်မဲ​သော​သူ​က အစာ​ဝ​ခြင်း​၊
23မုန်းစရာ​ကောင်း​သော​မိန်းမ​က လက်ထပ်​ရ​ခြင်း​နှင့်
ကျွန်မ​က သူ့​သခင်မ​၏​အမွေ​ကို​ဆက်ခံ​ရ​ခြင်း​တို့​ဖြစ်​ကြ​၏​။
24ကမ္ဘာမြေကြီး​ပေါ်မှာ သေးငယ်​သော်လည်း
အလွန်​ပညာရှိ​သည့် အရာ​လေး​ပါး​မှာ
25ခွန်အားကြီး​သော​အမျိုး​မ​ဟုတ်​သော်လည်း
နွေရာသီ​၌ မိမိ​တို့​၏​အစားအစာ​ကို ပြင်ဆင်​တတ်​သော​ပုရွက်ဆိတ်​များ​၊
26အင်အားကြီး​သော​အမျိုး​မ​ဟုတ်​သော်လည်း
မိမိ​တို့​အိမ်​ကို ကျောက်​ထဲတွင်​တည်​တတ်​သော ရှာဖန်ယုန်​များ​၊
27ဘုရင်​မ​ရှိ​သော်လည်း
တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်
28လက်​ဖြင့်​ပင်​ဖမ်းယူ​နိုင်​သော်လည်း
ဘုရင့်​နန်းတော်​တို့​တွင်​နေ​တတ်​သော​အိမ်မြှောင်​တို့ ဖြစ်​ကြ​၏​။
29ခံ့ညား​စွာ​ခြေလှမ်း​လှမ်း​တတ်​သော​အရာ​သုံး​ပါး​မက
ခံ့ညား​စွာ​လှမ်းလျှောက်​တတ်​သော​အရာ​လေး​ပါး​မှာ
30တိရစ္ဆာန်​ထဲတွင်​ခွန်အားကြီး​၍
မည်သည့်​အရာ​၏​ရှေ့​က​မျှ နောက်ပြန်​မ​လှည့်​တတ်​သော​ခြင်္သေ့​၊
31ဟန်ပါမာန်ပါ​လျှောက်​တတ်​သော​ကြက်ဖ#30:31 “ခွေးသမင်”ဟူ၍လည်း ပြန်ဆိုနိုင်၏။​၊ သို့မဟုတ်
ဆိတ်ထီး​၊ စစ်သည်​အလုံးအရင်း​ခြံရံ​ထား​သော#30:31 “သူ့ကိုဆန့်ကျင်တွန်းလှန်သူမရှိသော”ဟူ၍လည်း ပြန်ဆိုနိုင်၏။ ရှင်ဘုရင်​တို့​ဖြစ်​ကြ​၏​။
32သင်​သည် မိမိကိုယ်ကို​ချီးမြှောက်​လျက် မိုက်မဲ​စွာ​ပြုမူ​ခဲ့​လျှင်​၊
သို့မဟုတ် မကောင်း​ကြံစည်​ခဲ့​လျှင် သင်​၏​နှုတ်​ကို​လက်​နှင့်​ပိတ်​ထား​လော့​။
33အကြောင်းမူကား နို့​ကို​မွှေ​လျှင် ထောပတ်​ကို​ရ​၍
နှာခေါင်း​ကို​ဆွဲလိမ်​လျှင် သွေး​ထွက်​တတ်​သကဲ့သို့ ဒေါသ​ကို​မွှေ​လျှင် ခိုက်ရန်​ဖြစ်ပွား​တတ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ