ဆာလံကျမ်း 55
55
မိတ်ဆွေ၏သစ္စာဖောက်ခြင်းခံရသူ၏ဆုတောင်းချက်
ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာများဖြင့်၊ ဒါဝိဒ်၏အလိမ္မာသီချင်း
1အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်အသနားခံသည်ကိုလည်း လျစ်လျူရှုတော်မမူပါနှင့်။
2အကျွန်ုပ်ကိုအာရုံစိုက်နားထောင်၍ အကျွန်ုပ်ကို ထူးတော်မူပါ။
အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဒုက္ခကြောင့် နေမထိထိုင်မသာဖြစ်ပြီး စိတ်ရှုပ်ထွေးနေပါ၏။
3ရန်သူ၏အသံနှင့် ဆိုးယုတ်သောသူ၏ဖိစီးမှုကြောင့် စိတ်ရှုပ်ထွေးနေပါ၏။
အကြောင်းမူကား သူတို့သည် အကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခကျရောက်စေ၍ အကျွန်ုပ်ကိုအမျက်ထွက်လျက် အငြိုးထားကြပါ၏။
4အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်လျက်နေပါ၏။
သေခြင်းနှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများသည် အကျွန်ုပ်အပေါ်ကျရောက်လာပါ၏။
5ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်တုန်လှုပ်ခြင်းသည် အကျွန်ုပ်အပေါ်ကျရောက်၍
ကြောက်ရွံ့စိတ်သည်လည်း အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။
6ထိုအခါ ငါက “ငါ၌ ချိုးငှက်ကဲ့သို့အတောင်ရှိခဲ့လျှင်
ငါသည် ပျံသန်းသွား၍ နားနေပေလိမ့်မည်။
7ကြည့်ရှုလော့။ ငါသည် ဝေးရာသို့ထွက်ပြေး၍
တောကန္တာရ၌နေပေလိမ့်မည်။(စေလာ#55:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8လေပြင်းဘေးမှလည်းကောင်း၊ မုန်တိုင်းဘေးမှလည်းကောင်း
လွတ်မြောက်ရာသို့ ငါအလျင်အမြန်သွားပေလိမ့်မည်”ဟု ဆို၏။
9အို ဘုရားရှင်၊ သူတို့၏စကားကို ရှုပ်ထွေးကွဲပြားစေတော်မူပါ။
အကြောင်းမူကား အကျွန်ုပ်သည် မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှုကို တွေ့မြင်ရပါ၏။
10သူတို့သည် ထိုမြို့ကို ၎င်း၏မြို့ရိုးပေါ်မှ နေ့ညမပြတ်လှည့်ပတ်ကြပါ၏။
အပြစ်ဒုစရိုက်နှင့်အခက်အခဲပြဿနာသည်လည်း ထိုမြို့ထဲ၌ရှိပါ၏။
11ယုတ်မာစဉ်းလဲမှုသည် ထိုမြို့ထဲ၌ရှိ၍ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်လိမ်လည်လှည့်ဖြားခြင်းသည် ထိုမြို့၏လမ်းမပေါ်မှ မည်သည့်အခါမျှ ထွက်ခွာလိမ့်မည်မဟုတ်ပါ။
12အမှန်စင်စစ် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူသည် ရန်သူမဟုတ်။ ဟုတ်လျှင် ငါခံနိုင်ခဲ့ပေလိမ့်မည်။
ငါ့တစ်ဖက်၌ မိမိကိုယ်ကိုချီးမြှောက်သောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။
ဟုတ်လျှင် သူမမြင်အောင် ငါပုန်းရှောင်ခဲ့ပေလိမ့်မည်။
13သို့သော် ထိုသူမှာ ငါကဲ့သို့သောလူသားတစ်ဦးဖြစ်ပြီး
ငါ့အပေါင်းအဖော်၊ ငါ့အသိမိတ်ဆွေဖြစ်သော သင်ပင်ဖြစ်ပါသည်တကား။
14ငါတို့သည် အချင်းချင်း ရင်းနှီးစွာဆွေးနွေးတိုင်ပင်ကြပြီး
ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့်အတူ သွားခဲ့ကြ၏။
15သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။
အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
16ငါသည် ဘုရားသခင်ကိုခေါ်၍ ထာဝရဘုရားသည်
ငါ့ကိုကယ်တင်တော်မူ၏။
17နေဝင်ချိန်၊ နံနက်ချိန်၊ မွန်းတည့်ချိန်တွင် ငါသည် ညည်းတွားပြောဆိုလျက် အော်ဟစ်မြည်တမ်းသောအခါ
ကိုယ်တော်သည် ငါ၏အသံကိုကြားတော်မူလိမ့်မည်။
18များစွာသောသူတို့သည် ငါ့ကိုဆန့်ကျင်ကြသော်လည်း ကိုယ်တော်သည် ငါရင်ဆိုင်ရသောစစ်မက်ထဲမှ
ငါ၏စိတ်ဝိညာဉ်ကို ဘေးကင်းစွာ ရွေးနုတ်ကယ်တင်တော်မူ၏။
19ရှေးကာလကပင် စိုးစံတော်မူသောဘုရားသခင်သည် ကြား၍ သူတို့ကိုနှိမ့်ချတော်မူလိမ့်မည်။(စေလာ#55:19 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
သူတို့သည် မည်သည့်အခါမျှပြောင်းလဲခြင်းမရှိကြ။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းလည်းမရှိကြ။
20ထိုသို့သောသူသည် သူ၏မိတ်ဆွေများကို လက်ရောက်ကျူးလွန်၍
သူ၏ပဋိညာဉ်ကို ရှုတ်ချလေပြီ။
21သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။
သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
22သင်၏ဝန်ထုပ်ဝန်ပိုးကို ထာဝရဘုရားထံ၌ ချထားလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကိုထောက်မတော်မူလိမ့်မည်။
ကိုယ်တော်သည် ဖြောင့်မတ်သောသူကို မည်သည့်အခါမျှ တုန်လှုပ်စေတော်မူမည်မဟုတ်။
23သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။
သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။
အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 55: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative