ဆာလံကျမ်း 73
73
အပိုင်း (၃)
ဆာလံကျမ်း ၇၃-၈၉
ဘုရားသခင်၏အလိုတော်လမ်းကို သက်သေထူခြင်း
အာသပ်၏ဆာလံ
1အကယ်စင်စစ် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အပေါ်၊
စိတ်နှလုံးဖြူစင်သောသူတို့အပေါ် ကောင်းမြတ်တော်မူ၏။
2သို့သော် ငါမူကား ခြေချော်လုမတတ်၊
ခြေလှမ်းလွဲလုမတတ်ဖြစ်ခဲ့၏။
3အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍
ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
4အကြောင်းမှာ ထိုသူတို့သည် သေသည့်အချိန်အထိ ဝေဒနာကို မခံစားကြရပေ။
သူတို့၏ကိုယ်ခန္ဓာသည်လည်း ဝဖြိုးလျက်ရှိ၏။
5လူတို့ကြုံရသည့်အခက်အခဲပြဿနာမျိုး သူတို့၌မရှိ။
အခြားသောသူများကဲ့သို့ ထိပါးနှောင့်ယှက်ခြင်းကိုလည်း မခံရ။
6ထို့ကြောင့် မာန်မာနသည် သူတို့၏လည်ဆွဲဖြစ်၏။
ရက်စက်ကြမ်းကြုတ်မှုအဝတ်သည် သူတို့ကိုလွှမ်းခြုံထား၏။
7သူတို့၏မျက်စိသည် အဆီဖြင့်မို့မောက်လျက်ရှိ၏။
သူတို့၏စိတ်အာရုံသည် အထိန်းအကွပ်မဲ့လျက်ရှိ၏။
8သူတို့သည် ပြက်ရယ်ပြု၍ ဆိုးညစ်စွာပြောဆိုတတ်ကြ၏။
ထောင်လွှားသောစိတ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို ပြောဆိုတတ်ကြ၏။
9သူတို့၏နှုတ်သည် ကောင်းကင်နှင့်ဆန့်ကျင်ဘက်ပြု၍
သူတို့၏လျှာသည်လည်း ကမ္ဘာမြေကြီးကို လှည့်လည်တတ်၏။
10ထို့ကြောင့် ကိုယ်တော်၏လူမျိုးတော်တို့သည် သူတို့ဘက်သို့လှည့်သွား၍
သူတို့၏ချမ်းသာကြွယ်ဝခြင်းရေကို သောက်ကြ၏။
11သူတို့က “ဘုရားသခင်သည် မည်သို့သိမည်နည်း။
အမြင့်ဆုံးသောအရှင်၌ အသိပညာရှိပါမည်လော”ဟု ဆိုတတ်ကြ၏။
12ကြည့်ရှုလော့။ ဤသည်ကား အစဉ်အမြဲအေးချမ်းစွာနေရသည့် ဆိုးယုတ်သောသူတို့ပေတည်း။
သူတို့သည် ဥစ္စာပစ္စည်းတိုးပွားတတ်ကြ၏။
13အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍
ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။
14ငါသည် ထိပါးနှောင့်ယှက်ခြင်းကို တစ်နေ့လုံးခံရ၏။
ဆိုဆုံးမခြင်းကိုလည်း နံနက်တိုင်းခံရ၏။
15“ဤသို့ပြောဆိုမည်”ဟု အကျွန်ုပ်ဆိုခဲ့လျှင်
ကိုယ်တော့်သားသမီးများ၏မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်ပါလိမ့်မည်။
16ဤအမှုကိုနားလည်ရန် အကျွန်ုပ်စဉ်းစားသောအခါ
အကျွန်ုပ်အမြင်၌ ခက်ခဲသောအမှုဖြစ်ပါ၏။
17အကျွန်ုပ်သည် ဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သည့်အခါမှသာ
သူတို့၏နိဂုံးကို သိရှိနားလည်ရပါ၏။
18အကယ်စင်စစ် ကိုယ်တော်သည် ချောသောနေရာများတွင် သူတို့ကိုထား၍
ပျက်စီးဆိတ်သုဉ်းသောအရပ်သို့ သူတို့ကိုကျစေတော်မူ၏။
19သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍
ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
20အိပ်မက်မှ နိုးလာသကဲ့သို့
အို ဘုရားရှင်၊ ကိုယ်တော်နိုးတော်မူသောအခါ
သူတို့၏ရုပ်သွင်ကို မေ့ပျောက်တော်မူလိမ့်မည်။
21အကျွန်ုပ်၏စိတ်နှလုံးသည် မခံချိမခံသာဖြစ်၍
အကျွန်ုပ်၏အတွင်းသဘောသည် ထိုးဆွခြင်းခံရသောအခါ
22အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။
ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
23သို့သော် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိခဲ့ပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏လက်ယာလက်ကို ကိုင်ထားတော်မူ၏။
24ကိုယ်တော်၏အကြံဉာဏ်အားဖြင့် အကျွန်ုပ်ကိုရှေ့ဆောင်လမ်းပြတော်မူပြီးနောက်
ဘုန်းအသရေတော်ထဲသို့ ခေါ်ဆောင်တော်မူလိမ့်မည်။
25ကောင်းကင်ဘုံ၌ ကိုယ်တော်မှတစ်ပါး အကျွန်ုပ်တွင် မည်သူရှိသနည်း။
မြေကြီးပေါ်၌လည်း ကိုယ်တော်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ အကျွန်ုပ်အလိုမရှိပါ။
26အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း
ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊
အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
27အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးကွာသောသူတို့သည် ပျက်စီးကြရလိမ့်မည်။
ကိုယ်တော်အပေါ်သစ္စာမရှိ၊ ဖောက်ပြန်မှားယွင်းသောသူရှိသမျှတို့ကို
ကိုယ်တော်သည် ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
28အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန်
ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 73: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative