ဆာလံကျမ်း 138
138
ကျေးဇူးတော်ချီးမွမ်းသောနှလုံးသား
ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို
စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။
ဘုရားများရှေ့၌ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
2အကျွန်ုပ်သည် ကိုယ်တော်၏သန့်ရှင်းသော ဗိမာန်တော်သို့မျက်နှာမူ၍ ရှိခိုးကိုးကွယ်ပါမည်။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်သမ္မာတရားအတွက်
နာမတော်ကိုချီးမွမ်းပါမည်။
အကြောင်းမူကား ကိုယ်တော်သည်
နာမတော်နှင့်ကတိတော်တို့ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။
3အကျွန်ုပ်ခေါ်သောနေ့၌ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အစွမ်းသတ္တိနှင့်ပြည့်စေတော်မူ၏။
4အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည်
ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍
ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။
5ထာဝရဘုရား၏လမ်းတော်တို့အကြောင်းကိုလည်း သီကျူးကြပါလိမ့်မည်။
အကြောင်းမူကား ထာဝရဘုရား၏ဘုန်းအသရေတော်သည် ကြီးမားလှပါ၏။
6အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။
ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။#ယာ 4:6၊ ၁ပေ 5:5။
7အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း
ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။
ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌
မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့်
အကျွန်ုပ်ကိုကယ်တင်တော်မူမည်။
8ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။
ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 138: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative