ဆာလံကျမ်း 56
56
ကယ်မတော်မူရန် ဘုရားသခင်ထံတောင်းလျှောက်ခြင်း
ဂီတမှူးအတွက်၊ “ဝေးသောအရပ်၌ တိတ်ဆိတ်နေသောချိုးငှက်” သံစဉ်၊ ဖိလိတ္တိလူမျိုးတို့သည် ဒါဝိဒ်ကို ဂါသမြို့တွင်ဖမ်းဆီးကြသောအခါ ဒါဝိဒ်စပ်ဆိုသောမိတ္တမ်သီချင်း
1အို ဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။
အကြောင်းမူကား လူတို့သည် အကျွန်ုပ်ကိုနင်းချေ၍ တစ်နေ့လုံးတိုက်ခိုက်ညှဉ်းဆဲကြပါ၏။
2အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံးနင်းချေကြပါ၏။
အမှန်စင်စစ် များစွာသောသူတို့သည် ထောင်လွှားသောစိတ်ဖြင့် အကျွန်ုပ်ကိုတိုက်ခိုက်ကြပါ၏။
3အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ
ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။
4ဘုရားသခင်ကိုအမှီပြု၍ နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။
ငါသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသည်ဖြစ်၍ ကြောက်ရွံ့မည်မဟုတ်။
လူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။#ဆာ 56:11၊ 118:6၊ ဟေဗြဲ 13:6။
5သူတို့သည် ငါ၏စကားတို့ကို တစ်နေ့လုံး လိုရာဆွဲ၍ မမှန်မကန်ပြောဆိုကြ၏။
သူတို့၏အကြံအစည်ရှိသမျှတို့သည် ငါ့အပေါ် ဘေးအန္တရာယ်ကျရောက်စေရန်ဖြစ်၏။
6သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ
ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
7သူတို့သည် ထိုအပြစ်ဒုစရိုက်နှင့်ပင် လွတ်မြောက်ကြမည်လော။
အို ဘုရားသခင်၊ အမျက်တော်အားဖြင့် လူမျိုးတို့ကို နိမ့်ကျစေတော်မူပါ။
8အကျွန်ုပ်၏လှည့်လည်သွားလာနေရခြင်းကို ကိုယ်တော်မှတ်တမ်းတင်တော်မူပြီ။
အကျွန်ုပ်၏မျက်ရည်တို့ကို ကိုယ်တော်၏သားရေဘူးထဲ၌ထည့်ထားတော်မူပါ။
၎င်းတို့သည် ကိုယ်တော်၏မှတ်တမ်းထဲတွင် ရှိကြသည်မဟုတ်လော။
9သို့ဖြစ်၍ ကိုယ်တော်ကို ငါခေါ်သောနေ့၌ ငါ၏ရန်သူတို့သည် နောက်ပြန်ဆုတ်ကြလိမ့်မည်။
ဤအမှုအားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ရှိတော်မူသည်ကို ငါသိ၏။
10ဘုရားသခင်အားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။
ထာဝရဘုရားအားဖြင့် နှုတ်ကပတ်တော်ကို ငါချီးမွမ်းမည်။
11ငါသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသည်ဖြစ်၍ ကြောက်ရွံ့မည်မဟုတ်။
လူသည် ငါ့ကိုမည်သို့ပြုနိုင်မည်နည်း။#ဆာ 56:4၊ 118:6၊ ဟေဗြဲ 13:6။
12အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။
အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
13အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်တော်မူပြီ။
အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌ အသက်၏အလင်းထဲတွင် လျှောက်လှမ်းနိုင်ရန်
အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းနှင့် ကင်းစေတော်မူသည်မဟုတ်လော။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 56: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative